Wednesday, May 14, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း(၅)




တပ်အင်အား အနေအထား

ဆွန်ဇုက ဤသို့မိန့်ဆိုထား၏ ... .. .

တပ်မကြီးတစ်ခုလုံးကို ကိုင်တွယ်အုပ်ချုပ်ရသည်မှာ တပ်စုငယ်ကိုကိုင်တွယ် အုပ်ချုပ် ရသည့်နှယ် မခြားပေ။ အကြောင်းကား တပ်ကိုအဆင့်ဆင့် ပိုင်းခြားဖွဲ့စည်း ကွပ်ကဲ အုပ်ချုပ်မှုပေါ်တည်၏။ တပ်အလုံး အရင်းကို အမိန့်ပေးတိုက်ပွဲဆင်နွှဲရာမှာလည်း တပ်စု ငယ်ကို အမိန့်ပေးတိုက်ခိုက်စေသည်နှင့် မခြားပေ။ ဤကား အချက်ပြဆက်သွယ် အမိန့်ပေးညွှန်ကြား လှုပ်ရှားစေခြင်းပေါ်တည်၏။ တပ်မတော်အင် အားတစ်ခုလုံး ရန်သူ၏တိုက်ခိုက်ထိုးနှက်ခြင်းကို ခံရသော်လည်းမရှုံးမနိမ့်ပဲ ကြံ့ကြံ့ခံနိုင်ခြင်းကား တိုက် ရိုက်တိုက်နည်းနှင့် သွယ်ဝိုက်တိုက်နည်းဟူသော စစ်ပရိယာယ်လှည့်စား ကစားမှုပေါ်တွင်တည်ပေသည်။


တပ်အင်အားကို အားပြုအသုံးချတိုက်ခိုက်ရာတွင် ပမာအားဖြင့် ဥငယ်ကို ခဲကြီးဖြင့် ထုနှက်သည့်နှယ် ရှိရမည်။ ဤကား အားကြီးခြင်းနှင့် အားနည်းခြင်း လက္ခဏာ သဘော တည်း။ ယေဘုယျအားဖြင့် တိုက်ပွဲများ ဆင်နွှဲရာတွင် တိုက်ရိုက်နည်းဖြင့် လှုပ်ရှားရင်ဆိုင်ပြီး သွယ်ဝိုက်နည်းဖြင့် လှည့်စားတိုက်ခိုက် ၍ အောင်ပွဲ ရယူရာ၏။ သွယ်ဝိုက်နည်းများဖြင့် ကျွမ်းကျင်စွာ စစ်တိုက်တတ်သူတို့သည် ၎င်းတို့၏တိုက်နည်း ခိုက်နည်း ကား မိုးမဆုံးမြေမဆုံးအောင်ပင် အပြောင်းအလဲအမျိုးမျိုး ဖြစ်ပေါ်စေ လျှက် ထွေလီများပြားလှပါ သည်။   ချောင်းရေမြစ်ရေများ တသွင်သွင်စဉ်ဆက်မပြတ် စီးဆင်းသည့်နှယ် မကုန်ခမ်းနိုင်အောင် ရှိပါပေသည်။



နေ-လ သို့နှယ် ပေါ်ထွန်းပျောက်ကွယ် ဆန်းဆုတ်လည်ပတ် အဖန်တလဲလဲ အစဉ် အမြဲ ဖြစ်တည်နေ၏။ ဥတုရာသီတို့သို့နှယ် ကုန်ဆုံးရာမှ တစ်လှည့်စီ အဖန်ဖန် ပြန် လည် သက်ဝင်ရှင်သန်လာမြဲရှိပေသည်။ အသံတွင် သံစဉ်ငါးမျိုးရှိ၏။



၎င်းသံစဉ်များ ပေါင်းစပ်ပြောင်းလဲ ပေါ်ထွက်လာသည့် အသီးသီးသော သံစုံများ ကား နားဆင်၍မကုန်မခမ်းနိုင်အောင် ရှိပါပေသည်။ အရောင်တွင် ရောင်စဉ်ငါးမျိုးရှိ၏။ ၎င်းရောင်စဉ် များ   ပေါင်းစပ်ပြောင်းလဲ ထွက်ပေါ်လာသည့် အသီးသီးသော ရောင်စုံ များကား ရှုချင့်ဖွယ်မကုန်အောင် များပြား လှပါပေသည်။ အရသာတွင် ရသငါးမျိုးရှိ၏။ ၎င်းရသများ ပေါင်းစပ်ပြောင်းလဲ ဖြစ်ပေါ်လာသည့် အသီး သီးသော ရသစုံများကား   မြည်းစမ်း၍မကုန်အောင် များပြားလှပေသည်။



ထိုနည်းလည်းကောင်းပင် တိုက်ပွဲဆင်မှုအနေအထားတွင် တိုက်ရိုက်တိုက်နည်းနှင့် သွယ်ဝိုက် တိုက်နည်းနှစ် မျိုးသာရှိ၏။ သို့လင့်ကစား ထိုတိုက်ရိုက်တိုက်နည်းနှင့် သွယ်ဝိုက်တိုက်နည်းတို့ အဆင့်ဆင့်ပေါင်း စပ်ဖြစ် ထွန်း    ပေါ်ပေါက်လာသော နည်းတို့မူကား မရေမတွက်နိုင်အောင် များပြားလှပေသည်။ သွယ်ဝိုက်နည်းနှင့် တိုက် ရိုက်နည်းတို့သည် အပြန်အလှန်တည်မှီ ရှင်သန်နေသည့်အလျောက် အဆုံးအစမရှိ စက်ဝိုင်းကြီး လည် ပတ်နေ သည့်နှယ် မရေမတွက်နိုင်အောင် အဖန်ဖန်တလဲလဲ   ဖြစ်ပေါ်နေပေသည်။ ဤသည်ကို အဘယ် မှာလျှင် ကုန်ခမ်းအောင် သုံးနိုင်ပါမည် နည်း။



ရေအလျဉ်အစီးသန်ပြီး ကျောက်တုံးကျောက်ခဲများကို တိုက်စားမျောပါအောင် စွမ်းဆောင်နိုင်ခြင်းကား အရှိန်အဟုန်အားကြောင့်ဖြစ်၏။ စွန်ရဲသိမ်းငှက်များ အလျင်ဖြင့် ထိုးသုတ်ပြီး သားကောင်များကို သတ်ဖြတ် ကိုက်ချီနိုင်ခြင်းကား ချိန်သားကိုက် စွမ်းဆောင်နိုင်သောကြောင့်ဖြစ်၏။ ထို့ကြောင့် စစ်ရေးကျွမ်းကျင်သူတို့ ထိုးစစ်ဆင်နွှဲ တိုက်ခိုက်လာသော အင်အားအရှိန်အဟုန် မှာ ကြောက်မက်ဖွယ် ပြင်းထန်အားေ ကာင်းလှပေ သည်။ ချိန်သားကိုက် တိကျမှန်ကန်စွမ်းဆောင်တိုက်ခိုက်နိုင်မှုမှာ တိုတောင်းလျှင်မြန်လှပေသည်။ ပမာပြုပြော ရလျှင် အင်အားအရှိန်အဟုန်အနေအ ထားမှာ လေးညှို့ကို တင်းတင်းဆွဲထားသည့်နှယ်ရှိပြီး ချိန်သားကိုက်အနေအထား မှာ လေးညှို့ခလုတ်ကို ဆွဲဖြုတ်လိုက်သည့် တဒင်္ဂနှယ်ရှိချေသည်။



တိုက်ပွဲဆင်နွှဲရာတွင် အလံတံခွန်များ ရှုတ်ယှက်ယောက်ယက်ခတ်ပြီး   မြင်းရော လူပါခွဲခြားမရအောင် လုံးလုံးထွေးထွေးဖြစ်နေသည့်ကြားက မိမိတပ်အင်အားကို စုရုံးညီညာစည်းကမ်းတကျရှိအောင် ဦးစီး ဦးဆောင် တိုက်နိုင်ရမည်။



တပ်အင်အားအလုံးအရင်းချီပြီး အုတ်အော်သောင်းတင်း တစ်ဖက်နှင့် တစ်ဖက် ရုန်းရင်းဆန်ခတ် အမြင်ရှုပ်ထွေးနေသောအခြေအနေ၌ တိုက်ပွဲဆင်ရသော် မိမိတပ် အင်အားကို အချိတ် အဆက်မိမိ၊ တိုက်ကွက်ကျကျစီစဉ်၍ မရှုံးမလန်အောင် ဦးစီး ဦးဆောင်တိုက်နိုင်ရမည်။



စည်းကမ်းတကျ ထိန်းကွပ်မှုအတွင်း ဗရမ်းဗတာစည်းလွတ်ဝါးလွတ်ခြင်း များ ဖြစ်ပေါ် တတ်၏။ သူရသတ္တိဗျတ္တိ ထက်မြက်မှုအတွင်း သူရဲဘောကြောင် ကြောက်ရွံ့ထိန့် လန့်ခြင်းများ ဖြစ်ပေါ်တတ်၏။ ကြံ့ခိုင်တောင့်တင်း အားကောင်းမှုအတွင်း ပျော့ညံ့အား နည်းခြင်းများ ဖြစ်ပေါ်တတ်၏။

 (တစ်နည်းအဓိပ္ပါယ် ဖွင့်ဆိုချက်မှာ ... ဗရမ်းဗတာ စည်းပျက်ကမ်းပျက်ပုံ ဟန်ဆောင်ပြနိုင်ခြင်းကား စည်းကမ်းတကျ ကျစ်ကျစ် လစ်လစ် ရှိမှုပေါ်မူတည်၏။ သူရဲဘောကြောက် ကြောက်ရွံ့ကြောက် လန့်ဟန်ဆောင်ပြနိုင်ခြင်းကား သူရသတ္တိရဲစွမ်း ရဲမာန် ခိုင်ကျည်မှုပေါ်မူတည်၏။   ပျော့ညံ့အားနည်း ဟန်ဆောင်ပြနိုင်ခြင်းကား ကြံ့ခိုင်တောင့်တင်း အားကောင်းနေမှုပေါ်မူတည်၏။)


စည်းကမ်းတကျရှိခြင်းသော်လည်းကောင်း၊ ဗရမ်းဗတာဖြစ်ခြင်းသည်လည်းကောင်း ဖွဲ့စည်းအုပ်ချုပ်မှု အဆိုးအကောင်းပေါ်မူတည်၏။ သူရသတ္တိရှိခြင်းသော်လည်းကောင်း၊ သူရဲဘောကြောင်ခြင်းသော် လည်းကောင်း စစ်ရေးသာလွန်မှု ယုတ်ညံ့အားနည်းမှု အခြေအနေပေါ်တည်၏။ အားကြီး အားကောင်းခြင်းသော် လည်းကောင်း၊ အားနည်းအားငယ်ခြင်းသော်လည်းကောင်း စစ်ရေးယှဉ်ပြိုင်မှု အင်အားသွင်ပြင် အနေအထားပေါ်တည်၏။



ရန်သူကို မိမိတို့အလိုကျဖြစ်လာအောင် ကျွမ်းကျင်စွာလုပ်ဆောင်နိုင်သူတို့၏ အစွမ်း ကား တပ်အင်အား သွင်ပြင်အနေအထား ဟန်ရေးပြလှည့်စားခြင်းဖြင့် မိမိတို့အလိုကျ ရန်သူတို့ကို မလွဲမသွေလိုက်ပါ လှုပ်ရှား လာစေ၏။ ငါးစာချမြှူခြင်းဖြင့် ရန်သူတို့ ငမ်း ငမ်း တက်လှမ်းယူလာစေ၏။



ဤတွင်ရန်သူကို မက်လုံးပေး စစ်မြှူပြီးပါလာအောင် လှုပ်ရှားစေသည်နှင့်အတူ မိမိ တို့၏တပ်အင်အားကိုလည်း အဆင်သင့်နေရာ ယူ   စောင့်ဆိုင်းတိုက်ခိုက်တတ်ရာ၏။ စစ်တိုက်ကျွမ်းကျင်သူတို့သည် စစ်ရေးခင်းကျင်းပြင်ဆင်မှုပေါ်မူတည်ပြီး အကျိုးဖြစ် ထွန်းမှုအနေအထားကို ကြိုးစားဖန်တီးရယူကြ၏။ လူပုဂ္ဂိုလ် တပ်မှူးတပ်သားများအပေါ် အကျိုး အပြစ်ကို တာဝန်ပုံမချပေ။ သို့ဖြစ်၍လည်း လူတော်များကိုနေရာ တကျ ရွေး ချယ် တာဝန်ပေး အသုံးချ တတ်ပြီး အကျိုးဖြစ်ထွန်းစေမည့် စစ်ရေးအနေအထားများကို ရရှိအောင်စွမ်းဆောင်နိုင်ကြပေသည်။



စစ်ရေးအနေအထားကို အသုံးချသည်ဆိုရာမှာ မိမိ၏တပ်အင်အား စစ်သည်အစွမ်း အစအလိုက် လူမှန်  ၊ နေရာမှန် စနစ်ကျကျခွင်ကျကျ အနေအထားပေါ် မူတည်ပြီး တာဝန်ပေးဦးစီးကွပ်ကဲ တိုက်ခိုက် တတ်ခြင်း မည်၏။



ဥပမာနှိုင်းပြောရလျှင် ကျောက်တုံးကျောက်ခဲ သစ်တုံးသစ်လုံးကြီးများကို အသုံးချလှုပ် ရှားစေ သည့်နှယ်ဖြစ်၏။ ကျောက်တုံးကျောက်ခဲ၊ သစ်တုံးသစ်လုံးတို့၏ သဘောသ ဘာ ဝကား မြေညီမြေပြန့် တွင်ချထားက ငြိမ်သက်စွာရှိတတ်၏။ အမြင့်ဆင်ခြေလျော တွင် မှု လှုပ်ရှားနိုင်၏။ အသွင်သဏ္ဍာန် အားဖြင့် လေးထောင့် ကျလျှင် မလှုပ်မယှက် တန့်နေတတ်၏။ အလုံးအဝန်းဖြစ်လျှင် လိမ့်သွားရွေ့သွားနိုင်၏။



ထို့ကြောင့် စစ်ရေးစစ်ရာကျွမ်းကျင်စွာ တိုက်ခိုက်တတ်သူတို့သည် မိမိစစ်အင်အားကို သာလွန်ကောင်း မွန်သော စွမ်းအားအရှိန်အဟုန် အနေအထားရအောင် ဖန်တီးအသုံး ချရာ၌ လုံးဝန်းသော   ကျောက်တုံး   ကျောက် ခဲကြီးကဲ့သို့သော အရာဝတ္ထုကိုပေထောင်ပေါင်းများစွာ မြင့်မားမတ်စောက် သည့်   တောင်စောင်းပေါ် မှ လှိမ့်ချလိုက် သကဲ့သို့ ဖြစ်ပေါ်လာသော ပြင်းထန်လျှင်မြန်အားကောင်းသည့် အရှိန် အဟုန်အနေ အထား မျိုးကို ဖန်တီးယူတတ်ကြပေသည်။


Subscribe Us