Tuesday, May 13, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း(၄)



စစ်ရေးစစ်ရာ အနေအထား

ဆွန်ဇုက ဤသို့မိန့်ဆိုထား၏ ...

ရှေးခတ်က စစ်တိုက်ကျွမ်းကျင်သူတို့သည် ရှေးဦးစွာ မိမိကိုယ်ကို သူတစ်ပါးအနိုင် မတိုက်နိုင်အောင် ကြိုတင် ဖန်တီးကြ၏။ ထို့နောက် ရန်သူကို အနိုင်ရမည့်အခါအ ခွင့်ကို ငံ့လင့်၏။ မိမိကိုယ်ကို သူတစ်ပါး မနိုင်အောင် လက်ဦးမှုရယူထားနိုင်သည့် အခြေအနေသည် မိမိအပေါ်၌ တည်လေသည်။ ရန်သူကို အနိုင် ယူနိုင်မှု ရှိ မရှိ အခြေအနေသည် ရန်သူကိုယ်၌တွင် စစ်ရှုံးစေမည့် ပျော့ကွက်ဟာကွက်၊ ချို့ယွင်းချက် ရှိမရှိအပေါ်၌ တည်နေပေသည်။


စစ်ရေးကျွမ်းကျင်သူတို့သည် မိမိကိုယ်ကို သူတစ်ပါးမနိုင်ရအောင် အခြေအနေကို ဖန်တီးရယူနိုင်၏။ ရန်သူကိုမူ ကျွနု်ပ်တို့မုချနိုင်ရမည့် အခြေအနေအတင်းဖန်တီးပေး လာစေရန် မဖြစ်နိုင်ချေ။ ထို့ကြောင့်   အောင်ပွဲကို ကြိုတင်ခန့်မှန်း သိရှိနိုင်သော်လည်း အတင်းအဓမ္မ ဖန်တီးမရယူနိုင်ပေ။ မိမိအပေါ် ရန်သူတို့ အနိုင်တိုက်မရအောင် စွမ်းဆောင်နိုင်ခြင်းအကြောင်းကား မိမိ၏တပ်အင်အားအနေနှင့် လုံခြုံကြံ့ခိုင်စွာ ခံစစ် ဆင်နိုင်သောကြောင့် ဖြစ်ရာ၏။ ရန်သူကို အနိုင်တိုက်နိုင်ခြင်းအကြောင်းကား မိမိ တို့တပ်အနေနှင့် ထိုးစစ်ပိုင်နိုင်စွာ ဆင်နိုင်သောကြောင့် ဖြစ်ရာ၏။ ခံစစ်ဆင်ရခြင်း အရင်းခံကား အင်အားမလုံလောက် မမျှ၍ ဖြစ်ရာ၏။ ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခြင်း အရင်းခံကား အင်အားသာလွန်   ကောင်းမွန်သောကြောင့်   ဖြစ်ရာ၏။

ခံစစ်ကျွမ်းကျင်သူတို့သည် တပ်များကိုမြေလျှိုးပုန်းကွယ်ထားဘိသကဲ့သို့   မြေပထဝီ အနေအထားပေါ်တည်ပြီး တပ်ဖျောက်ကာကွယ် ခုခံတတ်ကြ၏။ ထိုးစစ်တိုက်စစ် ကျွမ်းကျင် သူတို့မှာလည်း တပ်အင်အားကို မိုးကောင်း ကင်မှ လျှပ်တစ်ပြက် ကျရောက်  သက်ဆင်းလာစေသည့်နှယ် အလျင်အမြန်အရှိန်အဟုန်ဖြင့် လှုပ်ရှား တိုက်ခိုက် တတ်ကြ၏။ ထို့ကြောင့် မိမိကိုယ်ကိုလုံခြုံအောင် ကာကွယ် ထိန်းသိမ်းနိုင် ကြသည့်အလျှောက် ရန်သူကိုလုံးဝဥဿုံ အောင်နိုင်ခြင်းငှာ စွမ်းဆောင်တိုက်ခိုက်နိုင် ကြပေသည်။

အောင်ပွဲကို အများသူငါ သိနိုင်သောအမြင်အတိုင်း ကြိုတင်ခန့်မှန်းတတ်သိနိုင်သူကား လူတော်ထဲက အတော်ဆုံး လူဟု မဆိုသာ။ စစ်ပွဲတိုက်ခိုက်ပြီး အောင်နိုင် သူ အား နိုင်ငံ အဝန်း ချီးမွမ်းသြဘာပေး ကြသော် လည်း လူတော်ထဲက အတော်ဆုံး လူဟု မဆိုသာ။

ထို့ကြောင့် ပမာခိုင်းနှိုင်းပြောရလျှင် ငှက်တောင်ကို ကိုင်မနိုင်ရုံဖြင့် ခွန်အားကြီးသည်ဟုမဆိုသာ။ ထိုနည်းလည်းကောင်း နေ၊ လတို့ကို ကြည့်မြင်နိုင်ရုံဖြင့် မျက်စေ့ကောင်းသည်၊ လျင်သည်ဟုမဆိုသာ။ မိုးချုန်းသံကြားရနိုင်ရုံမျှဖြင့် နားပါးနား လျင်သည်ဟု မဆိုသာ။

ရှေးခေတ်က ပြောစမှတ်ပြုကြသော စစ်တိုက်ကျွမ်းကျင်သူတို့ မည်သည်ကား တိုက်လွယ်သော ရန်သူများ ကိုသာ အနိုင်ရယူလိုက်ခြင်းဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့်လည်း ၎င်းအောင်ပွဲများနှင့်ပတ်သက်၍ စစ်တိုက်ကျွမ်းကျင်သူတို့၏ ကြံရည်ဖန်ရည် ဂုဏ်သတင်းများ မထင်ပေါ်မကျော်စော၊ သူရသတ္တိဂုဏ်ပုဒ်များ မထင်ရှားမကျော်ကြားပေ။ ၎င်းတို့၏ အောင်နိုင်ခြင်းသည် တိမ်းစောင်းမှားယွင်းမှု မရှိဖြစ်၏။


တိမ်းစောင်းမှားယွင်းမှု မရှိဟုဆိုရခြင်းမှာလည်း ၎င်းတို့၏လုပ်ဆောင်ချက်များသည် မုချအောင်နိုင်မည့် အခြေခံပေါ်တွင် စီစဉ်ထားခြင်းဖြင့် နဂိုကပင်ရှုံးနိမ့်မည့် အခြေအနေ ရှိသော ရန်သူကို အနိုင်တိုက်ရ လိုက်ခြင်းကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် စစ်တိုက် ကျွမ်းကျင်သူတို့သည် မိမိကိုယ်ကို မရှုံးနိမ့်နိုင်သော အခြေအနေတွင် ရပ်တည်လျှက် ရှိစေပြီး ရန်သူတို့ရှုံးနိမ့်နိုင်မည့် အခြေအနေကို အခါမလင့်စောင့်ဆိုင်း တိုက်ခိုက်တတ် ကြပေသည်။


အောင်ပွဲခံတပ်မတော်တို့ဟူသည် အောင်နိုင်မည့်အခြေအနေကို လက်ဦးမှုရှိစွာဖန်တီး ရယူပြီးမှ ရန်သူကို ဦးတည်ရင်ဆိုင် တိုက်ခိုက်တတ်ကြလေသည်။ အရေးနိမ့်မည့် ရှုံးမည့်တပ်များအနေနှင့်မူ အလျင်စလိုဦးစွာ ရန်သူနှင့်ရင်ဆိုင်တိုက်ခိုက်ပြီးကံကောင်းထောက်မမှုကို အားကိုး၍အနိုင်ရရန် ကြိုးပမ်းတတ်ကြပေသည်။ စစ်အင်အားကို ကျွမ်းကျင်ပြောင်မြောက်စွာ အသုံးချတတ်သူတို့အနေနှင့် တိုင်းရေးပြည်ရာအတွက် ကျင့်ဝတ် တရားကောင်းများကို ကျင့်ကြံအားထုတ် ဆောက်တည်တတ်ကြရပေသည်။

ထို့အတူ စည်းမျဉ်းစည်းကမ်း ဥပဒေများကိုလည်း ထိန်းသိမ်းစောင့်ရှောက်လိုက်နာကျင့် သုံးတတ်ကြ ရပေ သည်။ သို့ပါ၍လည်း စစ်ပွဲအနိုင်အရှုံး အဆုံးအဖြတ်တို့ကို စွဲမြဲစွာ ဆုပ်ကိုင်ခြယ်လှယ်နိုင်စွမ်း ရှိကြပေသည်။

စစ်ဥပဒေသ အဆိုအမိန့်အရ စစ်အခြေခံ အကြောင်းအချက်ကြီး (၅)ချက် ရှိ၏။ ၎င်းတို့မှာ ... .. .

၁။ အတိုင်းအတာ
၂။ အရေအတွက်
၃။ အတွက်အချက်
၄။ အနှိုင်းအဆ
၅။ အနိုင်အပိုင် ... ... ... စသည်တို့ ဖြစ်၏။

ပထဝီအနေအထားအရ အတိုင်းအတာကိန်း ပေါ်ပေါက်လာ၏။ အတိုင်းအတာအရ အရေအတွက် ကိန်း   ပေါ်ပေါက်လာ၏။ အရေအတွက်အရ အတွက်အချက်ကိန်း ပေါ်ပေါက်လာ၏။ အတွက်အချက်အရ အနှိုင်းအဆကိန်း ပေါ်ပေါက်လာ၏။ အနှိုင်းအဆပေါ်မူတည်ပြီး အနိုင်အပိုင်ကိန်း ပေါ်ပေါက်လာတော့၏။

               တစ်နည်း အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ

ရန်-ငါ နှစ်ဖက်တို့၏ တည်နေရာခြားနားမှုအရ မြေဧရိယာအကျယ်အဝန်း မတူခြား နားသော အတိုင်းအတာကိန်း ပေါ်ပေါက်လာရ၏။


ရန်-ငါ နှစ်ဖက်ရှိ မြေဧရိယာ အကျဉ်းအကျယ် အတိုင်းအတာ မတူခြားနားမှု အရ၊   နှစ်ဖက်သော သယံဇာတကြွယ်ဝမှု အနည်းအများ မတူခြားနားသော အရေ အတွက်ကိန်း ပေါ်ပေါက်လာရ၏။


ရန်-ငါ နှစ်ဖက်ရှိ သယံဇာတ အရင်းအမြစ်ပေါကြွယ်ဝမှု အနည်းအများ အရေ အတွက် မတူခြားနားမှုအရ နှစ်ဖက်သော စစ်အင်အား အနည်းအများ မတူခြား နားသော အတွက်အချက်ကိန်း ပေါ်ပေါက်လာရ၏။


ရန်-ငါ နှစ်ဖက် စစ်သားအင်အားအနည်းအများ အတွက်အချက် မတူခြားနား မှုအရ   နှစ်ဖက်သောစစ်အင်အား အားသာအားနည်းခြင်းဟူ၍ မတူခြားနားသော အနှိုင်း အဆကိန်း ပေါ်ပေါက်လာရ၏။


ရန်-ငါ နှစ်ဖက် စစ်အင်အား အားသာအားနည်းခြင်းဟူသော အနှိုင်းအဆ မတူခြားနားမှုအရ စစ်ပွဲ အနိုင်အပိုင်အရှုံးကို အပြီးသတ် အဆုံးအဖြတ်ပေးလေ သည်။


အောင်ပွဲရစစ်သည်တော်တို့၏ စွမ်းဆောင်ပုံကား ပမာဏအားဖြင့် ပိဿာလေးကြီး အသွင်ဖြင့် ရန်သူ ဟူသော ပမာဏအားဖြင့် ရွေးစေ့ငယ်လေးကို နှိုင်းယှဉ် ချိန်ထိုး လိုက်သည့်အခါ တွေ့မြင်ရသော အလေးသာ မှုနှယ်ရှိပေမည်။ ရှုံးပွဲဝင်ကြသော စစ်သည်တော်တို့၏ လုပ်ဆောင်ပုံကား မိမိအင်အား ရွေးစေ့ ပမာ ဏလောက် ကို ပိဿာလေးကြီးပမာဏလောက်ရှိသည့် ရန်သူနှင့် နှိုင်းယှဉ်ချိန်ထိုးကြည့်နေသည့်နှယ် ရှိချေ မည်ဖြစ်တော့သည်။


အောင်စစ်သည်တော်တို့သည် ရန်သူကိုထိုးစစ်ဆင်သည့်အခါ စုစုစည်းစည်းနှင့် အရှိန်အဟုန် လျင်မြန်ပြင်း ထန် စွာ စီးနင်းတိုက်ခိုက်တတ်ကြပေသည်။ ပမာပြောရ လျှင်  တောင်ပေါ်ရေအိုင်ကြီး ၏ ရေကာတာကို ချိုးဖောက်ချကာ ရေတို့ကို ပေပေါင်းထောင်သောင်းနက်သော ချောက်ထဲသို့ အလျင်အမြန် အရှိန် အဟုန်ပြင်း စွာ ဒလဟောတိုက်စားစီးဆင်းစေသည့်နှယ်ဖြစ်၏။ ဤကား စစ်ရေးစစ်ရာ စစ်အင်အား အနေအထား အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်ပုံတည်း။

Subscribe Us