Thursday, May 15, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၆ )




အားသာချက်၊ အားနည်းချက်

ဆွန်ဇုက ဤသို့မိန့်ဆိုထား၏ ... .. .

စစ်မြေပြင်သို့ဦးစွာရောက်နှင့်ပြီး ရန်သူကိုစောင့်တိုက်ရသူသည် သက်တောင့် သက် သာ အားဖြည့်နားနေရာ ၏။ စစ်မြေပြင်သို့နောက်ကျရောက်လာပြီး ကတိုက်ကရိုက် စစ်ပွဲရင်ဆိုင်ရသူသည် မောပန်းနွမ်းနယ်မှုဒဏ် ခံရတတ်၏။ ထို့ကြောင့် စစ်ရေး ကျွမ်း ကျင်သူတို့အနေနှင့် မိမိတို့အလိုကျအဖြစ် ရန်သူကို လှုပ်ရှား လာစေအောင် စွမ်းဆောင် တိုက်ခိုက်နိုင်၏။ မိမိကိုယ်ကိုမူ ရန်သူ့အလိုကျ အဖြစ်မခံပေ။

မိမိတို့မှန်းထားသည့်အတိုင်း ရန်သူတို့အလိုအလျောက် ရောက်လာစေနိုင်ခြင်းကား မက်လုံးပေး   မြှူနိုင် ၊ဖြားယောင်းနိုင်သောကြောင့် ဖြစ်ရာ၏။ မိမိတို့ထံသို့ ထင်သ လိုရောက်မလာစေနိုင်ခြင်းကား ရန်သူ့နိုင် ကွက်ကိုရှာ၍ ဒုက္ခပေးနှောက်ယှက် တိုက်ခိုက် တားဆီးနိုင်သောကြောင့်ဖြစ်ရာ၏။



အကယ်၍ ရန်သူ တို့နားနေသက်သာရာရနေလျှင် မောပန်းနွမ်းနယ်အောင် လုပ်နိုင်ရ မည်။ ရန်သူတို့ အစာရေစာပြည့်စုံနေလျှင် ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြစ်အောင် လုပ်နိုင်ရမည်။ ရန်သူတို့ အေးဆေး ငြိမ်သက်နေလျှင် ဂနာမငြိမ်အောင်   မွှေနှောက်ပေးနိုင် ရမည်ဖြစ်၏။ ရန်သူများ အလျင်အမြန် မကူမ ကယ်နိုင်သောနေရာ ကို ရွေးတိုက်ပါ။ ရန်သူများအမှတ်မထင်လောက်သောနေရာကို အလစ်ဝင်စီးပါ။ တပ်အင်အားတစ်ခုလုံးသည် မိုင်ပေါင်းရာထောင် ခရီးဝေးချီတက်ရသော်လည်း မပင်မပန်းအားအင် မကုန်ခမ်းပဲ ရှိနေနိုင်ခြင်းကား ရန်သူတို့ ခုခံကာကွယ်မှုမရှိသော အရပ်ဒေသ၌ ချီတက် ရသောကြောင့်ဖြစ်ပေမည်။


ထိုးစစ်ဆင်ရာတွင် မုချအောင်ပွဲရနိုင်ခြင်းအကြောင်းကား ရန်သူတို့ခုခံကာကွယ်မှု လစ်ဟင်းသောနေရာ တို့ကို ရွေးချယ်တိုက်ခိုက်နိုင်သောကြောင့် ဖြစ်ပေမည်။ ကာကွယ်ခုခံရာမှာ မုချကြံ့ကြံ့ခံ ထိန်းချုပ်နိုင်ခြင်း အကြောင်းကား ရန်သူတို့ တိုက်ခိုက် မရသောနေရာတို့ကို ကာကွယ်ထိန်းချုပ် ထားနိုင်သောကြောင့်   ဖြစ်ပေမည်။ ထိုးစစ်ကျွမ်းကျင်သူတို့သည် ရန်သူအဖို့မည်သည့်နေရာကနေ ခုခံကာကွယ်ရမှန်း မသိအောင် တိုက်ခိုက်တတ်ကြပေသည်။ ခံစစ်ကျွမ်းကျင်သူတို့သည် ရန်သူအဖို့ မည်သည့်နေရာကနေ ထိုးစစ်ဆင်ရမှန်း မဝေခွဲတတ်အောင် စီရင်ခုခံတတ်ကြပေ သည်။


စစ်ရေးကျွမ်းကျင်သူတို့သည် ရန်သူမမြင်နိုင်လောက်အောင်ပင် တပ်အနေအထား အသွင်ဖျောက်၍ သိမ်မွေ့ပါးနပ်စွာလှုပ်ရှားစွမ်းဆောင်နိုင်ကြပါပေသည်။ တကယ့်ကို သိမ်မွေ့လှပါပေသည်။ ရန်သူမကြားမ သိနိုင်လောက်အောင်ပင် အသံဗလံတိတ်ဆိတ် ၍ လျှို့ဝှက်လှုပ်ရှား စွမ်းဆောင်နိုင်ကြပါပေသည်။ တကယ့် ကို ဆန်းထွေအံ့ သြလောက် ပါပေသည်။ ထို့ကြောင့်လည်း ရန်သူတို့၏ ကံကြမ္မာကို ထိန်းချုပ်ချယ် လှယ်နိုင် စွမ်းရှိကြပါပေသည်။


ချီတက်တိုက်ခိုက်ရာမှာ မိမိတို့တပ်များကို ရန်သူတို့မခုမခံနိုင်အောင် ရှိရခြင်းကား ၎င်းရန်သူတို့၏ ဟာကွက်ပျော့ကွက် အားနည်းချက်ကို မိမိရရ ထိုးနှက်တိုက် ခိုက်နိုင်သောကြောင့်တည်း။ ဆုတ်ခွာ တိမ်းရှောင် ရာမှာ ရန်သူတို့နောက်ယောင်ခံ အမီလိုက်မတိုက်နိုင်ခြင်းမှာလည်း မိမိတို့တပ်များသည် သူမ တူအောင် လျင်မြန် သွက်လက်စွာ လှုပ်ရှားနိုင်သောကြောင့်တည်း။


ကျွနု်ပ်တို့သည် ထိုးစစ်ဆင်ရင်ဆိုင် တိုက်ခိုက်လိုသောအခါ ရန်သူများအနေဖြင့် မည်သို့ပင် အခိုင်အမာ တပ်စွဲပြီး အတားအဆီးကတုတ် ကျင်းကြီး များဖြင့် ကာရံ ခုခံခိုကပ်နေလင့်ကစား၊ ကျွနု်ပ်တို့ကို မလွှဲမရှောင် သာထွက်၍ ရင်ဆိုင်ရပေမည်။ ယင်းသို့ဖြစ်ရခြင်းမှာ ရန်သူများဧကန်မုချ မဖြစ်မနေကူရကယ်ရမည့် အလေး ထားရာနေရာကို မိမိတို့ထိုးနှက် တိုက်ခိုက်နိုင်သောကြောင့်တည်း။ ကျွနု်ပ်တို့အနေနှင့် မတိုက်ခိုက် လိုသောအခါ သူ့စည်းကိုယ့်စည်းခြားပြီး စခန်းချနားနေနိုင်၏။

ယင်းသို့နေနိုင်ခြင်းမှာလည်း ကျွနု်ပ်တို့နှင့် ရင်ဆိုင်တိုက်ခိုက်မလာနိုင်အောင် ၎င်း ရန်သူတို့၏ တိုက်ခိုက်ရေး ဦးတည်ချက်ကို တစ်ဖက် လှည့်အကွက် ဆင် သွေဖည် လိုက်သောကြောင့်ဖြစ်၏။ ရန်သူတပ်ဖြန့် ထားပုံ အခြေအနေ ကို ပေါ်လွင် သိရှိအောင် လုပ်ပါ။ ကျွနု်ပ်တို့ တပ်အနေအထားကိုမူ မသိမမြင်သာအောင် မှန်းမ ရအောင် တပ်ဖျောက် ထားနိုင်ပါစေ။ သို့အားဖြင့် ကျွနု်ပ်တို့တပ်သည် စုစုစည်းစည်း ရှိနေပြီး ရန်သူ့တပ်မှာ   ဖြန့် ထား ရ၍ ပြန့်ကျဲ လျက်ရှိချေမည်။


ကျွနု်ပ်တို့ တပ်အင်အားသည် ကျစ်လစ်စွာ တစ်စုတစ်စည်းတည်းရှိနေပြီး ရန်သူ့ အင်အား မှာ ပြန့်ကျဲဖြစ်နေ၍ ဆယ်စိတ်ပမာမျှ အစိတ်စိတ်ရှိချေသော်၊ ရန်သူ့အင်အား တစ်စိတ်တစ်ပိုင်းကို ထိုးနှက်ရာတွင် ကျွနု်ပ်တို့၏ စုစည်းအင်အားသည် ဆယ်ဆ မျှသာလွန်နေသည့်အခြေမှာ နှိုင်းယှဉ်တည်ရှိနေပေလိမ့်မည်။ ဤတွင် ကျွနု်ပ် တို့ အင်အားများပြီး ရန်သူ့အင်အားနည်းသည့် အနေအထားသဘောကို ဆောင် သွားကြောင်း သိသာနိုင်ပေ သည်။ ကျွနု်ပ်တို့သည် တစ်စုတစ်စည်းတည်းသော အင်အားကြီးဖြင့် ရန်သူ့အင်အားအနည်းငယ်ကို တိုက်ခိုက် ခွင့်ရရှိချေသော် ကျွနု်ပ် တို့နှင့် ရင်ဆိုင်တိုက်ခိုက်လာသော ရန်သူ့တပ်အင်အားမှာ နည်းပြီးအကန့် အသတ်ရှိကြောင်း တွေ့သာမြင်သာရမည်ဖြစ်သည်။

ကျွန်ုပ်တို့ တိုက်ပွဲဆင်နွှဲမည့် ဦးတည်ချက်စစ်မျက်နှာကို ရန်သူများအသိခက်အောင် ဖန်တီးထားရမည်။ ထိုသို့ အသိရခက်လေလေ ရန်သူများအဖို့ ရင်ဆိုင်ခုခံရန် နေရာ များများအတွက် တပ်ဖြန့်တပ်ချထားရလေ ရှိချေမည်။ ထိုသို့ နေရာများများ တပ်ဖြန့်တပ် ချထားရလေလေ ကျွန်ုပ်တို့ ရင်ဆိုင်တိုက်ခိုက်ရသော ရန်သူ့ အင်အားနည်းလေလေ သာ ရှိချေတော့မည်။

ထို့ကြောင့် ရှေတန်းအားဖြည့်လျှင် နောက်တန်းအားလျော့မည်။ နောက်တန်း အားဖြည့်ပြန်သော် ရှေ့တန်းအားနည်းမည်။ ဘယ်ဘက်ခြမ်း အားဖြည့်ပြန်လျှင် ညာဘက်ခြမ်း အားလျော့နေမည်။ ညာဘက်ခြမ်း အားဖြည့်ပြန်သော် ဘယ်ဘက်ခြမ်း အားနည်းနေမည်။ ဤသို့ဖြင့် နေရာတိုင်းမှာ တပ်ဖြန့်အားဖြည့် ကာကွယ်ထားရ ပါမူ    နေရာ တိုင်းမှာ အင်အားမလုံလောက်ပဲ အားနည်းနေလိမ့် မည်ဖြစ်သည်။ ဤ တွင် နေရာတိုင်းမှာ ရန်သူကိုရင်ဆိုင် ရန် ပြင်ထားရသူကို အားနည်းသူဟု ဆိုနိုင် ၏ ။ နေရာတိုင်းမှာ ရန်သူကို မိမိနှင့် ရင်ဆိုင်ဖို့ပြင်ထားအောင် လုပ်နိုင်သူကို အားကောင်း သူဟု ဆိုနိုင်၏။

နှစ်ဖက်စစ်ခင်းမည့် နေရာဒေသ၊ အချိန်နေ့ရက်တို့ကို အတိအကျကြိုသိထားလျှင် မိုင်ပေါင်းထောင်ချီ ခရီးနှင်ရလင့်ကစား ချီတက်ရင်ဆိုင် တိုက်ပွဲဝင်နွှဲနိုင်ကောင်းပေ သည်။ စစ်ပွဲရင်ဆိုင်ရမည့် နေရာဒေသ၊ အချိန်နေ့ရက်တို့ကို မသိမမှန်းဆနိုင်သည် ရှိသော်  ဘယ်ခြမ်းက ညာခြမ်းတပ်ကို မကယ်နိုင်၊ ညာတောင်ပံ ကလည်း ဘယ်တောင် ပံစစ်ကြောင်းကို မကူနိုင်။ ရှေ့ကလည်း နောက်ကိုမကူနိုင် ၊ နောက် ကလည်း ရှေ့ကို မကယ်နိုင် အခြေသို့ဆိုက်နိုင်သည့်အလျောက် မိုင်ဆယ်ပေါင်းများ စွာ ဝေးလံသောနေရာကို မဆိုထားဘိ၊ မိုင်အနည်းငယ်သာ ကွာလှမ်းသည့်နေရာကို ပင် စိတ်ထင်သလို ကူနိုင်ကယ်နိုင် တိုက်နိုင်ဖို့ရာ ခဲယဉ်းပေ လိမ့်မည်။

ကျွန်ုပ်၏ သုံးသပ်ချက်အရ ပြောရလျှင် ယဲ့နိုင်ငံသားများ၏ တပ်အင်အားသာလွန် များပြားနေလင့်ကစား စစ်ပွဲအနိုင်အရှုံးအတွက် အရာရောက်နိုင်လိမ့်မည် မထင်ချေ။ ထို့ကြောင့် ကျွနု်ပ်တို့အနေနှင့် အောင်ပွဲကို ဖန်တီးဆွတ်ခူး ရယူနိုင်ပေလိမ့်မည်။ ယင်းကား ရန်သူ့အင်အား ကြီးမားများပြားသော်လည်း တိုက်ရေး ခိုက်ရေးမှာ အရာမရောက်အောင် ဖန်တီးပစ်နိုင်ခြေ ရှိသောကြောင့်တည်း။ စစ်ရေးစီမံချက်ကို အသေအ ချာ ရေးဆွဲတွက်ချက်ခြင်းဖြင့် ရန်သူ၏ စစ်ရေးသာလွန်မှု၊ ညံ့ဖျင်းမှုနှင့် အနိုင်အရှုံးကို သုံးသပ်သိရှိနိုင်ပေ လိမ့်မည်။

သွေးတိုးစမ်း ရန်စခြင်းဖြင့် ရန်သူ၏ လှုပ်ရှားမှု၊ ငြိမ်သက်မှုသဘောကို နားလည်သိ သာနိုင်ပေလိမ့်မည်။ စစ်ရေးအရ တပ်ဖြန့်၍ ဟန်ရေးပြလှုပ်ရှားခြင်းဖြင့် ရန်သူ့ ပျော့ ကွက် ဟာကွက်များ၊ သေရေးရှင်ရေးနေရာ များကို ပေါ်လွင်ထင်ရှားအောင် သွေးတိုး စမ်းသိရှိနိုင်ပေလိမ့်မည်။ တိုက်ပွဲကလေးများဆင်နွှဲကာ ရင်ဆိုင် ယှဉ်ပြိုင် တိုက်ခိုက် အကဲစမ်းခြင်းဖြင့် ရန်သူ့အားနည်းချက် အားသာချက်များကို သုံးသပ်သိမြင်လာနိုင် မည်ဖြစ်၏။

တပ်ဖြန့်အနေအထား လှုပ်ရှားသွင်ပြင်ကို အဆင့်မြင့်အတိုင်းအတာသို့ ထိန်း သိမ်းရောက် ရှိစေသော် သွင်ပြင်လက္ခဏာမတွေ့ရအောင်ပင် လျှို့ဝှက်တပ်ဖျောက် လှုပ်ရှားနိုင်စွမ်းရှိပေလိမ့်မည်။ ထိုသို့ လျှို့ဝှက် တပ်ဖျောက် လှုပ်ရှားနိုင်စွမ်း အခြေ၌ ရှိသော်၊ ကျွန်ုပ်တို့ တပ်ထဲသို့အတွင်းကျကျ ရောက်ရှိထောက်လှမ်း လျက်ရှိသည့် ရန်သူ့သူလျှိုများပင်လျှင် စစ်ရေးစစ်ရာများကို ချောင်းမြောင်းစုံစမ်းအကဲခတ်မ ရနိုင်အောင် ဖြစ်ချိမ့်မည်။ ဉာဏ်ကြီးရှင်တို့ပင် ကြံစည်ဖျက်ဆီးမရနိုင် ဖြစ်ချိမ့်မည်။

အောင်ပွဲရနိုင်မည့် စစ်ရေးနည်းဗျူဟာတပ်ဖြန့်အနေအထားများကို လူထုရှေ့မှောက် ချပြသော်လည်း အများကနားလည်နိုင်ကြမည်မဟုတ်။ လူအများက ကျွန်ုပ်တို့ အောင် ပွဲ ရယူလိုက်သော တပ်ဖြန့် အခြေ အနေများကို အပြင်ပန်းသိနိုင်ကြမည်ဖြစ်၏။ သို့သော် ၎င်းအောင်ပွဲရတပ်ဖြန့်ပုံများကို မည်သို့မည်ပုံအသုံးချ အကွက်ဆင်အောင်ပွဲ ရယူလိုက်သည်ကိုမူ မည်သူမျှသိနိုင်ကြလိမ့်မည် မဟုတ်ပေ။


သို့ဖြစ်၍ ရရှိသည့်အောင်ပွဲ တိုင်းမှ နည်းလမ်းများသည် တစ်ခုနှင့်တစ်ခု သမားရိုးကျ ထပ်တူပုံတူ မကျပေ။ မတူခြားနားသော အခြေအနေ အနေအထားများနှင့် လိုက်လျော ညီထွေ ဖြစ်ထွန်းမှုများအပေါ် အခြေ တည်ပြီး မတူသောအောင်ပွဲရနည်းလမ်းအမျိုးမျိုး သည် မကုန်မခမ်းအောင် ရှိသည်ဖြစ်၏။

စစ်၏ သဘောသွင်ပြင်လက္ခဏာသည် ရေနှင့်အလားသဏ္ဍာန် တူ၏။ ရေတို့ မည် သည် မြင့်ရာ ကိုရှောင်ပြီး နိမ့်ရာသို့တစ်ဟုန်ထိုး စီးဆင်း၏။ စစ်၏ သဘောသွင်ပြင်မှာ အားကြီး အားကောင်းသည်ကိုရှောင်ပြီး အားနည်းအားပျော့ရာကို တိုက်သောသဘော ရှိပေ ၏။ ရေတို့မည်သည် မြေသားအလျောက် အသွင်ဆောင် စီးဆင်းရာ၏။ စစ်တို့ မည် သည် ရန်သူ့အခြေအနေအလျောက် မိမိတို့ အောင်ပွဲရရေးကို စီစဉ်ဖန်တီးယူ ရာ၏။ စစ်ရေးစစ်ရာမှာ အမြဲပုံမှန် အနေအထားမရှိ၊ ရေသည်လည်း အမြဲတိကျသော အသွင်သဏ္ဍာန်မရှိ။

ရန်သူ့အခြေအနေ အပြောင်းအလွဲပေါ်မူတည်ပြီး အောင်ပွဲရယူနိုင်သူကား နတ်သို့ အ လား စစ်ပရိယာယ် ကြွယ် ဝပါပေသည်ဟု အံ့ဖွယ်ချီးကျူးဂုဏ်ပြုထိုက်သည်မှာ အမှန် ပင်ဖြစ်သည်။ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ အာကာသ ဟူသည့် ဓာတ်ကြီး ငါးပါးတို့သည် အသီးသီးအစဉ်အမြဲ တည်တံ့စိုးမိုးနိုင်ခြင်း မရှိ။   နွေဦး၊ နွေ၊ ဆောင်းဦး ၊ ဆောင်း ဟူသည့် ရာသီဥတုလေးပါးတို့သည်လည်း အလှည့်ကျပေါ်ထွန်းနေပြီး အစဉ် အမြဲ တည်တံ့စိုးမိုးမနေ။ နေ့မှာ နေ့တာတိုရှည် ရှိ၏။ လမှာ လပြည့်လကွယ်ရှိ၏။

Subscribe Us