Friday, May 16, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၇ )

 

စစ်မက်အပြိုင်အဆိုင်

ဆွန်ဇုက ဤသို့မိန့်ဆို၏ ... .. .
စစ်ရေးဥပဒေသသဘောအရ စစ်သူကြီးများသည် ရှင်ဘုရင့်အမိန့်တော်ကို နာခံပြီး တပ်အင်အားနှင့်လူထုကို စုစည်းစည်းရုံးကာ စနစ်တကျဖွဲစည်းရ၏။ ယင်းနောက် စစ်မြေပြင်ရှေ့တန်းသို့ ထိပ်တိုက်ရင်ဆိုင် အပြိုင်စစ်ခင်း ရ၏။ ဤသို့ စီစဉ်တိုက်ခိုက် အပြိုင်အောင်ပွဲလုရသည်လောက် ခက်ခဲသောအရာဟူ၍ မရှိချေ။ စစ်အောင်နိုင်ရေး အတွက် အပြိုင်အဆိုင်စစ်ခင်းကြရာတွင် အခက်ခဲဆုံးသော ပြဿနာရပ်သည်ကား အရေးအကြောင်း အကွေ့ အကောက်ဖြစ်ရာကို လိုရာဖြောင့်တန်းတည့်မတ်အောင် လုပ်ဆောင်ရခြင်း၊ အန္တရာယ်ဆိုးကျိုး အခြေအနေမှ သည် ကောင်းကျိုးဖြစ်အောင် ဖန်တီးပြောင်းလွှဲရခြင်းပင်ဖြစ်ပေသည်။


ထို့ကြောင့်စစ်မြေပြင်သို့ ရန်သူ၏တည့်ဖြောင့်ဦးတည်ရာလမ်းကြောင်း ကို သွေ ဖည်ကောက်ကွေ့အောင် မက်လုံး ပေး စစ်မြူလှည့်စားပါ။ သို့ဖြင့် ရန်သူ့ထက် နောက် ကျစစ်ချီသော်လည်း စစ်မြေပြင်သို့ ဦးစွာရောက်နှ င့်နိုင်အောင် လုပ်နိုင်ပေမည်။ ဤသို့ စွမ်းဆောင်နိုင်သူကို အကောက်အဖြောင့် လှည့်စားနည်းပရိယာယ်များကို တတ်သိ အသုံး ချ တတ်သူဟု ဆိုရပေမည်။ စစ်မက်အပြိုင်အဆိုင်ခင်းကြရာဝယ် အကျိုးဖြစ် ထွန်းမှု ပေါ်ပေါက်ရရှိနိုင်သလို၊ အန္တရာယ်ဘေးနှင့်လည်း ရင်ဆိုင်ရနိုင်ပေ သည်။


အောင်နိုင်ရေး အခွင့်သာရေးအတွက် တပ်မကြီးတစ်ခုလုံးကို အလုံးအရင်း အကြိတ် အနယ် ချီတက်စေသော်၊ အားလုံးတစ်ပြိုင်နက် အချိန်မီ ရောက်နိုင်ကြလိမ့် မည် မဟုတ်ပေ။ ခြေမြန်စစ်ကြောင်းအဖြစ်နှင့် တက်သုတ်နှင် တိုက်စစ်ဆင်ပြန်လျှင်လည်း တပ်အင်အားအချို့နှင့်အတူ စစ်ပစ္စည်း၊ ရိက္ခာ၊ ယာဉ်တန်းများ ချန်ရစ်ခဲ့ရလေရာ ဆုံးရှုံးပျက်စီးမှုများ ရှိတတ်ပေမည်။ တပ်အင်အား လက်နက်ခဲယမ်း အပြည့်အစုံ အလုံးအရင်းဖြင့် နေ့ရောညပါ တစ်ထောက်မျှမနားပဲ သာမန်စစ်ချီနှုန်းထက် နှစ်ဆ တိုးအပြင်းနှင်၍ မိုင်ပေါင်းရာချီနီးပါး ဝေးလံသည့်နေရာမှ အသာစီးအခွင့်အလမ်း အခွင့်အလမ်း အကျိုးအမြတ်များကို ရန်သူနှင့်အပြိုင်အဆိုင် ယှဉ်လုရလေသော် မိမိ၏ တပ်ဗိုလ်တပ်မှူးများအားလုံး ရန်သူ့လက်တွင်းသို့ သုံ့ပန်းအဖြစ်ကျရောက်ကိန်း ဆိုက်နိုင်ခြေရှိပေသည်။ တပ်အင်အားမှာလည်း အားသန်အားရှိသူ အချို့အ ဝက်လောက် သာ စစ်မြေပြင်သို့ အလျင်မီရောက်နှင့်နိုင် ပြီး မောပန်းနွမ်းနယ် သူတို့မှာ နောက်ကျကျန်ရစ်မည့် အခြေရှိပေသည်။ တပ်တစ်ခုလုံး ပြန်ခြုံကြည့်လျှင် အင်အားဆယ်ပုံတစ်ပုံခန့်သာ အချိန်မီရောက်လာနိုင်မည်ကို တွေ့ရမည်ဖြစ်သည်။

အကယ်၍ အသာစီးအခွင့်အလမ်းများကို မိုင်ငါးဆယ်လောက် ခရီးနှင်ပြီးလုရသော် ရှေ့တန်းတပ်မှူးများ ရှုံးနိမ့်အကျအဆုံး ရှိနိုင်ပေသည်။ ၎င်းတပ်အင်အားမှာလည်း တစ်ဝက်တစ်ပျက်ခန့်လောက်သာ စစ်မြေပြင်သို့ အချိန်မီရောက်လာနိုင်ပေမည်။ မိုင်သုံးဆယ်ခန့်လောက် ခရီးနှင်တိုက်ရသော် တပ်အင်အားသုံးပုံနှစ်ပုံခန့် သာ ရှေ့တန်းသို့အချိန်မီ ရောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် စစ်တပ်တစ်ခုလုံးမှာ ဝန်စည်စလယ် လှည်းယာဉ် တန်းများနှင့် ထောက်ပို့စစ်ပစ္စည်းများမရှိသော် စစ်ရှုံးရချေမည်။ စားရေရိက္ခာပစ္စည်းမရှိသော် စစ်ရှုံးရချေမည်။ ရိက္ခာရေစာများ စုစုဆောင်းဆောင်း သိုလှောင်ထားခြင်းမရှိသော် စစ်ရှုံးရချေမည်။

မြို့ပြနိုင်ငံကြီးငယ်ရှိ မင်းတို့၏ စစ်ရေးအကြံအစည်များကို မသိမကျွမ်းလျှင် ယင်းတို့နှင့် မဟာမိတ်ဖွဲ့ ဆက်ဆံခြင်း ငှာ မပြုအပ်။ စစ်ဘက်ဆိုင်ရာ တောင်တောင်စိမ့်စမ်း မြိုင်ဂနိုင်များ၊ အန္တရာယ်တောင်စောင်း၊ ချောက်ကမ်းပါးများ၊ အဆီးအတားများ၊ အင်းအိုင်နုံးနွံများ အစရှိသည့် မြေပထဝီ အနေအထားများအကြောင်းကို မသိမကျွမ်းလျှင် ဦးစီးကွပ်ကဲပြီး စစ်ကြောင်းမချီအပ်။ နယ်မြေခံလမ်းပြများကို အသုံးချခြင်းမရှိလျှင် ၎င်းနယ်မြေ ပထဝီအနေ အထား၏ အကျိုးပြုအခွင့်အလမ်းများ၊ အားသာချက်များကို အသုံးချမရနိုင်ဖြစ်ချေမည်။ စစ်တို့မည်သည် လှည့်စား မှုပရိယာယ်ပေါ် အခြေတည်၏။ အကျိုးရလာဒ်ပေါ် မူတည်ပြီးလှုပ်ရှားရာ၏။ အခြေအနေအရ အင်အားဖြန့် ကျက်ခြင်း၊ စုစည်းခြင်း နည်းဗျူဟာပြောင်းလွဲမှု ပုံစံအမျိုးမျိုးအဖြစ် တည်ရှိရာ၏။

စစ်တို့၏ သဘောသဘာဝကား လှုပ်ရှားရာတွင် လေပြင်းအဟုန်နှယ် သွက်လက်အားကောင်းရမည်။ သက်သက် သာသာချီတက်ရာတွင် တောအုပ်ဆိုင်းဆိုင်း စီရရီရှိသည့်နှယ် စည်းကမ်းတကျရှိရမည်။ ရန်သူကိုခြေမှုန်းရာမှာ မီးလျှံမီးတောက် တဟုန်းဟုန်းဝါးမျိုသည့်နှယ် အရှိန်အဟုန်ဖြင့် အပြတ်တိုက်ခိုက်ရမည်။ ရန်သူကိုခုခံရာ မှာ တောင်စွယ်တောင်တန်းနှယ် ကြံ့ကြံ့ခိုင်မာ ရပ်တည်နေနိုင်ရမည်။ အရာကိစ္စတို့ကို ဖုံးကွယ်လျှို့ဝှက်ရာမှာ အမှောင်ပိန်းပိန်းချထားသည့်နှယ် တစ်ပါးသူမသိမမြင်ရအောင် လုပ်ဆောင်တတ်ရမည်။ ချင်းနင်းထိုးစစ်ဆင် ရာတွင် လျှပ်စီးမိုးကြိုးသွားအလား လျှင်မြန်ထက်မြက် အားကောင်းရမည်။

ရန်သူ့ကျေးလက်ဒေသရှိ ရိက္ခာပစ္စည်းများကို အသီးသီးတပ်ဖြန့်လုယက် သိမ်းပိုက်စေပြီး တပ်များကို ပြန်လည် ခွဲဝေပေးပါ။ ရန်သူ့နယ်မြေကို အပိုင်ချဲ့ထွင်ပြီး အုပ်ချုပ်ပိုင်စားမှုကို မျှဝေခန့်ထားပါ။ အခြေအနေများ ချင့်ချိန် သုံးသပ်လေ့လာပြီးမှ တပ်များကိုစီစဉ်လှုပ်ရှားပါ။ အခြေအနေနှင့် လိုက်လျောညီထွေရှိသော လမ်းကြောင်း   ကောက်ဖြောင့် လှည့်စားမှုနည်းပရိယာယ်တို့ကို ကြိုတင်သိကျွမ်း ပိုင်နိုင်အသုံးချတတ်သော သူသာ လျှင်   အောင်ပွဲခံရာ၏။ ဤကားစစ်မက်ယှဉ်ပြိုင် အနိုင်ရရေး နည်းဥပဒေသတည်း။

စစ်အုပ်ချုပ်မှုကျမ်း အဆိုအရ ... တပ်တွင်းဆက်သွယ်အမိန့်ပေးရာမှာ တစ်ဦးကိုတစ်ဦး ပြောသံဆို သံမကြား လွယ်၍ စည်သံမောင်းသံများကို အသုံးပြုရာ၏။ တစ်ဦးကိုတစ်ဦး မမြင်လွယ်၍ တံခွန်အလံများကို အသုံးပြုရာ၏။ စစ်စည်စစ်မောင်း၊ တံခွန်တို့မူကား လူတို့၏ နားမျက်စိသဖွယ်ဖြစ်၏။ လူတစ်ယောက်တည်းသဖွယ် စုစည်း ထားရှိသော အကြားနှင့်အမြင်တို့သဘောတည်း၊ သို့နှင့် စစ်သည်တော်တို့အပေါ် အမြင်နှင့်အကြား တစ်စု တစ်စည်း တည်း ထိန်းချုပ်ညွှန်ကြား အမိန့်ပေးနိုင်ခြင်းဖြင့် ရဲသူတို့စည်းလွတ်စည်းကျွံ မတိုက်ရအောင် လည်းကောင်း၊ သူရဲဘောကြောင်သူတို့ ကိုယ်လွတ်ရုန်း နောက်ဆုတ်မရအောင်လည်းကောင်း ထိန်းချုပ်ကွပ် ကဲနိုင်လေသည်။ ဤကား အင်အားကြီးမားများပြားသော လူစုလူအုပ်ကြီးများကို ထိန်းချုပ်ကွပ်ကဲရသော နည်းလမ်းပင်တည်း။ ညအခါ စစ်ခင်းရာမှာ မီးတိုင်မီးတုတ်များ၊ စစ်စည်စစ်မောင်းများ အသုံးများ၏။ နေ့အခါ စစ်တိုက်ရာမှာ တံခွန်အလံများ အသုံးများ၏။ ဤကား အခြေအနေနှင့် လိုက်လျောညီထွေ လူတို့၏နားမျက်စိ တို့ကို တစ်နည်းတစ်ဖုံ ပြောင်းလဲပေါ်လွင် ကြားမြင်စေပုံတည်း။

ရန်သူ့တပ်မတော်တစ်ခုလုံးနှင့် ပတ်သက်လျှင် စိတ်ဓာတ်အားမာန် ကျဆင်းအောင် ချိုးနှိမ်တိုက်ဖျက်နိုင်ရမည်။ ရန်သူစစ်သူကြီးတပ်မှူးတို့နှင့် ပတ်သက်လျှင် စိတ်နေစိတ် ထားခိုင်ကျည်မှုကို ယိမ်းယိုင်ပျက်ပြားအောင် ဖျက်ဆီးနိုင်ရမည်။ တပ်အင်အား စိတ်ဓာတ် အနေအထားတို့ကို ယေဘုယျသိထားဖို့ရာမှာ တပ်တို့မည်သည် ကနဦးပိုင်း (နံနက်ပိုင်း)အချိန်တွင် တက်ကြွထက်သန်၏။ အတန်ကြာ(နေ့လည်)ချိန်ရောက်မူ ထိုင်းမှိုင်းလျော့ ရဲလာတတ်၏။ နှောင်းပိုင်း(ညနေ)ချိန်ရောက်သော် တပ်ခေါက်ချင်   ပြန်နား ချင်စိတ် စောလာတတ်၏။ စစ်ရေး ကျွမ်းကျင်သူတို့အနေနှင့် ရန်သူ့စိတ် ဓာတ် တက်ကြွချိန်ကို ရှောင်ရှားကြ၏။ ၎င်းရန်သူတို့ ထိုင်းမှိုင်းလျော့ရဲ လာချိန်နှင့် တပ်ခေါက်ပြီး စခန်းပြန်ချင်နားချင်လာချိန်ကို စောင့်ဆိုင်းတိုက်ခိုက်တတ်ကြ၏။ ဤကား စိတ်ဓာတ်အားမာန်တို့နှင့် ပတ်သက်၍ ဆန်းစစ်အသုံးချပုံတည်း။

မိမိတပ်များကို စနစ်တကျ စီမံအုပ်ချုပ်ခြင်းဖြင့် ရန်သူ့တပ်များ ဗရမ်းဗတာဖြစ် စည်းကမ်းမဲ့ချိန်ကို စောင့်တိုက် ပါ။ အေးဆေးတည်ငြိမ်စွာ ရှိခြင်းဖြင့် ရန်သူတို့ အုံကြွ ဂနာမငြိမ် ဖြစ်ပေါ်လာချိန်ကို စောင့်တိုက်ပါ။ ဤကား စိတ်ပိုင်းဆိုင်ရာအခြေ အနေကို အသုံးချနည်းတည်း။ စစ်တလင်း အနီးတစ်ဝိုက်ကနေ ရန်သူတို့ဝေးဝေးက လှမ်းလာ ချိန် ကိုစောင့်တိုက်ပါ။ မိမိတို့တပ်များ နားနေအားဖြည့်လျက် ရန်သူတို့အမောဆိုက်လာ ချိန် ကို စောင့် တိုက်ပါ။ မိမိတပ်များ အစာရေစာဝပြီး ရန်သူတု့ိ ဆာလောင်ငတ် မွတ်ဖြစ်ပေါ်ချိန်ကို စောင့်တိုက်ပါ။ ဤကား ကာယအင်အားပိုင်းဆိုင်ရာ အခြေအနေ အရ အသုံးချနည်းတည်း။

အလံတံခွန်တလူလူဖြင့် စည်းစနစ်တကျ အလုံးအရင်းချီတက်လာနေသော ရန်သူ့ တပ်ကို ကြားဖြတ်မတိုက်ပါနှင့်။ တပ်ဖြန့်ဖွဲ့စည်းပုံ အကွက်ကျကျ ထောင့်စေ့အားကောင်းသော ရန်သူ့တပ်ကို ရင်ဆိုင်မတိုက်ခိုက်ပါနှင့်။ ဤကား အပြောင်းအလဲပိုင်း ဆိုင်ရာ အခြေအနေနှင့် လိုက်လျောညီထွေစွာ အသုံးချပုံတည်း။

ထိုးစစ်ရေးရာနည်းဥပဒေသကား ရန်သူတပ်စွဲရာ တောင်ကုန်းဆီသို့ မော့လှန်၍တက်တိုက်ခြင်းရှောင်ပါ။ တောင် ကုန်းပေါ်မှနေ၍ တိုက်ခိုက်ရန် ဆင်းလာနေသော ရန်သူ့တပ်ကို ဆီးကြိုမတိုက်ပါနှင့်။ ရှုံးဟန်ပြ၍ ပြေးဟန်ဆောင်သော ရန်သူ့တပ်နောက်သို့ မလိုက်ပါနှင့်။ စိတ်ဓာတ်ပြင်းထန်တက်ကြွနေသော ရန်သူ့တပ်ကိုမတိုက်ပါနှင့်။



မက်လုံးပေးအကွက်ဆင်ကာ စစ်မြူဖြားယောင်းနေသော ရန်သူ့တပ်ကို အပိုင်မကြံမိ ပါစေနှင့်။ ရန်သူ့တပ်မကြီး ဆုတ်ခွာစခန်းသိမ်းအပြန်ကို ဆီးတားမတိုက်ပါနှင့်။ ရန်သူ့ တပ်မကို ဝိုင်းရံခြေမှုန်းရာတွင် ရန်သူ့အတွက် ပြေးပေါက်ထား ချန်လှပ်တိုက်ရမည်။ စစ်ရှုံးစစ်ပြေး ကစဉ့်ကလျားတပ်ကို ကြောက်ကန်ကန်အောင် ဖိမတိုက်ပါနှင့်။ ဤ သည်တို့ကား ထိုးစစ်ရေးရာ နည်းဥပဒေသတို့ပင်တည်း။

Subscribe Us