Sunday, July 03, 2022

သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဌ၏ တရားအားထုတ်ပုံ နှင့် တရားထူးရရှိပုံ (၁)


     တရားထိုင်သောအခါ အသက်ရှူသောအသံသည် ခပ်မြန်မြန်လွှဆွဲသံ၊ တံစဉ်းတိုက်သံကဲ့သို့ ညအခါများတွင် ပေ (၂၀၀) အကွာအဝေးမှ ကောင်းစွာကြားနိုင်ပါသည်။ ဝင်လေထွက်လေနှုန်းမှာ ၁-မိနစ်လျှင် ဝင်လေအကြိမ် (၁၀၀)၊ ထွက်လေအကြိမ် (၁၀၀) ဝင်လေထွက်လေ စုစုပေါင်း အကြိမ် (၂၀၀) ခန့် ရှိပါသည်။တစ်ခါတရံ (၂၀၀) ထက်ပိုပါသည်။ အရှူအရှိုက်လျင်မြန်သည်ဟု ဆိုနိုင်ပါသည်။ တရားထိုင်နည်းမှာ ၄င်းနှစ်သက်သလို ထိုင်လိုက်ပါသည်။

( သို့သော် တစ်ခါထိုင်ပြီးလျှင် ဣရိယာပုထ် မပြု ပြင်တော့ပါ။ ) ခြေထောက်နှစ်ချောင်းကို ထပ်ထားလေ့မရှိပါ။ တင်ပျဉ်ခွေ၍ ခန္ဓာကိုယ်ကို မတ်မတ်ထားပါသည်။ လက်နှစ်ဖက် ထပ်ထားပါသည်။ မျက်စိစုံမှိတ်ပြီး ခေါင်းကို အနည်းငယ် အောက်သို့ စိုက်ထားပါသည်။တရားထိုင်ရာမှထပြီး အခြားဣရိယာပုထ်ဖြင့် နေစဉ် ဝင်လေထွက်လေကို အသိမလွှတ်ပါ။ အသိကပ်မြဲ ကပ်ထားပါသည်။


      ထိုအချိန်၏ ဝင်လေထွက်လေနှုန်းမှာ တစ်မိနစ်လျှင် ဝင်လေ (၆၀)၊ ထွက်လေ (၆ဝ) ဝင်လေထွက်လေ စုစုပေါင်း (၁၂၀) သို့မဟုတ် (၁၂၀) သာသာ ရှူလေ့ရှိပါသည်။ သာမန်အားဖြင့် လူတစ်ယောက်သည် တစ်မိနစ်လျှင် (၁၆) ကြိမ်၊ (၁၈) ကြိမ်လောက် အသက်ရှူရှိုက်သည်။ ဝင်လေထွက်လေကို မှိန်း၍ ရှူလေ့မရှိပါ။ အခါခပ်သိမ်း ဇောတင်၍လည်း ရှူလေ့မရှိပါ၊ ခပ်သွက်သွက် ခပ်ဆတ်ဆတ် ရှူလေ့ရှိပါသည် ။ အိပ်ချင်စိတ်ပေါ်သောအခါ၊သို့မဟုတ် စိတ်မတည် ငြိမ်သောအခါ ဝင်လေထွက်လေကို ပို၍ ခပ်ဆတ် ဆတ်၊ ပြုပြင်ရှူလိုက်ပါသည်။ မိမိစိတ်ကြိုက် ဝင်လေထွက်လေ ပြောင်းယူလိုက်ပါသည်။ တစ်ခါတစ် ရံ အဆုတ်အညှာပိုင်း၊ လည်ချောင်းအရင်းကပ်၍ လေတိုတို ဝင်လေထွက်လေ ရှူရှိုက်ပါသည်။ တစ်ခါ တစ်ရံ လေမတိုမရှည် ခရီးအလယ်အလတ် ရင်ဝမှ ဝင်လေထွက်လေ ရှူရှိုက်ခြင်းပြုပါသည်။ မိမိစိတ်ကို နှာသီးဝ၌ မြဲစေရန် ဤကဲ့သို့ လေတိုလေရှည် လေလတ်ရှုပြီး လေ့ကျင့်နေပါသည်။

       ယခုအခါ ဆရာတော် အသက်ရှူပုံမှာ လူသာမန်ကဲ့သို့ပင်ဖြစ်ပါသည်။ တစ်မိနစ်လျှင် ၁၆ ကြိမ်၊ ၁၈ ကြိမ်လောက် အသက်ရှူရှိုက်ပါသည်။ တစ်ခါတစ်ရံ တစ်စုံတစ်ခုကို အာရုံပြုသောအခါ မျက်စိစုံမှိတ်ထားတတ်ပါသည်။ ဤအခါမျိုး၌ ခန္ဓာကိုယ်နှင့်ဝင်လေထွက်လေ ရှူပုံရှူနည်းမှာ အသံမကြားရပါ။ ဝင်လေကြောင့် ခန္ဓာကိုယ်နှင့် ဦးခေါင်းအနည်းငယ် မတ်သွားပါသည်။ ထွက်လေကြောင့် ခန္ဓာကိုယ်နှင့် ဦးခေါင်းအနည်းငယ် အရှေ့ဘက် ငိုက်လာပါသည်။ သေသေချာချာ ဖူးမြော်လျှင် မျက်စိမှိတ်၍ ခေါင်းမှန်မှန်ညိတ်ပြီး ခန္ဓာကိုယ်သည် ခပ်မှန်မှန် ခပ်လေးလေး ရှေ့တိုးနောက်ဆုတ်ဖြစ်နေပါသည်။ လေကို ချက်ရောက်အောင် ရှူသည်ဟု ထင်ပါသည်။

        ယောဂီဦးအောင်ထွန်းသည် ၁၃၂၁-ခု တော်သ လင်းလဆန်း၆-ရက်နေ့မှစ၍ ၁၃၂၃-ခု နယုန်လဆန်း (၇) ရက်နေ့အထိ (၂၁) လတိုင်တိုင် မိမိစိတ်ကို မိမိကိုယ်ခန္ဓာမှ မထွက်စေဘဲ ဇွဲနပဲကြီးစွာဖြင့်တရားရှာခဲ့ပါသည်။ ထိုလများတွင် တစ်လထက် တစ်လ ဆတက်ထမ်းပိုး သမာဓိအင်အား တိုးပွားလာပါ သည်။ တရားရရန်လည်း ကြောက်ခမန်းလိလိ အဖျက်အဆီးများ ပိုများလာပါသည်။ အဆင့်ဆင့် သညာပယ်နိုင်စွမ်းရှိခဲ့၍သာ ယခု အခြေအနေသို့ ရောက်ခဲ့ရပါသည်။ ယခုဖော်ပြရသည်မှာ တာထွက်ခါစသာ ရှိပါသေးသည်။

 နဂိုက ဇွဲသမား

       ယောဂီဦးအောင်ထွန်း တရားထိုင်ပုံထိုင်နည်းများ ဖော်ပြခဲ့သည့်အတိုင်း ဖြစ်ပါသည်။ (သမာဓိထူပုံမှာ အိပ်ချိန် စားချိန်နှင့် လမ်းလျှောက်ချိန်မှအပ ၂၄-နာရီပတ်လုံး မိမိစိတ်ကို နှာသီးဝမှဝင်လေထွက်လေကို အသိကပ်ထားပါသည်။) လေဝင်သောအခါ လေဝင်မှန်းသိအောင် သတိပြုနေပါသည်။ လေ ထွက်သောအခါ လေထွက်မှန်းသိအောင် သတိပြုနေပါသည်။ လေဝင်တိုင်း ထွက်တိုင်း နှာသီးဝထိ ခိုက်သွားသည့်နေရာကို အမိဖမ်းထားပါသည်။ မိမိစိတ်တည်ငြိမ်မှုမရဘဲ သဘာဝအလျောက် လွင့်ချင်ရာလွင့်သော အခါ လေတို- လေရှည်နှင့် မတိုမရှည်လေကို တစ်လှည့်စီ အဆင်သင့်သလို ပြောင်းပြီး နေပါသည်။ လေရှူပုံရှူနည်းကို ပြောင်းပေးသော်လည်း စိတ်က နှာသီးဝ "ထိ" သည်ကို သိနေစေပါသည်။

ထိုစိတ်ကိုနှာသီးမှ မည်သည့်နေရာကိုမှ မပြောင်းရန် ကြိုးစားနေပါသည်။

       ယောဂီဦးအောင်ထွန်းသည် ဗုဒ္ဓဘာသာ အယူဝါ ဒအရ တရားရှာရာတွင် ဣရိယာပုထ် လေးမျိုးရှိသော်လည်း ထိုင်သော ဣရိယာပုတ်ဖြင့် တစ်နေ့လျှင် (၁၆) နာရီမျှ အားထုတ်နေပါသည်။ထိုသို့ထိုင်သော အလုပ်ချိန်သက်သက်ကို ထောက်ရှုခြင်းအားဖြင့် မည်မျှနာမည်၊ ကျင်မည်၊ ဒဏ်ခံရမည်ကို မှန်းဆနိုင်ပါသည်။ သူ၏ ဇွဲနပဲကြီးပုံကိုလည်း သိနိုင်ပါသည်။ သူမည်မျှပင် ဇွဲနပဲ ကြီးစေကာမူ တရားထိုင်သောအခါ ကြမ်းခင်းနှင့် ခြေမျက်စိ၊ တင်ပါးဆုံထိသော နေရာများမှစ၍ နာပြပါပြီ၊ ကျဉ်ပြပါပြီ၊ ခြေထောက် နာနေသည်။ ကျဉ်နေသည်ကို ဦးအောင်ထွန်း ဂရုမစိုက်ပါ၊ ပေပေ တေတေ အောင့်ခံခဲ့ပါ သည်။ သူ အောင့်ခံသော်လည်း နာခြင်း သဘောတ ရားက နာမြဲနာနေပါသည်။ ကျဉ်ခြင်း သဘောတ ရားက ကျဉ်မြဲ ကျဉ်နေပါသည်။ ဒီခန္ဓာကိုယ်ကြီးကပဲ နာနိုင် ကျဉ်နိုင်မလား၊ ငါကပဲ ခံနိုင်မလား၊ ဝေဒနာနှင့် ပြိုင်၍ ပေပေတေတေ အောင့်ခံနေပါသည်။ (အနာသက်သာရန် မွေ့ရာကိုလည်း မသုံးခဲ့ပါ၊ စောင်လည်းမခုခဲ့ပါ )။ ပထမဦးဆုံးအကြိမ် မိမိခန္ဓာကိုယ်မှ တက်လာသောဝေဒနာမှာ အသက်ထွက်သည့်ပမာ ခံစားရပါသည်။ ဤကဲ့သို့ နာကျင်ကိုက်ခဲဖြစ်နေစဉ် ဝင်လေထွက်လေကိုလည်း အသိမလွတ်ရန်သတိပြု နေပါသည်။ နဂိုမူလစိတ်ကို နှာသီးဝမှာ ငြိမ်ငြိမ်ထားပါလျက် အဘယ်ကြောင့် နာသည့်ဘက် စိတ်ရောက်သနည်း။ အဘယ့်ကြောင့် ကျင်သည့်ဘက် စိတ်ရောက်ရသနည်း။ မရောက်ချင်၍လည်းမရ၊နာကျင် သည့်ဘက်သို့ စိတ်ရောက်နေရပြီ။

      ဦးအောင်ထွန်းအဖို့ ဝေဒနာအစ၊ ဝေဒနာအလယ် ၊ ဝေဒနာအဆုံး လုံးလုံး မသိသေးပါ။ သာမန်လူများကဲ့သို့ နာမှန်း ကျဉ်မှန်းသိရုံသာသိပါသည်။ ဝေဒနာသဘော မရိပ်စားမိသေးသည့်အတွက် နှာသီးဝ ဝင်လေထွက်လေ တစ်ခုတည်းကိုသာ အာရုံစိုက် လုံး ပန်းနေပါသည်။ နှာသီးဝ ဝင်လေထွက်လေ တစ်ခုတည်းကို အသိကပ်ထားလျှင် သမာဓိသက်သက် သမထနယ် ရောက်သွားမည်ကိုလည်းသူ မသိခဲ့ပါ။

တရားမရ မထတော့ပြီ

       နှာသီးဝ ဝင်လေထွက်လေကို မိမိက ဇွတ်အသိကပ်ထားသော်လည်း နာကျင်သည့်အခါ နာသည့်ဘက်၊ ကျဉ်သည့်ဘက်သို့ မသိချင်မနေရ၊ အသိရောက်သွားပြန်ပါသည်။ ရုပ်နှင့် နာမ်ကိုလည်း အတူတကွဖြစ်ပြီး အတူတကွ ချုပ်ပျက်ကြသည်ကို သူနားမလည်ပါ။ အခါပေါင်းများစွာ နှာသီးဝမှ အသိလွှတ်ပြီး နာကျင်ကိုက်ခဲဘက်သို့ အသိရောက်လေ့ရှိပါသည်။ ဤကဲ့သို့ နာကျင်ကိုက်ခဲသည့်ဘက်သို့ တစ်ဖက်သတ် အသိရောက်ပြီး နာတယ်-ကျဉ်တယ်ဟုထင်သောအခါ ပိုနာလာတတ်ပါသည်။ မခံနိုင်ပါလားဟု ထင်သောအခါ ပို၍ မခံမရပ်နိုင်အောင် ဖြစ်လာပါသည်။ မိမိစိတ်က သတ်မှတ်သ လို နာသဘော၊ ကျဉ်သဘောအတက်အကျ ဖြစ်နေပါသည်။ နာတယ်-ကျဉ်တယ် ထင်သောအခါ တကယ်နာနေပါသည်။ တကယ်ကျဉ်နေပါသည်။ နာမ်ညွတ်ရာ ရုပ်ဇာတိဖြစ်သည့် အသိဉာဏ်ရရန်များစွာ လိုပါသေးသည်။ သို့သော် ဦးအောင်ထွန်းသည် နဂိုဗီဇက ဇွဲကောင်းသူဖြစ်သည့်အားလျော်စွာ မည်မျှပင် မခံမရပ်နိုင်ဖြစ်အောင် နာကျင်ကိုက်ခဲ ဖြစ်နေစေကာမူ၊ မိမိတရားမရလျှင် မထတော့ပြီဟုစိတ်တင်းပြီး ထိုင်လေ့ရှိပါသည်။ နာကျင်ကိုက်ခဲကို မေ့ပျောက်နိုင်ရန် သက်သာစေရန် အသက်ပြင်းပြင်းရှူပြီး နှာသီးဝကို အသိကပ်နေပြန်ပါသည်။ ဤနည်းဖြင့် တက်လာသော ဝေဒနာကို ပယ်ထုတ်နေပါ သည်။ ဤသို့လျှင် မိမိဆန္ဒအရ မိမိစိတ်ကို နှာသီးဝမှာ တစ်ဖက်သတ် အသိကပ်လိုကကပ်၊ သဘာဝဖောက်ပြန်သော နာကျင်ကိုက်ခဲဘက်သို့ မိမိဆန္ဒ မပါ၊ မိမိစိတ်က အလိုလို ညွတ်လိုညွတ်ဖြစ်နေစဉ် ဦးအောင်ထွန်းသည်တစ်ကိုယ်တည်း တဗုန်းဗုန်း တဗိုင်းဗိုင်း လဲနေခဲ့ပါသည်။ထိုင်ရာမှ လဲကျသွားသော်လည်း မိမိမူလ နှာသီဝ၌ထားသောစိတ်ကို အခြားမရောက်စေရန် အသိကပ်မြဲ ကပ်ထားလေ့ရှိသည်။

     သူ၏လေ့ကျင့်ခန်းကိုဆန်းစစ်လျှင်

 (၁)တရားထူးကိုရလိုမှု၊ သဒ္ဓါတရားသန့်သည့် သဒ္ဓါ 

      ဗိုလ်၊ 

(၂) အားကြီးသော လုံ့လဝီရိယစိုက်ထူသည့် ဝီရိယ

      ဗိုလ်၊ 

(၃) မြဲမြံသော အမှတ်သတိပြုသည့် သတိဗိုလ်၊ 

(၄) စူးစူးစိုက်စိုက် တည်တည်ကြည်ကြည် စိတ်ထား

      သည့် သမာဓိဗိုလ်တည်း ဟူသော ဗိုလ် လေးပါး 

      ရှေ့တန်းထားပြီး 

(၅) ဝိပဿနာ အသိဉာဏ်ဖြစ်သည့် ပညာဗိုလ်ရရန် 

      တိုက် ပွဲဝင်နေပါသည်။

၁။ အအိပ်အစား အလွန်နည်းပါးနေပါသည်။

၂။ ထကြွဝီရိယ အမြဲရှိနေပါသည်။

၃။ ဘာဝနာပွားရာ၌ စွဲစွဲမြဲမြဲ ရှုမှတ်နေပါသည်။

၄။ အပြောအဆိုနည်းအောင် တစ်ကိုယ်တည်း 

     တရားဝင်နေပါသည်။

နဂိုဖြတ်ထိုးဉာဏ်ရှိသူ

        ရှေးပညာရှိများ ဗမာစကား တိုတိုထားခဲ့သည် မှာ “ကြိုးစားက ဘုရား ဖြစ်နိုင်သည်” ဦးအောင်ထွန်း ကြိုးစားနေပါသည်။ ဤကဲ့သို့ ကြိုးစားရင်း “မုဆိုးစိုင်သင်" ဆိုသကဲ့သို့ မခံမရပ်နိုင်အောင် တက်လာသော ဝေဒနာကို ပေပေတေတေ အောင့်ခံ၍ လည်းမရ၊ မညွတ်ချင်သော်လည်း ညွတ်နေရသောကြောင့် အခံရ သက်သာစေရန် အကြံတစ်ခု ပေါ်လာပါသည်။ ဤအကြံသည် ရှေ့တက်လှမ်းအတွက် သော့ချက် ဖြစ်ပါသည်။ ချောတိုင် တစ်ခုကို ဗိုက်နှင့် ဖက်တက်နေရာမှ လှေကားဖြင့် ထောင်တက်ရသကဲ့သို့ ခရီးပေါက်သွားပါသည်။ မိမိမခံသာအောင် နာလာသောအခါ နှာသီးဝ ဝင်လေထွက်လေကို ခပ်ပြင်းပြင်း ခပ်ဆတ်ဆတ် ရှူပေးလိုက်ခြင်းအားဖြင့် အခံရသက်သာလာသည်ကို တွေ့ရပါသည်။ ဝေဒနာပျောက်ကင်းသွားသည်အထိ ဝင်လေထွက်လေကို ဖိရှူသောအခါ နှာသီးဝ အသိတစ်ခုတည်း ကျန်ပြီး နာကျင်ကိုက်ခဲ ဝေဒနာ၏သဘာဝကို မသိဘဲ တစ်မျိုး ဖြစ်နေပါသည်။ မျက်စိထဲမှာ အရောင် အဆင်းအမျိုးမျိုး မြင်နေရပါသည်။ သမာဓိများပြီး သမထနိမိတ်များ ပေါ်လာပါသည်။ သာမန်ပုဂ္ဂိုလ်များသည် သမာဓိနိမိတ်ပေါ်ရန် အတော် ကြိုးစားရပါသည်။ ရိုးရိုးနိမိတ် ပေါ်လေ့ရှိပါသည်။သို့သော် သက်တော်ထင်ရှား မြတ်စွာ ဘုရားနှင့် စကားပြောရသည့် အခြေဆိုက်နေလျှင် ဘဝင်မြင့်ပြီး ရှေ့လုပ်ရမည့်လုပ်ငန်းကို မေ့တတ်ပါသည်။ ရည်ရွယ်ချက် ပျောက်သွားတတ်ပါသည်။ သမထနှင့်ပျော်ပိုက်ပြီး ဝိပဿနာမကူးဘဲ သောင် တင်နေတတ်ပါသည်။ 

      တစ်ဖန် နှာသီးဝ အသိလွတ်ပြီး ဝေဒနာဘက်သို့ တစ်ဖက်သတ် အသိရောက်နေပြန်လျှင် အခြေခံထားသော သမာဓိအင်အားနည်းနေသောကြောင့် ဝေဒနာ ဆောင့်တက်လာသောအခါ မချိတင်ကဲ အလူးအလဲ ခံရတတ်ပါသည်။ သာမန်လူများသည် ဤအဆင့်သို့ရောက်လျှင် အရှုံးပေးတတ်ကြပါ သည်။ ဝေဒနာက နိုင်သွားပါသည်။

        ထို့ကြောင့် နာကျင်ကိုက်ခဲ ဝေဒနာတစ်ကျပ်ဖိုး တက်လာလျှင်နှာသီးဝက တစ်ကျပ်ဖိုး ခပ်ဆတ် ဆတ် အသက်ရှူ၍ အသိကပ်ခဲ့ပါသည်။ ဝေဒနာက နှစ်ကျပ်ဖိုး တက်လာလျှင် နှာသီးဝက နှစ်ကျပ်ဖိုး တိုးမြှင့်၍ လေဆတ်ဆတ် ရှူပြီး အသိကပ်ပါသည်။ ဖြစ်ပေါ်လာသော ဝေဒနာနှင့်ချိန်၍ လေရှည်ကို အသုံးပြုခဲ့ရသကဲ့သို့ လေတိုနှင့်မတိုမရှည်ကိုလည်း အသုံးပြုပါသည်။ နှာသီးဝတွင်ထားသော သမာဓိ အင်အားကို ဖြစ်ပေါ်နေဆဲ နာကျင်ကိုက်ခဲဝေဒနာနှင့် ညှိပေးပြီး တရားရှာနေပါသည်။ နွားနှစ်ကောင် တပ်ထားသော လှည်းကဲ့သို့ ဆွဲနေသော နွားများကို ပြိုင် တူမောင်းပေးနေရသည်။ ထမ်းပိုးနပ်နှောအောင် ကျင့်ပေးနေရပါသည်။ နွားနှစ်ကောင် ပြိုင်တူလှည်းဆွဲနေလျှင် လှည်းဘီး ခရောင်းပေါ်သို့ မတက်တော့ပါ။လမ်းမှန်သွားနေပါသည်။ လမ်းမှန်ပေါ်သွားနေလျှင် ခရီးရောက်ပါတော့မည်။

          ဖြစ်ပေါ်လာသော ဝေဒနာအပေါ် မသိမသာ ဒေါသမဖြစ်တော့ပါ။ သာယာမှု လောဘလည်း မရှိတော့ပါ။ တရားသဘောမှာ အလွန်နူးညံ့ပါသည်။ ခပ်စောစောပိုင်းက ဝေဒနာတက်လာသောအခါ မိမိစိတ်က ဒေါသဖြစ်သည်ကို မသိလိုက်ပါ။ နာသည့်ဝေဒနာအပေါ် မနှစ်သက်ဘဲ ဖြစ်နေပါသည်။ မခံ ချင်စိတ် ဖြစ်နေပါသည်။ ဒေါသစိတ်နှင့် ယှဉ်နေ သည်ကို မသိပါ။ မိမိခံသာ၍ တက်လာသော ဝေဒညနာကို မိမိလက်ခံနေသည်မှာ လောဘစိတ်နှင့်ယှဉ်နေသည်ကို သတိမပြုမိခဲ့ပါ။ တရားလိုချင်အားကြီးဖြစ်ပြီး ရှေ့လောကြီးနေခဲ့ပါသည်။ ယခုမူကား ရှေ့သို့လည်း လောမကြီး၊နောက်ပိုင်းကိုလည်း မတွေးတော့ဘဲ ပေါ်ဆဲ ရုပ်နာမ်ကို ပစ္စုပ္ပန်တည့်တည့် ရှုမှတ် ဆင်ခြင်နေပါတော့သည်။ သီလ-သမာဓိ

ပညာ-သိက္ခာ သုံးပါးအနက် သီလနှင့် သမာဓိ ဖြစ်နေပါပြီ။ ပညာဉာဏ် မရသေးပါ။ မဆိုက်ရောက်သေး ပါ၊ အနာဂတ်ကာလ ရုပ်နာမ်ကို အာရုံပြုရခြင်းမှာ မရှိတာ အရှိလုပ်နေရခြင်းကြောင့်လည်း တုန်လှုပ်ချောက်ချားခြင်း ဖြစ်တတ်လေသည်။ အတိတ်က ဖြစ်ပေါ်ပြီးသော ရုပ်-နာမ်များမှာလည်း ယခုမရှိတော့ပြီ။ ချုပ်ပျက်၍ လွန်ကုန်ပြီ မရှိတာ-အရှိလုပ်၊ ရှုမှတ်ဆင်ခြင်ပြန်လျှင် စိတ်မတည်ငြိမ်ဘဲ ပျံ့လွင့် တတ်သည်။ ထို့ကြောင့် တရားရှာသော ယောဂီအဖို့ ဖြစ်ပေါ်နေဆဲ ရုပ်နာမ်၊ ပစ္စုပ္ပန်တည့်တည့် ရှုမှတ်ဆင်ခြင်ရန် အရေးကြီးပါသည်။ (ဤအချိန်တွင် ယောဂီ ဦးအောင်ထွန်းသည် ဖြစ်ပေါ်နေဆဲ ရုပ်နာမ်ကို ရှုမှတ်ဆင်ခြင်နေပါသည်။)

နဂိုမှတ်ဉာဏ်ကောင်းသူ

       နာသောဝေဒနာ ပေါ်လာလျှင် နာမှန်းသိလိုက်ပါသည်။ ကျဉ်သော ဝေဒနာပေါ်လာလျှင် ကျဉ်မှန်းသိလိုက်ပါသည်။ အသိကင်းမဲ့ခြင်း မရှိခဲ့ပါ။ တရားထိုင်စဉ် ခြေထောက်ကျဉ်သည်နှင့် တစ်ပြိုင်နက် ငါ့ခြေထောက် ကျဉ်စပြုပြီဟု သိလိုက်ပါသည်။ ခြေ ထောက်ကျဉ်နေစဉ်အခါ မိမိအသိဉာဏ်က တခြားရောက်မသွားပါ။ ခြေထောက် ကျဉ်နေပြီဟု သိနေပါသည်။ ဤကဲ့သို့ ခြေကျဉ်နေရာမှ ရုတ်တရက် လက်ရှိ ခံစားရသည်ထက် ပိုပြီး ကျဉ်သော ဝေဒနာကို ခံစားရပြန်သည်။ ဤအခါ၌ ပထမရိုးရိုး ကျဉ်နေစဉ်က ခံစားရသောဝေဒနာတစ်ခု ဆုံးပြီဟု သိလိုက်သည်။ ထိုမှ ကာလမခြား၊ နောက်တစ်ခု စပြီဟု သိလိုက်ပြန်ပါသည်။ ဤသို့လျှင် ကျဉ်နေသောဝေဒနာတစ်ခု၏ အစ အလယ်အဆုံး သုံးပါးလုံးကို ကုန်စင် အောင်အသိ ကပ်ထားလေ့ ရှိပါသည်။ ထိုနည်းတူစွာ နာသောဝေဒနာ၊ ပူသောဝေဒနာ၊ အေးသောဝေဒနာ၊ လှုပ်ရှားသောဝေဒနာ၊ ထောက်ကန်နေသောဝေဒနာ စသည်ဖြင့် အမျိုးမျိုးတွေ့ကြုံရပါသည်။ ခန္ဓာကိုယ်တွင်း၌ တွေ့ကြုံရသောဝေဒနာများကို အစ-အလယ် အဆုံး ဖြစ်ပေါ်တိုင်း အသိကပ်ထားပါသည်။ ဝင်လေထွက်လေကို ဝေဒနာအတက်အကျပေါ် မူတည် ၍ ညှိပြီး အသိကပ် ရှုနေပါသည်။

နဂိုက သဘာဝလေ့လာတတ်သူ

       ဝေဒနာအကြိမ်ကြိမ်ချုပ်သည်အထိ လေ့ကျင့် ခန်းဝင်နေသော ယောဂီဦးအောင်ထွန်းသည် ဝေဒနာ ချုပ်ပုံချုပ်နည်း သဘာဝကို နောကျေနေပါသည်။ ဝေဒနာတို့မည်သည်လျှပ်တစ်ပြက် လျင်မြန်စွာ ကာ လမခြားချက်ချင်း ချုပ်ပျက်သည်လည်းရှိ၊တဖြည်း ဖြည်း တရွေ့ရွေ့ ချုပ်ပျက်သည်လည်း ရှိ၏။ ဝေဒ နာ နုံးနေသည်လည်းရှိ၏။ သန်းခေါင် အမိုက်မှောင်မှ ပထမ အရုဏ်အလင်းရောင်သည် တဖြည်းဖြည်း တရွေ့ရွေ့ မှောင်ထုကို ခွင်းပြီး လင်းရောင်ပေးလာ

သည်။ ထိုမှတစ်ဖန် ဒုတိယ အရုဏ်အတက် တစ်စ တစ်စ အလင်းရောင်လာပါသည်။ ၄င်းနောက် နေကို မမြင်ရသော်လည်း အလင်းရောင်လင်းလာပါသည်။ နောက်ဆုံး နေလုံးမြင်ရပြီး အလွန်လင်းသော အရောင်ကိုရပါသည်။ ထိုနည်းတူစွာ ဝေဒနာတို့မည် သည် သန်းခေါင်မှ သည် နံနက် နေထွက်တိုင်အောင် တဖြည်းဖြည်း ပြောင်းလဲလာသကဲ့သို့လည်း ရှိ၏။ မှောင်မိုက်နေသော အခန်းကို ဓာတ်မီးခလုတ် နှိပ်လိုက်သောအခါ လျှပ်တစ်ပြက်ကာလမခြားအလင်း ရောင် ချက်ချင်းရသကဲ့သို့ လျင်မြန်စွာ ပြောင်းလဲချုပ်ပျက်တတ်သော သဘာဝလည်းရှိ၏။ ယခင်က နာကျင်ကိုက်ခဲနေသော ဒဏ်ရာသည် ဘယ်ပျောက်မှန်းမသိ၊ ကြက်ပျောက် ငှက်ပျောက် လျှပ်တစ်ပြက် မြန်စွာ ပျောက်သွားပါသည်။ ချုပ်သွားပါသည်။

( မဂ်ကြီးဆိုက်သောအခါ တွေ့တတ်သော သဘာဝတစ်ခုဖြစ်လေသည်။) ဝေဒနာများမှာလည်း လေ့ ကျင့်ဖန်များသောအခါ ယခင်ကကဲ့သို့ ပရမ်းပတာ ဝေဒနာမတက်ဘဲ ခပ်လေးလေး ခပ်မှန်မှန် ဝေဒနာတက်လာတတ်ပါသည်။ လက်တွေ့ ကျင့်ကြံအား ထုတ်လျှင် အလွန်ထင်ရှားပါသည်။ စာအားဖြင့် ဖော်ပြရလျှင် အလွန်များပါသည်။ ယောဂီဦးအောင်ထွန်းအဖို့ နောကျေနေပါပြီ။

       ဤကဲ့သို့ လေ့ကျင့်နေစဉ် တောင့်တင်းခြင်းကိုလည်း တွေ့ကြုံခဲ့ရသည်။ ရင်တွင်းမှကျပ်သလိုလိုလည်း ခံခဲ့ရသည်။ တစ်ကိုယ်လုံး နတ်ပူးသကဲ့သို့ တုန်တုန်ယင်ယင် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကိုလည်း ကြုံခဲ့ရသည်။ ပါးစပ်မှ သွားရည်များကျပြီး နှာခေါင်းမှ နှပ်များ ယိုစီးနေသည်ကိုလည်း ခံခဲ့ရသည်။ တစ်ခါတစ်ရံ မီးစနှင့်ထိုးလိုက်သကဲ့သို့ အပူဒဏ်ကိုလည်း ခံခဲ့ရသည်။ ဤသို့အမျိုးမျိုးအဖုံဖုံ အတွေ့အကြုံ များလာသောအခါ မိမိခန္ဓာကိုယ်သည် ပူသော လက္ခဏာနှင့် အေးသော လက္ခဏာလည်း ရှိသည်။ အတုံးအခဲဖွဲ့စည်းနေသော လက္ခ ဏာနှင့် ယိုစီးသောလက္ခဏာလည်း ရှိသည်။နာကျင် ကိုက်ခဲ တောင့်တင်းသော လက္ခဏာလည်း ရှိသည်။ နာကျင်မှုစသည့် ဝေဒနာတို့သည် အကောင်အထည် ဘာမျှမရှိ၊ ကိုင်တွယ်ပြစရာ မရှိ၊ နာတတ်သော သဘောလက္ခဏာ၊ ကျင်တတ်သော သဘော လက္ခ ဏာမျှသာ ရှိလေသည်။ (အချုပ်အားဖြင့် ဤခန္ဓာ ကိုယ်ရုပ်ကြီးသည် အမျိုးမျိုး ဖောက်ပြန်နေသော ရေဓာတ် မြေဓာတ် လေဓာတ်နှင့် မီးဓာတ်သဘောမျှသာရှိသည်ကို အသိဉာဏ် ဝင်လာပေသည်။)

        ၄င်းပြင် လေနှင့်မီးဓာတ်တို့သည် အချင်းချင်း အကျိုးပြုကြသည်။ ထို့အတူ မြေနှင့်ရေဓာတ်တို့ သည် အချင်းချင်း အကျိုးပြုကြသည်။ မီးနှင့်ရေသည်လည်းကောင်း၊ မြေနှင့်လေသည် လည်း ကောင်း၊ ဆန့်ကျင်ဘက် ဖြစ်ကြလေသည်။ ထိုအကြောင်းကို ဦးအောင်ထွန်း နားလည်လာပါသည်။ တရားထိုင်စဉ် ပါးစပ်မှ သွားရည်များ၊ နှာခေါင်းမှ နှပ်များ ထွက်နေစဉ် ခန္ဓာကိုယ်မှလည်း နာကျင်ကိုက်ခဲ ဖြစ်နေတတ်သည်။ ဤကဲ့သို့ ရေဓာတ်နှင့် မြေဓာတ်တစ်လှည့်စီ ဦးဆောင်၍ ဝေဒနာဖြစ်နေသောအခါ လေသဘောခန္ဓာကိုယ်ကြီး ဆက်ကာဆက်ကာ လှုပ်ရှားပြီး ရေသဘောနှပ်များမှာယခင်ထက် ပိုမို ယိုစီးလာတတ်လေသည်။ ဓာတ်လက္ခ ဏာသဘောမှာ မြေနှင့်ရေ ပျော်ပျော်ပါးပါး အသုံး တော်ခံနေစဉ် လေဓာတ်က ဝင်နှောက်ပြီး ဘတစ်ပြန်-ကျားတစ်ပြန် ဖြစ်နေသည်။ အတန်ကြာသော အခါ များရာ ဓာတ်ကနိုင်၍ ဦးဆောင်တက်ပြန်လေသည်။ ခန္ဓာကိုယ်အတွင်း၌ ဓာတ်ကြီးလေးပါးရှိရာ ကြီးနိုင်ငယ်ညှဉ်း ဆိုသကဲ့သို့အင်အာကြီးသော ဓာတ်တစ်ပါးက အစွမ်းပြစဉ် ကျန်ဓာတ်သုံးပါးကဝပ်နေရသည်။ ကွမ်းယာထဲတွင် ကွမ်း - ဆေး-ထုံး - ကွမ်းသီး လေးမျိုးအမျှ စီထား၍ စားလျှင် အရသာရှိလေသည်။ ထုံးက များသောအခါ ထုံးက မင်းမူပြီး ပါးစပ်တစ်ခုလုံး ပေါက်ပြန်သည်။ကျန် ကွမ်း-ဆေးနှင့် ကွမ်းသီးတို့က ဝပ်နေရသည်။ ဆေးက သူ့အ လှည့် သူ ဘုရင်လုပ်ပြီး မင်းမူပြလိုက်သည်။ “ရေများ ရေနိုင်၊ မီးများမီးနိုင်” ဆိုသည့်စကားအတိုင်း များရာဓာတ်က နိုင်နေသည်ကို ဦးအောင်ထွန်း ကောင်းကောင်းကြီး သိနေပါသည်။

       လူတိုင်းလူတိုင်းသည် တစ်နေ့သောအခါ ဓာတ်လေးပါးအနက်ဓာတ်တစ်ပါးက ဦးဆောင် ဖောက် ပြန်သောကြောင့် ကာယခန္ဓာပျက်ရမည်မှာ သေချာသည်။ မိမိအား ဘယ်ဓာတ်က သတ်မည်နည်း” တရားထိုင်သောအခါ ပထမဆုံးအကြိမ် ဦးဆောင်သော ဓာတ်ကမုချ သတ်လိမ့်မည်ဟု ဆရာတော် မိန့်ကြားလေ့ရှိသည်။ ထို့ကြောင့် တရားယောဂီတို့သည် ပထမ တရားထိုင်စ မိမိ ပထမရှေးဦးစွာ တွေ့ကြုံရသော ဓာတ်သဘောကို နောကျေနေစေရန် အရေး ကြီးလေသည်။ ( ဖြစ်စ- ဖြစ်လယ် ဖြစ်ဆုံးသိထားလျှင် အပါယ်ဘေးမှ ဝေးနိုင်မည်။)

#တတိယအကြိမ်ပူဇော်ပါသည်

#သာဝက‌ဝေနေယျ_ThuKha_1_of_2

#Credit_ဝိပဿနာနှင့်ဉာဏ်ပညာ

Subscribe Us