Thursday, September 01, 2022

သေနည်းကောင်း

သေခါနီးကြလျှင် ဟိုအရေး၊ သည်အရေးတွေ ပြန်တွေးမနေနဲ့၊ ငယ်ငယ်တုန်းက မသိလို့မိုက်ခဲ့မိတာတွေ၊အကုသိုလ်လုပ်ခဲ့မိတာတွေ ပြန်မတွေးမိစေနဲ့။ ကုသိုလ်တွေ လုပ်ရမယ့်ဟာ မလုပ်ခဲ့ရသေးပါ သလားလို့လည်း ပြန်မတွေးမိစေနဲ့။ အားလုံးကို ဖြုတ်ချ။ တရား အားထုတ်နေတဲ့အခါဖြစ်စေ၊ တရားအားမထုတ်ဘဲနဲ့ နေတဲ့အခါမှာဖြစ်စေ ဘယ်တော့မှ ပြန်တွေးမနေပါနဲ့၊ အဲဒါတွေ ဖျောက်ပစ်။ အဲသလို တွေးတာဟာ ဥဒ္ဓစ္စခေါ်တယ်။ အဲ့ဒါ ပျံ့လွင့်တာ။ ကုက္ကုစ္စခေါ်တဲ့ နောင်တရတာ၊ ပူလောင်တာ၊ စိုးရိမ်းတာ။ အဲသလိုတွေ ပြန်တွေးတော့ အဟောင်းတွေက အသစ်ဖြစ်ပြီး အာသန္နကံဖြစ်သွားလို့ရှိရင် အပါယ်ကို တန်းကျလိမ့်မယ်။ 

အဲ့ဒီတော့ အဟောင်းတွေ မလာစေနဲ့၊ မတွေးနဲ့၊ ပစ္စုပ္ပန်ခန္ဓာကိုသာ ရှုပေး၊ တွေးမိနေရင် အဲသည့်တွေးမိတဲ့ စိတ်ကို နောက်ဉာဏ်နဲ့ ဖြစ်ပျက် ရှုပေး၊ ပူပန်ရင် ပူပန်တာကို ဖြစ်ပျက်ရှုပေး၊ ပေါ်လာသမျှကို ဖြစ်ပျက်သာ ရှု၊ ဝေဒနာပေါ်ရင် ဝေဒနာကို ဖြစ်ပျက်ရှု၊ သေရင်လည်း ဖြစ်ပျက်ရှုပြီး သေရုံပဲ၊ ဖြစ်ပျက်ရှုပြီးသေရင် သေတဲ့အချိန်မှာပဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ်။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ပြီးမှ ရှုပြီးသေလိုက်ဦးမယ်ဆိုရင် သေခါနီးမှာ ရဟန္တာတောင် ဖြစ်နိုင်သေးတယ်။ 

(မိုးကုတ်ဆရာတော်ဘုရားကြီး သေနည်းကောင်းတရားတော်မှ)

Subscribe Us