Wednesday, July 01, 2020

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ ၇၅ ဦးအား မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူများက မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၂) မှတစ်ဆင့် ပြန်လည်လွှဲပြောင်းလက်ခံ



နေပြည်တော် ဇွန် ၃၀

ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေး ဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာများမှ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၇၅ ဦးအား ဇွန် ၂၆ ရက်က မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၂)မှ တစ်ဆင့် ပြန်လည်လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရ သည်။ 

ယင်းသို့ လွှဲပြောင်းလက်ခံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်သူနိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင် နှင့်နိုင်ငံသားဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(မြဝတီ)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြဝတီမြို့ ပြည်သူ့ဆေးရုံတို့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့က ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေး ဝန်ကြီးဌာန၊ Songkhla Shelter မှ ညွှန်ကြားရေးမှူး Mr. Parinwat Thitiphonthannawit ဦးဆောင်သော အဖွဲ့ထံမှ အထောက်အထား စာရွက်စာတမ်းများနှင့် လူကုန်ကူးခံရသူများအား ထိုင်းနိုင်ငံအစိုးရ၏ ထောက်ပံ့ ငွေစုစုပေါင်း ထိုင်းဘတ် ၅၂၄၄၁၇ နှင့်အတူ လွှဲပြောင်း လက်ခံသည်။



ပြန်လည်လွှဲပြောင်းလက်ခံပြီးသူ ၇၅ ဦးအား မြဝတီ မြို့ ရွှေမြဝတီဈေးအနီးရှိ MoU ရုံးတွင် ၂၁ ရက်ကြာ အသွား အလာကန့်သတ်ထားရှိပြီး နှာခေါင်းတို့ဖတ်နမူနာယူ၍ Coronavirus ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် လိုအပ်ပါက ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်မည်ဖြစ်ပြီး ၂၁ ရက်ကာလအတွင်း လိုအပ်ချက်များကို ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတို့မှ ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်မည် ဖြစ်သည်။

ယင်းတို့အား မိဘနေရပ်ပြန်လည်စေလွှတ်အပ်နှံ ရာတွင် ၎င်းတို့ရရှိလာသော ထောက်ပံ့ကြေးငွေများကိုတစ်ဦးချင်းစီအလိုက် ပြန်လည်ထုတ်ပေးမည့်အပြင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တစ်ဦး လျှင် ငွေကျပ် နှစ်သိန်းနှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ပြန်လည်လွှဲပြောင်းလက်ခံခြင်း၊ ၂၁ ရက်စောင့်ကြည့် ထားရှိခြင်းနှင့် မိဘရပ်ထံပြန်လည်စေလွှတ်ခြင်းလုပ်ငန်း များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။ မူလက ထိုင်းနိုင်ငံမှ လူကုန်ကူးခံရသူ ၇၉ ဦးအား လွှဲပြောင်းလက်ခံရန်ဖြစ်သော် လည်း အမျိုးသမီး လေးဦးမှာ လူကုန်ကူးမှုနှင့်ဆက်စပ်၍ အခြားအမှုများအတွက် တရားရုံးတွင် သက်သေထပ်မံ ထွက်ဆိုရန်ရှိသဖြင့် ၇၅ ဦးကိုသာ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Subscribe Us