Saturday, February 29, 2020

ထိုင်းနိုင်ငံ၌ အလည်ဗီဇာဖြင့်လာရောက် အလုပ်လုပ်ကိုင်ခြင်းသည် တရားမဝင်ပါ


ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားအများစုသည် ထိုင်းနိုင်ငံသို့တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုစေ့ငှစွာလေ့လာမှုမရှိဘဲ
ပွဲစားများ၏ပြောစကားအား လက်ခံယုံကြည်ကြပြီး အလည်ဗီဇာသက်တမ်းအမျိုးမျိုး(၃လ) (၁နှစ်)၊ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Border Pass)အပါဝင် တရားမဝင်လမ်းကြောင်းများမှတဆင့်ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည်။


ပွဲစားများ (Broker) ၏စကားကို ယုံကြည်ကြပြီး တရားမဝင်နည်းလမ်းမှတဆင့် ထိုင်းနိုင်ငံသို့ သွားရောက်
အလုပ်ကိုင်ကြသူများအနေဖြင့် အလုပ်သမားအခွင့်ရေး၊လူ့အခွင့်ရေးချိုးဖောက်ခံရခြင်း၊ အဓမ္မလုပ်အား
ခိုင်စေခံရခြင်း၊ လိင်ပိုင်ဆိုင်ရာအမြတ်ထုတ်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်းတို့ကိုမလွဲမသွေတွေ့ကြုံရပါမည်။



 ပွဲစားများ (Broker)များ၏ စကားကိုယုံကြည်ပြီး တရားမဝင်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့
ဝင်ရောက်လာသူများအနေဖြင့်.......



(က) ရှေးဦးစွာ အလည်ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာသူအများစုသည် ခန့်မှန်းကုန်ကျငွေ ကျပ်(၁၀)သိန်းအား ပွဲစားများ (Broker)ကိုပေးရခြင်း၊

(ခ) တရားဝင်အလုပ်လုပ်ကိုင်ခွင့်မရှိသဖြင့် ထိုင်းအာဏာပိုင်များ စစ်ဆေးတွေ့ရှိပါက အရေးယူခံရခြင်း၊

(ဂ) ထိုင်းနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်ပြီးနောက် နေထိုင်ခွင့်သက်တမ်းကုန်ဆုံးသဖြင့် ထပ်မံ၍နေ ထိုင်ခွင့် ရရန် MOUစနစ်ဖြင့် ပြန်လည်ဝင်ရောက်ခြင်းမှအပ အခြားနည်းလမ်းမရှိသဖြင့်  နေထိုင်အလုပ်လုပ်ကိုင်ခွင့် အထောက်ထားများဆောင်ရွက်ရန် ထိုင်းနိုင်ငံသုံးဘတ်ငွေ(၁၀၀၀၀)အထက်ထိ ကုန်ကျခြင်းတို့ဖြစ်ပါသည်။


ထို့အတူ အလည်ဗီဇာဖြင့် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ပါက လဝကဥပဒေ၊ထိုင်းအလုပ်သမားဥပဒေတို့ဖြစ်ဖမ်းစီးအရေးယူခြင်းခံရမည်။ 

ထိုင်းနိုင်ငံ၏ လဝကဥပဒေအရ ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် မိမိနိုင်ငံသို့မပြန်ပဲ ထိုင်းမှာဆက်လက်၌ ရက်ပေါင်း( ၉၀)နေထိုင်ပါက ထောင်ဒဏ် ၁နှစ်ကျခံရမည်ဖြစ်ပြီး၊  (၁)နှစ်နေထိုင်ပါက ထောင်ဒဏ် (၃)နှစ်၊ (၃)နှစ်နေထိုင်ပါက ထောင်ဒဏ်(၅)နှစ်၊ (၅)နှစ်နေထိုင်ပါက ထောင်ဒဏ်(၁၀)နှစ်တို့ကျခံရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိပါသည်။


ထို့အပြင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏အသစ်ထုတ်ပြန်ထားရှိသည့် အလုပ်သမားဥပဒေသစ်အရ အလုပ်လုပ်ကိုင်ခွင့်မရှိပဲဝင်ရောက်အလုပ်လုပ်ကိုင်ပါ အလုပ်သမားနှင့်အလုပ်ရှင်တို့သည်လည်း ငွေဒဏ်အပြင် ထောင်ဒဏ်ပါကျခံရမှာဖြစ်လို့ အလည်ဗီဇာနှင့် အလုပ်လုပ်ကိုင်ချင်သူတွေ အထူးသတိထားသင့်ပါတယ်။


ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများအနေဖြင့်  မိမိနေထိုင်ရာ မြို့နယ်များမှာဖွင့်လှစ်ထားသည့် အလုပ်သမားဝန်ကြီးဌာနခွဲတစ်ခုဖြစ်သည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာလည်း ထိုင်းနိုင်ငံသို့အလုပ်သမားပို့ဆောင်ပေးနေသည့်အေဂျင်စီများနှင့်အလုပ်ကိုင်များကိုသွားရောက်လေ့လာနိုင်သလို၊တိုင်းနဲ့ပြည်နယ်အသီးသီး၌အခါအားလျှော်စွာကျင်းပပြုလုပ်သည့် အလုပ်ကိုင်ပြပွဲများသို့သွားရောက်လေ့ လာနိုင်ပါသည်။ထို့အပြင်Facebookအသုံးပြုသူများအနေဖြင့် SafeMigration စာမျက်နှာမှာလည်းဝင်ရောက်လေ့လာနိုင်ပါကြောင်း အလုပ်သမားဟစ်တိုင်မှ ဖော်ပြအပ်ပါသည်။

Subscribe Us