Sunday, November 10, 2019

တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော် ထိုင်းက ဖမ်းပြီးပြန်ပို့



ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တာ၊ ခိုင်လုံတဲ့ အထောက်အထား မပြနိုင်တာတွေကြောင့် လူကုန်ကူးခံရသူတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၈ ရက်နေ့မှာ ရနောင်း-ကော့သောင်း နယ်စပ်ကနေတဆင့် ပြန်ပို့လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး ရနောင်း-ကော့သောင်း နယ်စပ်ကနေ ပြည်နှင်ဒဏ် ပေးခဲ့တာပါ။ ဒီထဲမှာ မလေးရှားကို သွားကြမယ့် လူကုန်ကူးခံရသူတွေလည်း ပါဝင်တယ်လို့ ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာရဲ့ တာဝန်ခံ ဦးမိုးဝေက အခုလိုပြောပါတယ်။


“၈ ရက်နေ့ကပေါ့ ပြန်လွဲှတာ၊ ယောက်ျားလေးက ၉၅ ယောက် မိန်းကလေးက ၁၃ ယောက်၊ ၂ နှစ်အရွယ်ကလေးက ၂ ယောက် အားလုံး ၁၁၀ ပါဝင်ပါတယ်။ ဒီကြားထဲမှာ ၁၃ ဦးက ရခိုင်ပြည်နယ်ကနေ လူကုန်ကူးခံရပြီး ချုံဖွန်ရော်ဘာခြံထဲမှာ ဖမ်းမိတဲ့ လူအုပ်စုပါတယ်။ သူတို့ကတော့ ၂ လကျော်နေရပြီး အထောက် 
အထား မဲ့နဲ့အတူ ပြန်ပို့တာ ခံရတယ်။ တရားရုံးကို တက်ရတယ်။ သူတို့က သူတို့ဒေသမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ စားဝတ်နေရေး အဆင်မပြေလို့ ပွဲစားနဲ့လာကြတယ်။ ပွဲစားကို ၁၅ သိန်းပေးရမယ် ပြောတယ်။ သူတို့က ၄ သိန်းပေးရတယ်။ ရန်ကုန်အထိအရောက် ရန်ကုန်ကနေ ကော့သောင်း၊ ကော့သောင်းကနေ ရနောင်း၊ ရနောင်းကနေ မလေးရှားကို သွားဖို့အတွက် လုပ်နေတာ။ ရော်ဘာခြံထဲမှာ ပွဲစားကိုစောင့်နေတုန်း အဖွဲ့စုံနဲ့ ဖမ်းမိတာဖြစ်တယ်။”

ဖမ်းမိသူတွေထဲမှာ တရားဝင် အထောက်အထားဖြစ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ် ကိုင်ဆောင်ထားတဲ့ သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“အလုပ်လုပ်ခွင့် လက်မှတ်လည်းရှိတယ်၊ စီအိုင် အစိမ်းရောင်စာအုပ်လည်း ရှိတယ်၊ စက်ရုံပိတ်လိုက်တော့ အလုပ်ပြောင်းတယ်။ တခြားအလုပ်ရုံကို ဝင်တယ်။ ၃ ရက်ပဲ ရှိသေးတယ်။ စာရွက်စာတမ်း အလွှဲအပြောင်း လုပ်တဲ့အချိန်မှာ ရဲကဝင်စစ်ပြီး ဖမ်းမိတယ်။”

သူတို့ကိုတော့ ဖမ်းဆီးပြီးတဲ့အချိန် တရားရုံးက ငွေဒဏ်ချမှတ်ပြီး အလုပ်ပြန်လုပ်လို့ ရတယ်လို့ ဆိုပေမယ့် ရဲတွေက ထပ်ဖမ်းဆီးပြီး ငွေတောင်းတာကို မပေးနိုင်တာကြောင့် တရားမဝင် ခိုးဝင်သူတွေနဲ့အတူ နယ်စပ်ကို ပြန်ပို့ထားခံရတယ်လို့ ဆိုပါတယ်။ တရားဝင် အထောက်အထားတွေရှိပြီး ပြည်နှင်ဒဏ်ပေးခံရတာမို့ မြန်မာအာဏာပိုင်တွေအနေနဲ့ ဖြေရှင်းပေးစေလိုတယ်လို့လည်း ဦးမိုးဝေက ပြောပါတယ်။

“ကျနော်တို့နိုင်ငံက တာဝန်ရှိတဲ့သူတွေ သံရုံးကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးက ဒီအချက်အလက်တွေကို သေချာသိဖို့လိုတယ်။ နှစ်နိုင်ငံ ညှိနှိုင်းပြီး ဒီလူတွေ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကျနော်တို့လည်း ပြောနေတာပဲ။ အခုအထိ ဒီအတိုင်းပဲရှိနေတုန်း၊ ဖြေရှင်းပေးတယ်ဆိုတာ သိပ်မတွေ့ဘူး။”

အခုဆိုရင် ထိုင်းတောင်ပိုင်းမှာ ဖမ်းမိတဲ့ မြန်မာတွေကို ပြည်နှင်ဒဏ်ပေးပြီး တပတ်ကို လူ ၁၀၀ ကျော် ပြန်ပို့နေတာပါ။ ထိုင်းတောင်ပိုင်းမှာ ၂၀၁၉ ခုနှစ်အတွင်း လူ ၇,၀၀၀ လောက် ဖမ်းဆီးမိပြီး ဒီထဲမှာ ထိုင်း-မလေး နယ်စပ်ကနေ မလေးရှားကို ခိုးဝင်ဖို့ ကြိုးစားတဲ့ လူကုန်ကူးခံရသူတွေ အများဆုံး ပါဝင်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

 မေအးေအးမာ(VOA)...

Subscribe Us