Monday, November 11, 2019

ရနောင်းကျိန်စာမိခဲ့သူ လူငယ်တစ်ဦး၏ ရေခြားမြေခြားမှ အကျဉ်းစံနေ့စွဲများ



ရနောင်းလူသတ်မှုမှ ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်မြို့တွင် ဆံသပညာ သင်ယူနေသည့် ကိုကျော်စိုးဝင်းအား တွေ့ရစဉ်


ထိုင်းနိုင်ငံ ရနောင်းမြို့သည် မြန်မာနိုင်ငံသား အများအပြား လာရောက် အလုပ်လုပ်ကိုင်ရာ နေရာတစ်ခုဖြစ်သည်။ မျိုးရိုးတစ်ဆက်စာ မျှ နေထိုင်ခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံဘက်မှ လာရောက်သူများ ရှိသကဲ့သို့ ဆယ်စုနှစ်တစ်ခုခန့် သို့မဟုတ် နှစ်အပိုင်းအခြား တစ်ခုခန့် နေထိုင်ပြီးဖြစ်သည့် မြန်မာနိုင်ငံသား များစွာကို တွေ့မြင်နိုင်သည့် မြို့တစ်မြို့လည်းဖြစ်သည်။ အဆိုပါ ထိုင်းမြို့လေးရှိ  မြန်မာနိုင်ငံသားများအတွက် ဝင်ငွေအတော်အသင့် ရနိုင်သည့် အလုပ်များစွာကလည်း ရှိနေပြန်သည်။ မြန်မာနိုင်ငံသားအချို့က စက်ရုံများတွင် အလုပ်လုပ်ကိုင်ကြ သည်။ အချို့ကတော့ အလုပ်ရုံများတွင် လုပ်ကိုင်ကြပြီး မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချသည်အထိ လုပ်ကိုင်ကြသူများအထိ တွေ့မြင်နိုင်သည်။ အချို့ကတော့ ငါးဖမ်းလှေများဖြင့် တံငါအလုပ်ကို ပင်လယ်ထဲထွက်၍ လုပ်ကိုင်ကြ၏။




ပင်လယ်ပြင်ထဲထွက်၍ ငါးဖမ်းသည့် အလုပ်လုပ်ကိုင်သူများအတွက် ကုန်းမြေတည်ရှိရာတွင် နေထိုင်ရသည့် ရက်များက လက် ၁၀ ချောင်း မပြည့်သည့် အခြေအနေပင်ဖြစ်သည်။ တစ်လလျှင် ရက် ၂၀ ကျော် ပင်လယ်ထဲတွင် ငါးဖမ်းလှေဖြင့် ငါးဖမ်းခြင်းက ကုန်းမြေတွင် နေထိုင်ရသည့် ရက်အချို့အတွက် ကောင်းမွန်သည့် အခြေအနေများကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး တစ်ခါတစ်ရံ ငါးပေါသည့် အချိန်များ ကြုံကြိုက်ပါက ကမ်းကပ်သည့်အချိန် ရက်ပိုင်းတစ်လျှောက် လိုတရဘဝကို ရစေသကဲ့သို့ ဖြစ်နိုင်မည်လည်း ဖြစ်သည်။ ထိုသို့သော အချိန်ကာလအား လွန်ခဲ့သည့် လေးနှစ်ခန့်က ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး ကြုံတွေ့ခဲ့ဖူးသည်။

ထိုစဉ်က ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် မုတ်သုံဆုတ်ခွာပြီဖြစ်သည့် ကာလများအဖြစ် သတ်မှတ်၍ ရနိုင်သည်။ တစ်နိုင်ငံလုံးအနှံ့ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှုများဖြင့် ရှုပ်ထွေးနေသကဲ့သို့ အသက် ၁၄ နှစ်အရွယ် ကျော်စိုးဝင်းနှင့် သူ၏ ဖခင်တို့၏ တံငါလှေထဲတွင်လည်း ငါးများစွာတို့ဖြင့် ရှုပ်ထွေးနေသည်။ ထိုနေ့က သူတို့ဖမ်းဆီးရမိခဲ့သည့် ငါးများသည် ယခင်အခေါက်များထက် များနေသည်။ ဆယ်ကျော်သက်အရွယ် ကောင်လေး၏ အတွေးထဲတွင်လည်း ကလေးတစ်ဦးအတွေး မက၊ လူငယ်တစ်ဦး အတွေးမကသည့် အတွေးတစ်ခုကို အကောင်အထည်ဖော်ရန် စဉ်းစားနေခဲ့၏။

“ကျွန်တော်တို့ကဗျာ- ငါးဖမ်း လှေထွက်တယ်။ အဖေက လှေကိုင်တယ်။ ကျွန်တော်က စက်ကိုင်တယ်ပေါ့။ ငါးဖမ်းထွက်ရင် တစ်လကို ၂၃ ရက်လောက်ကြာတယ်။ အဲဒီနေ့က ကျွန်တော်တို့လှေက ကမ်းကပ်တော့မယ်လေ။ ငါးကလည်း အရင်အခေါက်တွေကထက်  ပိုရတယ်။ ကျွန်တော့် စိတ်ထဲလည်း ငါးများများရတော့ ပိုက်ဆံများများရမယ်။ ပိုက်ဆံရရင် ကျွန်တော် အဲဒီအချိန်က စိတ်ကူးနေတာက ရီမုဒ်ကွန်ထရိုးကား အကြီးကြီး ဝယ်မယ်ပေါ့ဗျာ။ အဲဒီလိုတွေးပြီး ကျွန်တော့်ရင်ဘတ်တွေတောင် ဒိတ်ဒိတ်ဒိတ်နဲ့ တုန်နေတာ” ဟု ကျော်စိုးဝင်းက သူ၏အတွေးကို ပြောပြသည်။

ကျော်စိုးဝင်းတို့ ငါးဖမ်းလှေ ကပ်ခါနီးလေ သူ့အတွက် ရင်ခုန်သံများက ပိုမြန်လေဖြစ်သည်။ ပင်လယ်ထဲတွင် အချိန်ကုန်ရသည်က များသည့်အတွက် ကျော်စိုးဝင်း ဆယ်ကျော်သက် အတွေးများက ကလေးငယ် တစ်ဦးကဲ့သို့  ရိုးရှင်းပြီး ဆယ်ကျော်သက် တစ်ဦးကဲ့သို့ ပြင်းထန်သည့် ခံစားမှုမျိုးနှင့် ဖြစ်၏။ သူ၏ နှလုံးခုန်သံများက Rock N Roll သီချင်းတစ်ပုဒ်ထဲမှ ဒရမ်စည်းချက် ရိုက်သံများထက်ပင် ဆူညံနေမည် ထင်ရသည်။

ထိုအချိန်တွင် ကျော်စိုးဝင်းတို့၏ ငါးဖမ်းလှေအနီးသို့ ထိုင်းအာဏာပိုင်များ၏ သင်္ဘောများ ရောက်ရှိလာခဲ့သည်။


“ကျွန်တော်ကတော့ ကမ်းကပ်ရင် ငါတော့ ရီမုဒ်ကားကြီး ဝယ်လို့ရတော့မယ်ဆိုပြီး တအားပျော်နေခဲ့တာ။ ဒါနဲ့ ကမ်းနားရောက်တော့ ဘေးမှာ စစ်သင်္ဘောတွေပေါ့။ ကျွန်တော်ကတော့ ကားဝယ်ဖို့ပဲ စိတ်ထဲက တွေးနေတာ။ ရင်တွေကလည်း ဒုန်းဒုန်းဒုန်းနဲ့။ ဒါနဲ့ ကမ်းပေါ်ရောက်တော့ တစ်ယောက်က ကျွန်တော့်နာမည်ကို လှမ်းမေးတယ်။ ဟေ့ကောင် မင်းက ကျော်စိုးဝင်းလားဆိုပြီး” ဟု ကျော်စိုးဝင်းက ပြောပြခဲ့သည်။

ထို့နောက်တွင်တော့ ထိုင်းအာဏာပိုင် (ရဲတပ်ဖွဲ့ဟု ယူဆရသူ) တစ်ဦးက ကျော်စိုးဝင်းအား ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ စတင်မေးမြန်းတော့သည်။ ကလေးငယ်တစ်ဦးသာသာ ကောင်လေးတစ်ယောက်အတွက် ဖြစ်ပေါ်နေခဲ့သည့် အဖြစ်အပျက်များက အိပ်မက်သဖွယ်ပင် ဖြစ်နေခဲ့သည်။ လွန်ခဲ့သည့် တစ်နာရီခန့်က ကမ်းကပ်လျှင် ရီမုဒ်ကားလေး ဝယ်ရန်အတွက် သူစိတ်လှုပ်ရှား နေခဲ့ရသည်။

ယခုအချိန်တွင်တော့ သူ့အားလူသတ်တရားခံ တစ်ဦးအဖြစ် ဝန်ခံပြောဆိုရန် ထိုင်းအာဏာပိုင်များက စစ်ဆေးနေခဲ့ပြီ ဖြစ်သည်။

“ကျွန်တော့်ကို သူတို့က မင်းဘာလို့ ကောင်မလေးကို သတ်တာလဲဆိုတော့ ကျွန်တော်က ကျွန်တော် ဘယ်သူ့ကိုမှ မသတ်ဘူးလေလို့ ပြောလိုက်တယ်။ အဲဒီမှာ သူတို့က မိုးဇင်အောင်က မင်းသတ်တယ် ပြောတယ်။ မင်းဝန်ခံစမ်းဆိုပြီး ပြောတော့တာပါပဲ” ဟု ကျော်စိုးဝင်းက ပြောပြသည်။

“ကျွန်တော်တို့ အဲဒီကို ရောက်တာနဲ့ သူတို့ကစပြီး ထိုးကြိတ်တော့တာပဲ။ အချိန်မနားတမ်း ဆက်တိုက် ချကြတာ။ သူတို့က အလှည့်ကျနဲ့ ကြိတ်တာ။ ဟိုကောင် မိုးဇင်အောင်ဆိုရင် မနားတမ်း ကြိတ်ခံရတာ။ တစ်ယောက်က အချိန်ဒီလောက်ဆို အချိန်ပြီးရင် နောက်တစ်ယောက်က လာကြိတ်။ ဆက်တိုက်ပဲ” ဟု ကျော်စိုးဝင်းက အတိတ်ကို ပြန်လည်မြင်ယောင်ဟန်ဖြင့် ထိုင်းရဲများထံတွင် အစစ်ဆေးခံခဲ့ရသည့် အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြခဲ့သည်။

ထို့နောက်တွင်တော့ ကျော်စိုးဝင်း၊ မိုးဇင်အောင်၊ စိန်ကတုံးနှင့် ဝေလင်းဟူသည့် မြန်မာရေလုပ်သား လေးဦးအား ထိုင်းနိုင်ငံ အာဏာပိုင်များက လူသတ်တရားခံများအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးတရားစွဲဆို ခဲ့တော့သည်။ အသတ်ခံခဲ့ရသည့် ဆယ်ကျော်သက် အမျိုးသမီးမှာ အသက် ၁၈ နှစ် အရွယ်ခန့်ရှိပြီး ဓားဒဏ်ရာ ၁၇ ချက်ဖြင့် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်၌ ရနောင်းမြို့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ သို့သော် ဖမ်းဆီးခံခဲ့ရသူများအတွက် သူတို့သတ်ခဲ့သည်ဆိုသည့် အမျိုးသမီးကို မြင်ဖူးခဲ့ခြင်းပင် မရှိချေ။ သူတို့ မည်သည့်အခါမျှ မြင်ဖူးခြင်း မရှိသူ တစ်ဦးအား သတ်ဖြတ်မှုအတွက် သူတို့အား အပြစ်ရှိသည် ဟုဆိုကာ ထိုင်းအာဏာပိုင်များကတော့ ဖမ်းဆီးတရားစွဲချေပြီ။

“သေတဲ့ကောင်မလေးက ၁၈ နှစ်တဲ့ဗျ။ ကျွန်တော်တို့ကိုသာ သူ့ကိုသတ်လို့ဆိုပြီး ရဲတွေက ဖမ်းထားတာ။ ကျွန်တော်တို့က ကျွန်တော်တို့ သတ်တယ်ဆိုတဲ့သူဟာ ဘယ်လိုပုံ ဆိုတာတောင် မသိခဲ့ဘူး။ နောက်တော့ ကျွန်တော့်ကိုဆို အဲဒီနေ့က ကျွန်တော်နဲ့အတူ ရှိနေခဲ့တဲ့သူတွေက သက်သေလိုက်ပေးတာတောင် မရဘူး။ နောက်တော့ ကျွန်တော့်ကို မှတ်ပုံတင်မှာ အသက် ၁၈ နှစ် ပြည့်တယ်ဆိုပြီး လူကြီးထောင်ကို ပို့လိုက်တယ်။ အဲဒီတော့ လေးယောက်စလုံး တစ်ထောင်တည်း ဖြစ်သွားတာပေါ့” ဟု ကျော်စိုးဝင်းက ထိုင်းနိုင်ငံ၏ ထောင်သို့ စတင်ရောက်ရှိသည့်အကြောင်း ပြောပြခဲ့သည်။

ကျော်စိုးဝင်းအတွက် သူ၏ အမှုတွဲ လေးယောက်နှင့်အတူ မတရားစွပ်စွဲခံရမှုကြောင့် ထိုင်းနိုင်ငံ၏ လူကြီးထောင်သို့ ရောက်ရှိနေခဲ့သည်မှာ နှစ်လခန့် ရှိနေခဲ့ပြီဖြစ်သည်။ အသက် ၁၄ နှစ်အရွယ်သာရှိသည့် ကလေးသာသာ လူငယ်တစ်ဦးအား ထိုင်းထောင်အတွင်းမှ အကျဉ်းသားများက တစ်စုံတစ်ရာ နှိပ်စက်ခြင်းတော့ မပြုပေ။ ထိုအကျဉ်းသားများအတွက် သူသည် ငယ်ရွယ်လွန်းနေသည့်အပြင် သူ၏ ပြစ်ဒဏ်သည်လည်း မတရားစွပ်စွဲ ခံရခြင်းကြောင့်သာ ဖြစ်ကြောင်း အချို့က သိရှိနေခဲ့၍လည်း ဖြစ်သည်။

နှစ်လတာ ကျော်လွန်ခဲ့ပြီးနောက်မှာ ကျော်စိုးဝင်းနှင့် မိုးဇင်အောင်တို့အား အသက်ပြည့်ခြင်း၊ မပြည့်ခြင်း စစ်ဆေးရန်အတွက် ဆေးရုံတစ်ခုသို့ ထိုင်းအာဏာပိုင်များက ခေါ်ဆောင်လာခဲ့သည်။ ဆေးရုံသို့ အရောက်တွင် ထိုင်းအာဏာပိုင်များ ဆင်မြန်းပေးလိုက်သည့် အဆင်တန်ဆာများကြောင့် ကျော်စိုးဝင်းတို့ နှစ်ဦးအား ထိုင်းပြည်သူများက အထူးတဆန်းဖြင့် ဝိုင်းဝန်းကြည့်ရှုကြသည်။ အလွန်ဆိုးရွားလှသည့်  ရာဇဝတ်သားများအား ရုံးထုတ်စစ်ဆေးရာတွင် ပြုလုပ်သကဲ့သို့ သူတို့နှစ်ဦးအား လက်ထိတ်အကြီးစားများ၊ ခြေချုပ်ကွင်းများဖြင့် ချုပ်နှောင်ထားခဲ့သည်။ သူတို့အပေါ်တွင် ထိုင်းပြည်သူများက ဆိုးသွမ်းသည့် ရာဇဝတ်သားများအား မြင်တွေ့ရသကဲ့သို့ ပြုမူဆက်ဆံ နေကြသည်။


“အသက်ပြည့်လား မပြည့်လားစစ်တော့ ဆေးရုံကို ကျွန်တော်တို့ နှစ်ယောက်ကို ခေါ်သွားတယ်။ လက်မှာလည်း လက်ထိတ်ကြီးနဲ့ ခြေထောက်ကိုလည်း ခြေချင်းကြီးနဲ့ ချုပ်ထားတာပေ့ါ။ လုံးဝလူဆိုးကြီး တွေလိုပဲ။ ကျွန်တော်တို့ကို မြင်တဲ့သူတွေကလည်း ဟာဒီကောင်တွေ အတော်ဆိုးတဲ့ကောင်တွေ အဲဒီလို မြင်နေကြမှာပေါ့။ နောက်တော့ DNA တွေဘာတွေ စစ်တော့ လက်တွေ အရိုးအဆစ်တွေက အသက် မပြည့်သေးဘူးဆိုပြီး ကျွန်တော်တို့ နှစ်ယောက်ကို လူငယ်ထောင်ကို ပြောင်းပေးလိုက်တယ်” ဟု ကျော်စိုးဝင်းက ပြောပြသည်။

ထိုင်းနိုင်ငံ၏ လူကြီးထောင်တွင်တော့ အသက်ငယ်ရွယ်လွန်းနေသည့် ကျော်စိုးဦးတို့အတွက် အနိုင်ကျင့်ခံခဲ့ရခြင်း တစ်စုံတစ်ရာ မရှိခဲ့ပေမဲ့ သက်တူရွယ်တူများ ရှိနေသည့် လူငယ်ထောင်တွင်းမှာတော့ ထိုသို့ မဟုတ်တော့ပေ။

အိမ်နီးချင်း မြန်မာနိုင်ငံမှ မိမိတို့နှင့်အတူ လူငယ်ထောင်တစ်ခု၌ အတူတကွ ပြစ်ဒဏ်ကျခံနေရသည့် လူငယ်နှစ်ဦးအား ထိုင်းလူငယ်လေးများက အမြင်ကြည်လင်ခဲ့ခြင်းမရှိ။ သူတို့နှစ်ဦးအား စတင်တွေ့မြင်သည်နှင့် ထိုင်းလူငယ်များ လက်စွမ်းပြတော့၏။

“လူကြီးထောင်မှာ ဘာမှမဖြစ်ဘူး။ လူငယ်ထောင်ရောက်မှပဲ စရောက်တာနဲ့ မင်းတို့က ဘာကောင်တွေလဲဆိုပြီး စကြိတ်ခံရတော့တာပါပဲ။ ကျွန်တော်တို့က မြန်မာတွေလည်း ဖြစ်နေတယ်လေ။ သူတို့ကတော့ ထိုင်းတွေချည်းပဲပေါ့။ မြန်မာဆိုလို့ ကျွန်တော်တို့ နှစ်ယောက်တည်းပဲ ရှိတာလေ။ ခံရတာ အလူးအလဲပဲ” ဟု ကျော်စိုးဦး ထိုင်းလူငယ်ထောင်သို့ စတင်ရောက်ရှိချိန်ကို ပြောပြသည်။

ထိုအချိန်များ ကျော်လွန်အပြီးတွင် ကျော်စိုးဦးတို့ နှစ်ဦးအား လက်စွမ်းပြခဲ့သည့် ထိုင်းလူငယ်များ ထောင်ပြောင်းခံခဲ့ရပြီး ယင်းနောက်တွင်တော့ ထပ်မံပြောင်းရွှေ့လာသူများထက် ထောင်သက်ရင့်နေသည့် သူတို့နှစ်ဦး အဆင်ပြေစွာ နေထိုင်နိုင်ခဲ့သည်။ စိတ်ထားကောင်းမွန်သည့် သူတို့အတွက် ထိုင်းလူဆိုးလေးများသည် အမြင်မကြည်ခြင်းများ ထပ်မံဖြစ်ပေါ်ခြင်း မရှိတော့ပေ။

နှစ်နှစ်တာမျှ ကြာမြင့်ခဲ့သည့် လူငယ်ထောင်အတွင်းမှ ကျော်စိုးဦး၏ နေ့ရက်များအတွက် တစ်ဦးတည်းသော မြန်မာလူမျိုး သူငယ်ချင်းဖြစ်သူ မိုးဇင်အောင်နှင့်အတူ ကောင်းမွန်စွာ ဖြတ်သန်းခွင့် ရရှိခဲ့သည်။ ပြင်ပက ကြည့်လျှင် လူငယ်ထောင်ဟု မထင်ရသည့် ခြံဝင်းတစ်ခုအတွင်း အထပ်နှစ်ထပ်ရှိသည့် အဆောက်အအုံထဲတွင် သူတို့နေထိုင်ခဲ့ရသည်။ ဘောလုံးကစားခြင်းကဲ့သို့ အားကစားများ ပြုလုပ်ရန်အတွက် သတ်မှတ်ထားသည့် နေရာများသို့လည်း အချိန်သတ်မှတ်၍ သွားရောက်ခွင့်ရသည်။

ထိုသို့သော အခြေအနေများကြောင့် ကျော်စိုးဝင်းတို့ နှစ်ဦးသည် မွေ့ထိုင်းလက်ဝှေ့ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ထိုင်းနိုင်ငံ၏ အခြားဒေသများရှိ လူငယ်ထောင်များမှ လူငယ်များနှင့် အတူတကွ ယှဉ်ပြိုင်ရသည့် မွေ့ထိုင်းပြိုင်ပွဲများတွင် သူတို့နှစ်ဦး ဆုများရရှိခဲ့သည်။ မွေ့ထိုင်းလက်ဝှေ့ပြိုင်ပွဲဟု ဆိုသော်လည်း သူတို့နှစ်ဦး ယှဉ်ပြိုင်ခဲ့ရသည်မှာကား အလှပြ မွေ့ထိုင်းလက်ဝှေ့ပြိုင်ပွဲသာ ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦး ဆုများရရှိခဲ့ခြင်းက ထောင်အတွင်း ကောင်းမွန်သည့် ဖြတ်သန်းမှုများတော့ ဖြစ်ခဲ့ပေသည်။

4t6a9995.jpg
ရနောင်းလူသတ်မှုမှ ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်မြို့တွင် ဆံသပညာ သင်ယူနေသည့် ကိုကျော်စိုးဝင်းအား တွေ့ရစဉ်
ရနောင်းလူသတ်မှုမှ ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်မြို့တွင် ဆံသပညာ သင်ယူနေသည့် ကိုကျော်စိုးဝင်းအား တွေ့ရစဉ်

လူငယ်ထောင်အတွင်း နေထိုင်စဉ် ကာလတွေက ကျော်စိုးဦးတို့ နှစ်ဦးအတွက် သက်သက်သာသာ ရှိခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ သူတို့နှစ်ဦး စားချိန်တန်စားရပြီး ရုပ်မြင်သံကြားလည်း ကြည့်ရှုခွင့်ရထား၏။

ထို့ကြောင့် ဘောလုံးပွဲများလည်း ကြည့်ရှုခဲ့ရသည်။ ထိုအထဲတွင် မြန်မာဘောလုံးအသင်းနှင့် ထိုင်းဘောလုံးအသင်း တွေ့ဆုံသည့် အချိန်တိုင်းတွင် ကျော်စိုးဝင်းတစ်ယောက် နံနက်စာအဖြစ်ပေးသည့် နွားနို့ဘူးအား အရေအတွက်တစ်ခုဖြင့် ကြေးအဖြစ် သတ်မှတ်ကာ ထိုင်းလူငယ်အချို့နှင့် အလောင်းအစား ပြုလုပ်ဖြစ်ခဲ့သည်။ ထိုင်းလူငယ် အကျဉ်းထောင်ထဲတွင် မြန်မာဘောလုံးအသင်းအား နံနက်စာကို လောင်းကြေးထပ်၍ အားပေးခဲ့သည်။ သို့သော် ကျော်စိုးဝင်းအတွက် နွားနို့ဘူးများသာ ပေးဆပ်ခဲ့ရပြီး သူ၏ထောင်သက်တမ်းအတွင်း မြန်မာအသင်း နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

“တီဗွီကြည့်လို့ရတော့ အားကစားပွဲတွေ ကြည့်လို့ရတယ်။ မြန်မာနဲ့ ထိုင်းနဲ့ ကန်တိုင်း မြန်မာပဲအားပေးတယ်။ အထဲမှာက အလောင်းအစား လုပ်လို့မရတော့ အစားကြေးလောင်းတယ်။ နိုင်တဲ့သူက မနက်စာထဲမှာပါတဲ့ နွားနို့ဘူးကို ပေးရမယ်။ ရတာက တစ်နေ့တစ်ဘူး။ လောင်းကြေးကတော့ ၁၅ ဘူး စသဖြင့်ပေါ့။ ရှုံးတဲ့သူက ရက်ခွဲပြီးပေးလေ။ ကျွန်တော် ထောင်ထဲမှာ နေခဲ့တဲ့ အချိန်မှာတော့ မြန်မာအသင်း မနိုင်ခဲ့ဘူး။ ကျွန်တော်ပဲ နွားနို့တွေ ရှုံးတာပဲ။ သူတို့ ထိုင်းတွေဆို ကျွန်တော့်ကို တွေ့လား မင်းတို့ မြန်မာမနိုင်ပါဘူးကွာ ဆိုပြီး စကြတယ်” ဟု ကျော်စိုးဝင်းက ပြောပြသည်။

ကျော်စိုးဝင်းတို့ လေးဦး ဖမ်းဆီးခံရပြီး နှစ်နှစ်ခွဲခန့်ရှိမည့် အချိန်တွင် ၎င်းတို့လေးဦးအား ထိုင်းနိုင်ငံ တရားရုံးက ပြစ်ဒဏ်အမိန့် ချမှတ်ခဲ့သည်။ သူတို့လေးဦးတွင် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်ရှစ်နှစ် ကျခံခဲ့ရသူများ၊ ဒဏ်ငွေဘတ် ၁၆ သိန်းကျော် ပေးဆောင်ရမည့်အမိန့် ချမှတ်မှုများ ပါဝင်ခဲ့သော်လည်း ထောင်ဒဏ်လေးနှစ် ချမှတ်ခံခဲ့ရသူ ကျော်စိုးဝင်းအတွက် ထောင်ဒဏ်အမိန့် ချမှတ်ခံခဲ့ရသည့်နေ့သည် သူပြန်လည် လွတ်မြောက်ခဲ့သည့်နေ့ရက် ဖြစ်ခဲ့သည်။

မည်သည့်အတွက်ကြောင့်ဆိုသော် ထိုင်းနိုင်ငံ၏ ဥပဒေတွင် အသက် ၁၈ နှစ်အောက် လူငယ်များ ထောင်ဒဏ်ချမှတ်ခံရပါ အသက် ၁၈ နှစ်ပြည့်လျှင် ပြန်လည်လွတ်မြောက်နိုင်ခြင်းကြောင့် လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် အသက် ၁၈ နှစ် ထပ်မံပြည့်ခဲ့သည့် မိုးဇင်အောင်က ဒုတိယအဖြစ် လွတ်မြောက်ခဲ့သည်။ နောက်ပိုင်းတွင် အခြားသူ နှစ်ဦးပါ အယူခံအောင်၍ အမှုနိုင်ခြင်းကြောင့် ပြန်လည် လွတ်မြောက် လာခဲ့သည်။

“သူတို့ဆီမှာက အသက်မပြည့်တဲ့သူ ထောင်ကျရင် အသက်ပြည့်ရင် ပြန်လွှတ်ပေးတော့ ကျွန်တော်က အမိန့်ချတဲ့နေ့မှာ ပြန်လွတ်လာတယ်။ ကျွန်တော်က အစောဆုံးပေါ့။ ပြီးတော့ မိုးဇင်အောင်ပေါ့။ နောက်ပိုင်းတော့ ကိုစိန်ကတုံးနဲ့ ဝေလင်းတို့လည်း အယူခံနိုင်ပြီး ပြန်လွတ်လာကြတယ်။ ကျွန်တော် စလွတ်တော့ ကျွန်တော့်ကို သူတို့ အရပ်ရပ်က မြန်မာတွေစုပြီးထားတဲ့ နေရာကိုပို့တယ်။ အဲဒီမှာ မြန်မာနိုင်ငံသား နှစ်ယောက်က ကူညီပေးခဲ့တယ်” ဟု ကျော်စိုးဝင်းက ပြောပြသည်။

ထို့နောက်မှာတော့ ထိုင်းနိုင်ငံဘက်က ကျော်စိုးဝင်းအား ပြစ်မှုမှတ်တမ်းတင်ထားပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် သူ၏ မိခင်ရှိသည့် မြိတ်မြို့သို့ သွားရောက်ခဲ့ပြီး ယင်းနောက်တွင် ထပ်မံလွတ်မြောက်လာသူ သုံးဦးကလည်း ကျော်စိုးဝင်း၏ အိမ်၌သာ နေထိုင်ခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ကာလများ၌ ကျော်စိုးဝင်းတို့ လေးဦးသည် သတင်းစာ ရှင်းလင်းပွဲများ တက်ရောက်ခြင်း၊ သင့်တော်သည့် အလုပ်များကို လုပ်ကိုင်ခြင်းများဖြင့် အချိန်များကို ဖြတ်သန်းခဲ့ကြ၏။

ကျော်စိုးဝင်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိအပြီးတွင် ၎င်းတို့အား ပြန်လည်လွတ်မြောက်စေရန် ကြိုးပမ်းခဲ့သူများထဲမှ တစ်ဦးဖြစ်သည့် မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က ၎င်းအား မည်သည့်အရာကို ၀ါသနာပါသနည်းဟု မေးသဖြင့် ကျော်စိုးဝင်းက ဆံပင်ညှပ်လိုသည်ဟု ပြန်ဖြေခဲသည်။ ထို့ကြောင့် ဦးဇော်ဇော်က ရန်ကုန်မြို့တွင် ဆံပင်ညှပ်သင်တန်းတက်ရန် စီစဉ်ပေးခဲ့၏။ ထောင်တွင်းနေထိုင်စဉ်က မွေ့ထိုင်းနှင့် ဆံပင်ညှပ်ခြင်းသည် သူ၏ ၀ါသနာများဖြစ်ခဲ့ပြီး ထိုနှစ်ခုအနက် အသက်မွေးဝမ်းကျောင်းရန် ဆံပင်ညှပ်ခြင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“မွေ့ထိုင်းတို့၊ လက်ဝှေ့တို့ ၀ါသနာပါတယ်။ ဒါပေမဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့တွေ့တော့ သားဘာကို ၀ါသနာပါလဲ မေးတယ်။ ဒါနဲ့ ကျွန်တော်လည်း စဉ်းစားတယ်။ ထောင်ထဲမှာလည်း ဆံပင်ညှပ်ခဲ့တယ်။ ပြီးတော့ မြိတ်မှာလည်း ဆိုင်ဖွင့်ပြီး ညှပ်တာတွေ လုပ်ဖူးတော့။ ဆံပင်ပဲ ညှပ်ချင်တာနဲ့။ ကျွန်တော် ဆံပင်ညှပ်တဲ့ အလုပ်ကို ရွေးခဲ့တယ်။ ဦးဇော်ဇော်ကလည်း ကျွန်တော်တို့ သင်တန်းတက်ဖို့ စီစဉ်ပေးခဲ့တယ်” ဟု ကျော်စိုးဝင်းက ပြောပြသည်။

လှိုင်မြို့နယ်၊ ဘူတာရုံလမ်း မှတ်တိုင်အနီးတွင် ကိုကိုညီညီ အမည်ရှိသည့် ဆံသဆိုင်လေးတွင် ကျော်စိုးဝင်း ဆံသပညာကို သင်ယူနေခဲ့ပြီဖြစ်သည်။ ထိုသို့ သင်ယူနေသည်မှာ လပိုင်းခန့်ရှိနေပြီဖြစ်ပြီး နိုဝင်ဘာ ၃ ရက်တွင်မူ သူ၏ ဆံသပညာ သင်ပေးသူ ဆရာနှင့်အတူ မော်လမြိုင်မြို့တွင် ပညာဆက်လက် သင်ယူမည် ဖြစ်သည်။ ယင်းနောက်တွင်တော့ သူက သူ၏ မိခင်ရှိရာ မြိတ်မြို့တွင် ဆံသဆိုင်ဖွင့်လှစ်ရန် အလွန်အမင်း စိတ်စောနေသည်။

“ဒီမှာက ကိုကိုညီညီဆိုတဲ့ ဆိုင်မှာ ကျွန်တော်ပညာ သင်နေတယ်။ နိုဝင်ဘာ ၃ ရက်ဆိုရင်တော့ မော်လမြိုင်ကို ဆရာနဲ့ လိုက်သွားမယ်။ အဲဒီမှာ ဆက်သင်ရမယ်။ ဒါတွေပြီးတော့ ကျွန်တော် မြိတ်ကို ပြန်ချင်ပြီ။ အမေက အခုဆို တစ်ယောက်တည်း အမေ့ကို သတိရတယ်။ အဲဒီမှာ ကျွန်တော် ဆိုင်ပြန်ဖွင့်မယ်။ မိတ်တွေလည်း အများကြီးပဲ” ဟု ကျော်စိုးဝင်းက ပြောပြသည်။

ကျော်စိုးဝင်းက သူတို့ အစွပ်စွဲခံရသည့် လူသတ်မှုတွင် သေဆုံးသူ အမျိုးသမီးငယ်သည် သူတို့အား ဖမ်းဆီးခဲ့သည့် အချိန်တွင် စျာပနပြုလုပ် သင်္ဂြိဟ်ခဲ့ပြီး ဖြစ်သည်။ DNA တိုက်စစ်ခြင်း၊ သို့မဟုတ် အကွက်ဆင် လဲလှယ်ခြင်းများ ပြုလုပ်၍ မရတော့သည့် အချိန်တွင်မှ သူတို့အား မှားယွင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အခင်းဖြစ်ပွားသည့် အချိန်တွင် မည်သည့်နေရာတွင် ရှိနေခဲ့သည်ကို သက်သေခိုင်မာစွာ ပြနိုင်ခြင်း၊ အစိုးရ၏ အကူအညီပေးခြင်း၊ မီဒီယာများ၏ ဖိအားပေးခြင်း၊ အခင်းဖြစ်ပွားသည့်နေရာမှ စီစီတီဗွီ မှတ်တမ်းများတွင်လည်း ၎င်းတို့လေးဦး မပါရှိခြင်းက သူတို့လေးဦး၏ အမှုနိုင်ခဲ့သည့် အကြောင်းရင်းများ ဖြစ်ခဲ့သည်ဟု ကျော်စိုးဝင်းက ထင်မြင်ထား၏။

သို့ရာတွင် ဗြိတိသျှလူမျိုးစုံတွဲ သတ်ဖြတ်ခံရမှုအတွက် တရားခံဟု သတ်မှတ်ကာ သေဒဏ်ချမှတ်ခံခဲ့ရသည့် လိပ်ကျွန်းလူသတ်မှုမှ ဝင်းနှင့် ဇော်တို့၏ အခြေအနေမှာမူ ကျော်စိုးဝင်းတို့ အဖြစ်အပျက်နှင့် ကွဲလွဲနေခဲ့သည်။ ဝင်းနှင့်ဇော် တို့နှစ်ဦး၏ အခြေအနေသည် DNA များအား အကွက်ဆင် လဲလှယ်ရန်အတွက် သေဆုံးသူများအား သင်္ဂြိုဟ်ခြင်း မရှိခင် အချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းက သူတို့နှစ်ဦး ပြန်လည် မလွတ်မြောက်ခဲ့ရသည့် အခြေအနေအဖြစ် ကျော်စိုးဝင်းက ထင်မြင်ထားပြန်သည်။

“ကျွန်တော်တို့တုန်းက သေတဲ့ကောင်မလေးကို သင်္ဂြုဟ်ပြီးတော့ တစ်လလောက်မှ ဖမ်းတာဆိုတော့ DNA တွေဘာတွေနဲ့ အကွက်ဆင်လို့ မရတော့ဘူး။ ကိုဝင်းနဲ့ဇော်တို့ကကျတော့ အလောင်းတွေရှိနေတုန်း အဖမ်းခံလိုက်ရတာ။ အဲဒီတော့ သူတို့ရဲ့ DNA နဲ့ ဟိုဘက်ကဟာတွေကို ရောလိုက်လို့ရတယ်။ အဲဒီတော့ဗျာ သက်သေက ခိုင်မာသွားတော့ ငြင်းလို့မရတော့ဘူး ထင်တယ်။ အဲဒီတော့ မလွတ်တော့ဘူး။ သေဒဏ်ကျခံ လိုက်ရတယ်” ဟု ကျော်စိုးဦးက လိပ်ကျွန်းလူသတ်မှုအပေါ် ထင်မြင်ချက်ပေးသည်။

လူငယ်ထောင်အတွင်း နေထိုင်ခဲ့ရသည့် နေ့ရက်များအတွင်း ကျော်စိုးဝင်းသည် ထိုင်းနိုင်ငံမှ သေဒဏ်ပေး ကွပ်မျက်မှုများကို ရိုက်ကူးထားသည့် ဖြစ်ရပ်မှန် မှတ်တမ်းများကို ကြည့်ရှုခွင့်ရခဲ့၏။ ယင်းမှတ်တမ်းများတွင် ထိုင်းထောင်တာဝန်ရှိသူများက သေဒဏ်ကျခံရသည့် အကျဉ်းသားများအား အဆောင်တစ်ခုတွင် ခွဲ၍ထားပြီး ကွပ်မျက်မည့်နေ့တွင် ထားရှိသည့် အကျဉ်းသားများအား အကျဉ်းသံတိုင်များကို ခေါက်ကာ လာရောက် ခေါ်ဆောင်မည်ဖြစ်သည်။ မည်သူက စီရင်ခံရမည်ကို မသိ။ သေဒဏ်ကျ အကျဉ်းသားများ ကြောက်ရွံ့ နေကြသည်။ ရွေးချယ်ခံရသည့် အကျဉ်းသားသည် မိမိဘဝ၏ နေဝင်ချိန်ကို ကြောက်ရွံ့ကာ ငိုကြွေးရင်း ထောင်အာဏာပိုင်များ ခေါ်ဆောင်သွားသည့် သေဒဏ်စီရင်ခံမည့် နေရာသို့ ရောက်ရှိသွားတော့သည်။

ထိုနေရာတွင် သေဒဏ်စီရင်ခြင်းခံရမည့် အကျဉ်းသား၏ လက်နှစ်ဖက်ကို လက်အုပ်ချီထားသည့် ပုံသဏ္ဌာန်ထား၍ တိုင်၌ချည်နှောင်ထား၏။ ယင်းနောက်တွင် သေဒဏ်ကျခံရမည့် အကျဉ်းသား၏ နှလုံးနေရာသို့ချိန်ကာ နောက်ကျောမှနေ၍ သေဒဏ်စီရင် ကွပ်မျက်မည့် အာဏာပါးကွက်သားက သေနတ်ဖြင့် ပစ်လိုက်တော့သည်။ မစီရင်ခင် အချိန်တွင် စာရေးသားထားစေခြင်း၊ စားလိုသည့် အစားအစာများကို ကျွေးမွေးခြင်းများကို ပြုလုပ်ပေးသည်ဟု ကျော်စိုးဝင်းက ပြောပြသည်။ သို့သော် ယခုအချိန်တွင်မူ သေဒဏ်စီရင်ရာတွင် ဆေးထိုး၍ စီရင်သည်ဟု ၎င်းကဆိုသည်။

ဆယ်ကျော်သက် အရွယ်တွင် မှားယွင်းဖမ်းဆီးခံခဲ့ရမှုကြောင့် ထိုင်းနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျခံရသူ ကျော်စိုးဝင်းအတွက် ယင်းအချိန်များက ပြန်လည် မတွေးချင်တော့သည့် ကာလများ ဖြစ်လာခဲ့သည်။

ထို့ပြင် သူတို့ကဲ့သို့ ဖမ်းဆီးခံခဲ့ရသူ၊ လက်ရှိတွင် သေဒဏ်ကျခံထားရသော ဝင်းနှင့်ဇော်တို့ နှစ်ဦးသည်လည်း အပြစ်မရှိဟု သူယုံကြည် ထားသည်။ သူတို့နှစ်ဦး သေဒဏ် မဟုတ်သည့် ထောင်ဒဏ်မျှ ပြောင်းလဲကျခံမှုကို ရရှိပါစေရန်လည်း သူဆုတောင်းနေခဲ့၏။

ကျော်စိုးဝင်းတစ်ယောက် ထိုင်းအာဏာပိုင်များ၏ မတရားပြုမူခဲ့ခြင်းကို ပြန်လည်တွေးလိုခြင်း မရှိတော့ပေ။ ထိုင်းအာဏာပိုင်များက သူတို့လေးဦး မတရားခံရမှုများအတွက် လျော်ကြေးပေးအပ်ခဲ့လျှင်တောင် သူမက်မောခြင်းမရှိ။ သူလိုချင်သည်က ထိုင်းနိုင်ငံဘက်က သူ့အား အပြစ်ရှိသည်ဟု သတ်မှတ်ထားသည့် ပြစ်မှုမှတ်တမ်းကို ပယ်ဖျက်ပေးရန်သာ သူအလိုရှိဆုံး ဖြစ်နေခဲ့သည်။ သူသည် ဘဝကို အသစ်ပြန်လည် စတင်ချင်ခဲ့သည်။ သူ့တွင် အပြစ်မရှိခဲ့။ ထို့ကြောင့် ထိုင်းနိုင်ငံ အနေဖြင့် သူ့အားအပြစ်ရှိသည်ဟု မသတ်မှတ်စေလိုပေ။ သူ့လိုပင် အခြားသော အပြစ်မရှိသူများကိုလည်း အပြစ်မပေးစေလိုတော့ပေ။

“ကျွန်တော် လျော်ကြေးလည်း မမက်ပါဘူး။ သူတို့ ထိုင်းဘက်က ကျွန်တော့်ကို အပြစ်ရှိတယ်ဆိုပြီး မှတ်တမ်းလုပ်ထားတော့ သူတို့နိုင်ငံဘက်သွားရင် လက်ဗွေနှိပ်ရင် အပြစ်ရှိတယ်လို့ ပေါ်လာရော။ အဲဒီတော့ ကျွန်တော်တို့လည်း အပြစ်မလုပ်ခဲ့ဘဲ အဲဒီလို မဖြစ်နေစေချင်ဘူး။ မှတ်တမ်းကို ပြန်ဖျက်ပေးစေလိုတယ်။ နောက်ပိုင်း ကျွန်တော်တို့ မြန်မာတွေ သူတို့ဆီမှာ အခုလို မတရားခံခဲ့ရရင် လုံးဝ ဝန်မခံပါနဲ့။ မှန်ရင် ငြင်းပါ။ အသက်အသေခံပြီး ငြင်းကြပါ။ ဝန်ခံလိုက်တာနဲ့ အပြစ်ရှိတယ် သတ်မှတ်တော့မှာပါ။ အချိန်တန်ရင် ကူညီမယ့်သူတွေ ပေါ်လာမှာပါ။ လုံးဝဝန်မခံကြပါနဲ့” ဟု ကျော်စိုးဝင်းက ပြောပြသည်။

 နေဝန်းထက် (Eleven Media Group)

Subscribe Us