Wednesday, May 15, 2019

မြန်မာ - ထိုင်း နှစ်နိုင်ငံအလုပ်သမားရေးရာ ကျွမ်းကျင်သူများ အစည်းအဝေး ကျင်းပ



နေပြည်တော် မေ ၁၅

မြန်မာ - ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးကို မေ ၁၃ နှင့် ၁၄ ရက်တို့တွင် ထိုင်းနိုင်ငံ ဖူးခက်မြို့၌ ကျင်းပသည်။



အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်

ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Petcharat Sinauy နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့သည်။





အစည်းအဝေးတွင် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်သည့် MoU လုပ်ငန်းစဉ်၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် သက်တမ်းကုန်ဆုံးမည့် မြန်မာ အလုပ်သမား များ ဆက်လက်အလုပ် လုပ်ကိုင်ခွင့်ရရှိရေး၊ ဥပဒေပါ အခွင့်အရေး အပြည့်အဝ ရရှိရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှုပေးရေး၊ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာရေလုပ်သားများ စေလွှတ်နိုင်ရေး၊ အလုပ်သမား စေလွှတ်ခြင်း လုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ် သတ်မှတ်ခြင်းနှင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ်ကို သက်တမ်းတိုးနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။



ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မေ ၁၂ ရက်တွင် ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၌ ဖွင့်လှစ် ထားရှိသော သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၏ အလုပ်သမားများ အချက်အလက် ကောက်ယူရေးစင်တာသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။




Subscribe Us