Thursday, March 14, 2019

ထိုင်းနိုင်ငံရှိအီလက်ထရောနစ်စက်ရုံမှမြန်မာအလုပ်သမား ၅၀ ဦးခန့်အလုပ်မှ ရပ်စဲခံရ



ဘန်ကောက်မြို့နှင့် ၇၄ကီလိုမီတာအကွာဝေးရှိ ချွန်ဘူရီခရိုင် အမတစက်မှုဇုန်ရှိ အီလက်ထရွန်နစ်စက်ရုံ
တွင်ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားဦးရေး၅၀ခန့် အကြောင်းမဲ့အလုပ်မှထုတ်
ခံရသဖြင့် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ၁၃.၃.၂၀၁၉ရက်နေ့က ဖုန်းမှတဆင့် ဆက်သွယ်
အကူညီ တောင်းခံလာကြောင်းသိရသည်။


အလုပ်သမားသံအရာရှိရုံးအနေဖြင့် အလုပ်သမား၅၀ဦးအရေးနှင့်ပက်သက်၍  ထိုင်းအလုပ်သမားကာကွယ်ရေးဌာန(ဆဝါဒီကန်)၊ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)တို့နှင့်ချိက်ဆက်ပြီး သွားရောက်ဖြေရှင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။



အလုပ်သမားများဝင်ရောက်အလုပ်လုပ်ကိုင်နေသည် စက်ရုံမှမန်နေဂျာထံဆက်သွယ်မေးမြန်းခဲ့ရာ
`မြန်မာနဲ့ကမ္ဘောဒီယာအလုပ်သမားစုစုပေါင်း ၁၀၀ခန့်ကို ဆပ်ကန်ထရိုက်တွေကနေတဆင့်
ငှားရမ်းခဲ့တာဖြစ်လို့၊ ဆပ်ကန်ထရိုက်နဲ့စက်ရုံချုပ်ဆိုထားတဲ့ အလုပ်သမားငှားရမ်းမှုစာချုပ်သက်တမ်း
ပြည့်သွားတာပါ´လို့ အလုပ်သမားဟစ်တိုင်အားဖြေကြားခဲ့ပါသည်။ထို့အပြင် ၎င်းစက်ရုံမှအလုပ်သမား
တစ်ဦးဖြစ်သူ မစုမွန်ကျော်ကလည်း `` ၁၂ရက်နေ့ကနေစပြီးအလုပ်ကနေ နားလိုက်ရတယ် ဘာဖြစ်လို့
နားရတယ်ဆိုလည်းမသိရသလို၊ ကျမတို့အလုပ်သမားတွေအတွက်ဘာလုပ်ပေးမယ်ဆိုတာလည်း ရေရေရာရာဖြေရှင်းပေးမယ်ဆိုတာလည်း မသိရဘူး၊ စက်ရုံမှာဝင်အလုပ်လုပ်နေတဲ့အလုပ်သမားတွေရဲ့လုပ်သက်အနေနဲ့၁လကနေ၅လအထိရှိကြပြီး´´လို့ပြောပါသည်။


အလုပ်သမားသံအရာရှိဦးဇော်မင်းထွေးမှ အလုပ်သမားများတင်ပြတောင်းဆိုသည့်အချက်များဖြစ်သည့်
အလုပ်သမားများ၏ကျန်ရှိသည့် လုပ်အားခငွေနှင့်ဖြတ်တောက်ထားသည့်ငွေများပြန်ပေးအပ်ရန်နှင့်အလုပ်ပြောင်းရွှေ့လိုသည့်အလုပ်သမားများအတွက် ဘိုင်ကျန့်အော်ကိစ္စအပါဝင် ပကန်ဆာခွန် (လူမှုဖူလုံရေး)ကိစ္စများပါအလုပ်သမားများကျေနပ်သည့်အထိဖြေရှင်းပေးရန် ဆပ်ကန်ထရိုက်ထံတောင်းဆိုပေးခဲ့ကြောင်းသိရပါသည်။


``ဆပ်ကန်ထရိုက်စနစ်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေနဲ့ဖျက်သိမ်းတာကြာနေပြီး ဒါပေမယ့် အချို့နေရာမှာတော့အခုထိရှိနေတော့ အလုပ်သမားတွေအတွက်အတော်ကိုနစ်နာမှုရှိနေတယ်´လို့ အလုပ်သမားသံအရာရှိဦးဇော်မင်းထွေးက အလုပ်သမားဟစ်တိုင်အားဖြေကြားခဲ့ပါသည်။

အလုပ်ရပ်စဲခံရသည့်အလုပ်သမားများတင်ပြတောင်းဆိုချက်များဖြစ်သည့် လုပ်အားခကျန်ငွေများနှင့်အလုပ်သမားများထံမှဖြတ်တောတ်ထားသည့်ငွေကြေးစာရင်းများကို ယခုလ၂၀ရက်၌ဖြေရှင်းပေးရန်၊ဖြတ်တောက်ထားသည့်ငွေများနှင့်ဘိုင်ကျန့်အော်၊ပကန်ဆာခွန် (လူမှုဖူလုံရေး)ကိစ္စများကို ဆပ်ကန်ထရိုက်အနေဖြင့် အပြီးသက်ဖြေရှင်းဆောင်ရွက်ပေးရန် ဆဝါဒီကန်ဌာန၊ကျဟာငန်ဌာနများရှေ့မှောက်တွင် ဝန်ခံကတိစာချုပ်တစ်ခုကိုချုပ်ဆိုခဲ့ကြောင်းသိရသည်။

Subscribe Us