Monday, March 11, 2019

မလေးရှားနိုင်ငံသို့သွားမည့် တရားမဝင် မြန်မာအလုပ်သမား(၃၀)ခန့် စုန်ခလာခရိုင်၌ ဖမ်းဆီးခံရ



ယခုလ ၉ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာခရိုင် စဒေါင်နယ်မြေ စံနပ်တဲ(ဝို)ရပ်ကွက်အုပ်စု(၈)ရော်ဘာခြံအနီးရှိတောအုပ်အတွင်းမှ မြန်မာအလုပ်သမားများသည် ရွာထဲ၌ ရေခဲထုတ်များမကြာခဏ
လာဝယ်နေကြောင်းကို ဒေသခံတစ်ဦးမှ ရပ်ရွာလူကြီးထံဆက်သွယ်အကြောင်းကြားလာသဖြင့် နယ်မြေခံထိုင်းစစ်တပ်မှတာဝန်ရှိသူများအပါဝင် ရပ်ရွာလူကြီးများပါဝင်သည့်စစ်ရေးအဖွဲ့ဝင်(၂၀)ဦးခန့်သည် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။





အဆိုပါနေရာသို့ စစ်ဆေးရေးအဖွဲ့များဝင်ရောက်ချိန်တွင် ပုန်းခိုနေသည့်မြန်မာအလုပ်သမားများမှမြင်တွေ့သွားသဖြင့်ထွက်ပြေးကြရာသဖြင့် လိုက်လံဖမ်းဆီးရာတွင် မြန်မာအလုပ်သမား ကျား(၃၁) မ(၇)ဦး စုစုပေါင်း(၃၈)ဦးတို့ကိုလက်ရဖမ်းဆီးရမိပြီး ၎င်းအလုပ်သမားများကိုစစ်ဆေးရာတွင်နိုင်ငံကူးလတ်မှတ်အပါဝင် အထောက်ထားများ မရှိကြောင်းစစ်ဆေးတွေ့ရှိရသည်။


မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ကိုနေဇော် အသက်(၂၅)နှစ်အားစကားပြန်မှတဆင့်မေးမြန်းရာတွင် ကိုနေဇော်ပြောပြချက်အရ ``မိမိတို့အလုပ်သမားအားလုံးသည်ထိုင်း မြန်မာနယ်စပ် ရနောင်းခရိုင်မှ
တဆင့် ပစ်ကပ်ကားတစ်စီးမှကြိုလာခဲ့ပြီးဘယ်နေရာဆိုတာမသိပဲ့ ဒီတောထဲပုန်းခိုနေတာ(၂)ရက်ခန့်ရှိပြီဖြစ်ကြောင်းနှင့် လာခေါ်မည့်သူအားစောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း´´သိရသည်။


၎င်းအလုပ်သမားများသည် မလေးရှားသို့သွားရောက်အလုပ်လုပ်ကိုင်ရန်သွားကြမည့်အလုပ်သမားများဖြစ်ပြီး မိမိတို့ဘာအလုပ်လုပ်ရမည်ဆိုတာမသိပဲ ပွဲစားဖြစ်သူမှအလုပ်ရှိတယ်ပြော၍ လိုက်လာကြကြောင်း နှင့်ပွဲစားဖြစ်သူအား တစ်ဦးလျှင်မြန်မာငွေကျပ်(၈)သိန်းကျပ်ထိုင်းဘတ်ငွေ(၁၉၀၀၀)ဘတ်ပေးဆောင်ပြီးလာခဲ့ရကြောင်းသိရသည်။


ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံများသို့သွားရောက် အလုပ်လုပ်ကိုင်လိုသည့်မြန်မာနိုင်ငံသားများအတွက် အခမဲ့ဝန်ဆောင်မှုဖြစ်သည့် (Zero Cost)စနစ်ဖြင့် ပို့ဆောင်မှုကို စတင်အကောင်ထည်ဖော်ဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ မှန်ကန်သော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်နှင့် ပြည်ပနိုင်ငံများသို့တရားဝင် သွားရောက်အလုပ်လုပ်ကိုင်နိုင်မည့် နည်လမ်းများ ၊ အခွင့်အရေးများနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်၊တိုင်းဒေသကြီး၊မြို့နယ်များရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများနှင့်အလုပ်
သမားသံအရာရှိရုံးသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးမှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။



သတင်းအရင်းမြစ်-TNEWS TV ONLINE

Subscribe Us