Thursday, February 28, 2019

အလုပ်သမားများ၏ မီးဖွားမှုနှင့် ရင်သွေးငယ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကိစ္စ


ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအလုပ်သမားများ၏ မီးဖွားမှုနှင့် ရင်သွေးငယ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကိစ္စ



၁။ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားအလုပ်သမား များနှင့် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ မီးဖွားပြီး ရင်သွေးငယ်များ၏ နိုင်ငံသားစိစစ်မှုဆိုင်ရာလုပ်ငန်းအား တင်ပြပေးလိုပါသည်။




၂။ အလုပ်သမားသံအရာရှိ အနေဖြင့် ၂၃.၂.၂၀၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်၊ မဟာချိုင် ဆေးရုံကြီးနှင် Siriraj Hospital များသို့ တရားဝင်ခွင့်ပြုချက်တောင်းခံပြီး၊ ဆေးရုံကြီးများတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော မြန်မာနိုင်ငံသားများ၊ မီးဖွားလျက်ရှိသော မြန်မာနိုင်ငံသားမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး၍ နိုင်ငံသားများ၏ ဆေးရုံတက်ရောက်ကုသမှုနှင့် ပတ်သက်သည့် ဖြည့်စည်းဆောင်ရွက်ပေးရမည့်အချက်အလက်များ အားပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေးပေးနိုင်ရန်အချက်များအဖြစ် တင်ပြဆောင်ရွက်ပေးထားပေးခြင်း၊ အချို့ အချက်အလက်များကို ဆေးရုံရှိတာဝန်ရှိ အရာရှိများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။





ထိုကဲ့သို့ဆွေးနွေးပွဲတွင် စမုစခွန် ဆေးရုံကြီး၏ မှတ်တမ်းများအရ မြန်မာနိုင်ငံသားများမှ မွေးဖွားနှုန်းသည် တစ်နှစ်လျင်ပျမ်းမျှ ၄၀၀၀ ဦးခန့်မွေးဖွား ကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးမှုအရ မြန်မာနိုင်ငံသား မိဘနှစ်ပါးအနေဖြင့် လည်း မိမိတို့၏ ရင်သွေးငယ်အား မြန်မာနိုင်ငံသားတစ်ဦးအဖြစ် မှတ်ပုံတင်ရန်နှင့် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင် နိုင်ရေး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အား သိရှိမှု အားနည်းကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်သည်အတွက် ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် မိမိတို့၏ရင်သွေးငယ်သည် ထိုင်းနိုင်ငံအတွင်းမိဘများမှ နေထိုင်အလုပ်လုပ်ကိုင်နေစဉ် အတွင်း တရားမဝင် သူတစ်ဦးဖြစ်ခြင်း၊ အမိမြန်မာနိုင်ငံသို့ ပြန်ရာတွင်လည်း တရားဝင်လမ်းကြောင်းများမှ ပြန်၍ မရခြင်း၊ မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါတွင်လည်း မိမိတို့၏အိမ်ထောင်စုဇယားအတွင်းထည့်သွင်းရန်နှင့် မှတ်ပုံတင် ပြုလုပ်ရန် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန်အတွက် အခက်အခဲများတွေ့ရကြောင်း လိုက်လံတွေ့ဆုံဆွေးနွေးမှုများ အရ သိရှိရပါသည်။



၃။ ထိုင်းနိုင်ငံအတွင်း မည်သည့်နေရာဒေသတွင်မဆို ၊ မည်သည့် ဆေးရုံတွင်မဆိုမွေးဖွားသည့် မြန်မာနိုင်ငံသား မိခင် (သို့မဟုတ်)ဖခင် (သို့မဟုတ်) မိခင်၊ဖခင် နှစ်ဦးစလုံးနိုင်ငံသား မှ မွေးဖွားသည့် ရင်သွေးငယ်များအား မြန်မာနိုင်ငံသား အဖြစ်မှတ်ပုံတင်နိုင်ရန်အတွက် မွေးဖွားသည့် နေ့မှ တစ်လအတွင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ အောက်ဖော်ပြပါစာရွက်စာတမ်းများဖြင့် လာရောက်လျှောက်ထားရမည်ဖြစ်ပါသည်-

 (က) Birth Certificate (မွေးစာရင်း)



 (ခ) မိခင်(သို့)ဖခင်(သို့) မိခင်၊ဖခင် နှစ်ဦးစလုံး၏ နိုင်ငံသားဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်နေသည့် အထောက်အထားများ (ဥပမာ-Passport,Visa, Work Permit,မှတ်ပုံတင်,သန်းခေါင်စာရင်း)



 (ဂ)  မိခင်(သို့) ဖခင် (သို့) မိခင်ဖခင် တို့နှင့် အတူ ရိုက်ယူထားသော ဓါတ်ပုံတစ်ပုံ



 (ဃ) မွေးစာရင်းသည် ထိုင်းဘာသာဖြင့်ရေးထားသော မွေးစာရင်းဖြစ်ပါက မွေးစာရင် ဘာသာပြန် ( ဘာသာပြန် သီးသန့်သာဖြစ်ပါသည်၊ Notary Translation အဆင့်အထိဆောင်ရွက်ရန်မလိုပါ)



၄။ ထိုသို့လာရောက်လျှောက်ထားသူများအား ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးအနေဖြင့် အောက်ပါအတိုင်း စိစစ်မေးမြန်းမည်ဖြစ်ပါသည်-



 (က) ကာယကံရှင်သည် မွေးဖွားကြောင်း မှတ်တမ်းတင်ပြီးသည်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်။



 (ခ) ကာယကံရှင်သည် မွေးဖွားကြောင်းမှတ်တမ်းတင်ပြီးသည်နှင့် ထိုင်းနိုင်ငံအတွင်း တရားဝင် ဆက်လက်နေထိုင်ပြီး၊ အလုပ်လုပ်ကိုင်လျက်ရှိသည့် မိဘများနှင့် အတူရှိနေမည်။



ကာယကံရှင်သည် မွေးဖွားကြောင်း မှတ်တမ်းတင်ပြီးသည်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်

၅။ ကာယကံရှင်သည် ထိုင်းနိုင်ငံအတွင်းဆေးရုံတစ်ခုခုတွင် ကျန်းမာရေးကိစ္စအလို့ငှာလာရောက်မီးဖွားခြင်း၊ (သို့မဟုတ်) ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ကိုင်ခဲ့ပြီး၊ မီးဖွားပြီးစ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသည် ဆိုပါက ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးအနေဖြင့် မီးဖွားခဲ့သည့် ရင်သွေးငယ်အတွက် C of I အား နေ့ချင်းပြီး ထုတ်ပေးမည် ဖြစ်ပြီး၊ ၎င်း C of I ဖြင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ သက်ဆိုင်ရာ လဝက ဝင်ထွက်ပေါက်များမှ တရားဝင် ပြန်လည်ထွက်ခွာနိုင်ပြီး၊ မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင်လည်း ၎င်းစာရွက်စာတမ်းများဖြင့် သန်းခေါင်စာရင်း မွေးတိုးဆောင်ရွက်ခြင်း၊ မှတ်ပုံတင်လျှောက်ထားခြင်းများအတွက် အထောက်အထားတစ်ခုအနေဖြင့် အသုံးပြုနိုင်ပါသည်။



ကာယကံရှင်သည် မွေးဖွားကြောင်းမှတ်တမ်းတင်ပြီးသည်နှင့် ထိုင်းနိုင်ငံအတွင်း တရားဝင် ဆက်လက်နေထိုင်ပြီး၊ အလုပ်လုပ်ကိုင်လျက်ရှိသည့် မိဘများနှင့် အတူရှိနေမည်



၆။ ထိုင်းနိုင်ငံအတွင်း မိခင်(သို့)ဖခင်(သို့) မိခင်ဖခင် နှစ်ဦးစလုံးသည် မွေးဖွားကြောင်းမှတ်တမ်းတင်ပြီးသည်နှင့် ထိုင်းနိုင်ငံအတွင် ဆက်လက်နေထိုင်မည် ဆိုပါက အောက်ပါအတိုင်းဆက်လက်ဆောင်ရွက်ပါမည်-

 (က) မိဘနှစ်ပါးစလုံးသည် မြန်မာနိုင်ငံသားဖြစ်ပါက

  ရင်သွေးငယ်၏မိဘနှစ်ပါးစလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မှ မြန်မာနိုင်ငံသားများ ဖြစ်ပါကထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးအနေဖြင့် ရင်သွေးငယ်အတွက် Passport ထုတ်ပေးနိုင်ရန်အလို့ငှာ မိဘနှစ်ပါး၏ စာရွက်စာတမ်းများနှင့် ရင်သွေးငယ်၏အချက်အလက်များအား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်သို့ ဆက်လက်ပေးပို့ပြီး၊ ရင်သွေးငယ်အတွက် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်နိုင်ရန် ပတ်စပို့(နိုင်ငံကူးလက်မှတ်) ထုတ်ပေးမည်ဖြစ်သည်။ မိဘနှစ်ပါးသည် ထိုင်းနိုင်ငံအတွင်းဆက်လက်နေထိုင်အလုပ်လုပ်ကိုင်နေစဉ်အတွင်း မိဘနှစ်ပါးနည်းတူု ထိုင်းနိုင်ငံ၏ ဥပဒေများအတိုင်း မိမိတို့၏နေထိုင်ခွင့် အထောက်အထားများကို ပြသ၍ ရင်သွေးငယ်၏ တရားဝင်နေထိုင်ခွင့် ဆိုင်ရာများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မိဘနှစ်ပါးစလုံးသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ချိန် (သို့) ရင်သွေးငယ်၏ လဝက မွေးတိုးဆောင်ရွက်ခြင်းနှင့် မှတ်ပုံတင် ပြုလုပ်ခြင်းဆိုင် ရာကိစ္စများတွင် သံရုံးမှ ထုတ်ပေးထားသောအထောက်အထားများကို အသုံးပြု၍ လျှောက်ထား ဆောင်ရွက်ရမည်ဖြစ်ပါသည်။



 (ခ) မိဘနှစ်ဦးမှ တစ်ဦးသည် မြန်မာနိုင်ငံသား မဟုတ်ပါက

  မိဘနှစ်ဦးမှ တစ်ဦးသည် မြန်မာနိုင်ငံသားဖြစ်ပြီး ကျန်တစ်ဦးမှာ မြန်မာနိုင်ငံသားမဟုတ်ခဲ့ပါက ရင်သွေးငယ်သည် မြန်မာနိုင်ငံသားအဖြစ်လျှောက်ထားမည် ဆိုလျှင် အထက်ဖော်ပြပါ အပိုဒ်(၄-က) အတိုင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးအနေ ဖြင့် နိုင်ငံသားခံယူခွင့်ဆိုင်ရာအဆင့်တစ်ခုအား ဆောင်ရွက်ပြီး (၄-က) ပါအတိုင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။



၇။ ဖော်ပြပါ လုပ်ငန်းစဉ်များအတွက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးတွင် မိဘများကိုယ်တိုင် လာရောက်လျှောက် ထားနိုင်ပါသည်။



၈။ အကြောင်းအမျိုးမျိုးကြောင့် မွေးဖွားပြီး တစ်လ အတွင်း မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် မဆောင်ရွက်ခဲ့သူများ အနေ ဖြင့်လည်း မိမိတို့၏ရင်သွေးငယ်များအတွက် အထက်တွင်ဖော်ပြခဲ့သော စာရွက်စာတမ်းများနှင့် အတူ လာရောက် လျှောက်ထား နိုင်ကြပါသည်။



၉။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသား များအနေဖြင့် မိမိတို့၏ရင်သွေးငယ်များအတွက် လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာကိစ္စ များကို သတ်မှတ်ကာလအတွင်း လာရောက် ဆောင်ရွက်နိုင်ကြစေရေးနှင့် ရင်သွေးငယ်အတွက် လိုအပ်သည့် မှတ်ပုံတင်မှုဆိုင်ရာများ သိရှိနိုင်ပါရန် အသိပေးနှိုးဆော် အပ်ပါသည်။ မိမိတို့၏ရင်သွေးငယ်များအတွက် သိရှိလိုသည်များ ရှိပါကလည်း အလုပ်သမား သံအရာရှိရုံးဖုန်း နံပါတ်များသို့ ဆက်သွယ်၍ လည်းကောင်း၊ Line Viber များမှ တဆင့်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။



အလုပ်သမားသံအရာရှိရုံး

ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ



Subscribe Us