Wednesday, February 13, 2019

ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်ခံရသည့် မြန်မာအလုပ်သမားလေးဦးအားဘန်ကောက်ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးမှ ထပ်မံကယ်တင်




ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်ရှိ ရေခဲစက်ရုံသို့လူကုန်ကူးခံရသည့်မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးုမြို့ နယ်၊ တောင်လျောင်းအုပ်စု စမ်းကုန်ကျေးရွာတို့မှ မြန်မာအလုပ်သမား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့အား လူမှုကူညီရေးအဖွဲ့ဖြစ်သည့် ကရုဏာလက်တွဲကူညီအဖွဲ့မှ အလုပ်သမားသံအရာရှိရုံးနှင့်ချိတ်ဆက်ကာ (၁၁.၂.၂၀၁၉)ရက်နေ့ကလာရောက်ပို့ဆောင်ခဲ့ရာတွင် MOEAF(thai)CALL CENTRE၌ ယာယီ ခေါ်ယူစောင့်ရှောက်ထားကြောင်းသိရသည်။

ပွဲစားဖြစ်သူ မဆွေက ထိုင်းနိုင်ငံရှိ စက္ကူစက်ရုံတွင်အလုပ်ကောင်းမွန်ကြောင်းပြောကြားသည်များကို ယုံကြည်ပြီး အလုပ်သမားခုနှစ်ဦးသည် တစ်ဦးလျှင် မြန်မာကျပ်ငွေခုနှစ်သိန်းခန့်ပေးခဲ့ရကြောင်းနှင့် ၎င်းအလုပ်သမားခုနှစ်ဦးတို့ကို ပွဲစားဖြစ်သူ မဆွေနှင့် ထိုင်းနိုင်ငံ မယ်ဆောက်မြို့ရှိ ပွဲစားဖြစ်သူဒေါ်မာလီတို့က ချိတ်ဆက်ပြီးအလုပ်သမားများကို အုပ်စုနှစ်ခုခွဲကာ ထိုင်းနိုင်ငံသို့ ထီးခီးနယ်စပ်ဂိတ်နှင့် မြဝတီနယ်စပ်ဂိတ်တို့မှတဆင့် တရားမဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ခဲ့ကြောင်းသိရသည်။


“တစ်ရွာတည်းနေသူသုံးဦးနဲ့ကျနော်က ပထမအသုတ်အနေနဲ့ ၂၀၁၈ခုနှစ် ၁၂လပိုင်းကုန်ခါနီးလောက်မှာထီးခီးနယ်စပ်ဂိတ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (Border Pass)နဲ့ဝင်လာရ တယ်၊ အဲ့ကနေမှတဆင့် နခွန်စဝမ်ခရိုင်က ရေခဲစက်ရုံကိုအပို့ခံရတယ်”လို့ ဦးဝင်းဇော်ကပြောသည်။ ထို့အပြင် လူကုန်ကူးခံရသူတစ်ဦးဖြစ်သည့် မအေးနွဲ့စန်းကလည်း

“ကျမတို့တူရီးနှစ်ယောက်က ၂၀၁၉ ၁လပိုင်းက မယ်ဆောက်ကနေ နခွန်စဝမ်ခရိုင်ရှိ ရေခဲစက်ရုံကိုရောက်လာတယ်၊ တစ်လကို ၈၀၀၀ဘတ်ပဲရတယ် အဲဒီရတဲ့ငွေကိုလည်း ပွဲစားဒေါ်မာလီက စက်ရုံကိုလာပို့ခဆိုပြီး တစ်ယောက်ကို ဘတ်၂၀၀၀စီထပ်ဖြက်တယ် အဝတ်စားဖိုး၊အခန်းခ၊ရေနဲ့မီးအသုံးပြုခဆိုပြီးဖြတ်လိုက်တာ ကျမတို့လက်ထဲ ဘတ်၃၀၀၀လောက်ပဲရတယ်၊ ပွဲစားပြောတာကိုယုံမိလို့ကျမတို့တွေအခုလို သူတစ်ပါးတိုင်းပြည်မှာ ဒုက္ခတွေကြုံနေရတယ်၊အခုလည်း အလုပ်သမားသံအရာရှိနဲ့MOEAFရုံးက လက်ခံစောင့်ရှောက်ပေးလို့သာပေါ့ မဟုတ်ရင်ကျမတို့ဘဝတွေ ဘာဆက်ဖြစ်မယ်ဆိုတာမတွေးရဲဘူး”လို့ ပြောပါသည်။



ထို့အပြင် ကရုဏာလက်တွဲကူညီလူမှုအဖွဲ့စည်းမှ ကိုမိုးစက်ကလည်း“ဖိကဆင်က သူငယ်ချင်းတစ်ဦးက ကျနော်ကိုအကြောင်းကြားလာတယ် မြန်မာအလုပ်သမားမိသားစုလေးဦးလမ်းဘေးမှာအခက်ခဲဖြစ်နေတယ်၊ကူညီပါဆိုတာနဲ့ကျနော်လည်းသွားခေါ်ပြီး အခန်းမှာထမင်းကျွေးစောင့်ရှောက်ပေးထားပြီး၊ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးထံဆက်သွယ်တဲ့အခါ လာပို့ပါကူညီပေးပါမယ်ဆိုတာနဲ့ မနေ့ကသွားပို့ပေးခဲ့ပါတယ်”လို့ ပြောသည်။


ဦးဝင်းဇော်နှင့် မအေးနွဲ့စမ်းအပါဝင် အလုပ်သမားခုနှစ်ဦးအနက် တစ်ဦးသည် နေရပ်သို့ပြန်သွားပြီးနောက် ကျန်အလုပ်သမား၂ဦးတို့သည် အခြားပွဲစားများနှင့်ထပ်မံချိတ်ဆက်ကာ ကားရေဆေးစက်ရုံသို့ပြောင်းသွားခဲ့သည့်နောက် ၎င်းတို့သည်လည်း ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်တစ်ခုသို့ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရာနှစ်ရက်သာလုပ်နိုင်ခဲ့ပြီး အခြားလုပ်ငန်းတစ်ခုသို့ရွှေ့ပြောင်းရန် ပွဲစားတစ်ဦးနှင့်ချိတ်ဆက်ပြီး ဖိကဆင်နယ်မြေရှိ ဈေးဆိုင်အနီး၌ မိုးချုပ်ထိစောင့်ဆိုင်နေရာတွင် ပွဲစားမှလာရောက်ခေါ်ဆိုခြင်းမရှိဖြစ်နေချိန် မြန်မာနိုင်ငံသားတစ်ဦးက ကရုဏာလက်တွဲကူညီလူမှုအဖွဲ့စည်းထံပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။


“အခုလထဲမှာပဲ ကျနော်တို့ စောင့်ရှောက်ပေးထားတဲ့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ဆယ့်နှစ်ဦးထိရှိသွားပါပြီး၊အခုလိုတွေဖြစ်ရတဲ့အကြောင်းရင်းက ပွဲစားတွေပြောတာကို အမတန်ယုံကြည်မှုလွန်ကဲသလို၊ ပြည်ပနိုင်ငံတွေကိုတရားဝင်ဘယ်လိုသွားရောက်အလုပ်လုပ်ကိုင်ရမယ်ဆိုတာကို မသိကြတာလည်းပါတာပေါ့၊ဘယ်လိုမျိုးပဲဖြစ်ဖြစ်ကျနော်တို့နိုင်ငံသားတွေ အခုလို သူတစ်ပါးနိုင်ငံမှာ အခက်ခဲဖြစ်လာရင်တော့ ဘယ်လိုနည်းနဲ့မဆိုကူညီရပဲလေး၊အခုလည်းသူတို့ကို နေထိုင်စားသောက်ရေးကအစအဆင်ပြေအောင် MOEAFအဖွဲ့နဲ့ပူးပေါင်းပြီးဆောင်ရွက်ပေးလျက်ရှိသလို၊သူတို့အနေနဲ့ ထိုင်းနိုင်ငံကို တရားဝင်ပြန်လာပြီးအလုပ်လုပ်ကိုင်ချင်သူတွေအတွက်ကိုလည်း စီစဉ်ဆောင်ရွက်ပေးနေပါတယ်၊ အလုပ်သမားအရေး ဝိုင်းဝန်းကူညီပေးတဲ့ လူမှုရေးအဖွဲ့အစည်းကိုလည်း ကျေးဇူးတင်ပါတယ်၊အခြားဒေသအလိုက် လူမှူအဖွဲ့အစည်းးတွေအနေဖြင့် ယခုကဲ့သို့ သိုက်သိုက်ဝန်းဝန်း ဝိုင်းဝန်းလက်တွဲဆောင်ရွက်စေလိုပါတယ်"ဟု အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။


ယခုလ ၆ရက်နေ့က ထိုင်းနိုင်ငံ၊လယောင်ခရိုင်မှ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်စကုမြို့နယ် မုတ်ခဲ၊ရွှေချောင်း၊မြောင်းခြားနှင့်အိုင်မကျေးရွာတို့မှ မြန်မာအလုပ်သမား အမျိုးသား ၄ဦး၊အမျိုးသမီး၁ဦးတို့ကိုလည်း အလုပ်သမားသံအရာရှိရုံးက သွားရောက်ကယ်တင်စောင့်ရှောက်ထားလျက်ရှိသလို၊အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်ကာ လာရောက်ခိုလှုံနေ
သည့် တရားမဝင်အလုပ်သမား ၁၂ဦးထိရှိလာကြောင်း
သိရသည်။


၂၀၁၈ခုနှစ်တစ်နှစ်တာကာလအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းများမှတဆင့် ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားစုစုပေါင်း( ၂၄၆ဦး )တို့ကို အလုပ်သမားသံအရာရှိရုံးအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။


ထိုင်းနိုင်ငံအပါဝင် ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးမခံရစေရန်နှင့် မှန်ကန်သောရွှေ့ပြောင်းသွားလာ မှုဖြစ်စေရေးအတွက်တရားဝင်အလုပ်သွားရောက် လုပ်ကိုင်နိုင်မည့် နည်းလမ်းများ ၊ အခွင့်အရေးများနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်၊တိုင်းဒေသကြီး၊မြို့နယ်များရှိ အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံးများ အလုပ်သမားသံအရာရှိရုံး (ဘန် ကောက်)တို့ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။

Subscribe Us