Saturday, May 09, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁)




သူ့ကျေးဇူး
(ဓမ္မဃောသက ဦးမောင်မောင်)

“ ကျွန်တော်တို့ ရုံးမှာ “ သင့်ဘဝ” မဂ္ဂဇင်း လစဉ် ယူပါတယ်၊ လွန်ခဲ့တဲ့ ၃ -လ လောက်က အုန်းမှုန်း ခွက် ဆောင်းပါးပါတဲ့ မဂ္ဂဇင်း ဘယ်သူ့ ငှားလိုက်မိတယ်မသိဘူး၊ အဲဒါရှိရင် ခဏကြည့်ပါရစေ” ဟု တောင်းဆို မေတ္တာရပ်ခံလာသူကား ရန်ကုန် ချွေတာစုဆောင်းရေးဘဏ် ဌာနချုပ်ရုံးမှ ဦးစိန်ရိုးဖြစ်၏။ သူအလိုရှိသော ၁၉၇၉ခု၊စက်တင်ဘာလထုတ် သင့်ဘဝမဂ္ဂဇင်းကို ရှာဖွေ၍ ပေးပြီးနောက် စာရေးသူက သူ၏ ဆန္ဒကို သိလို သဖြင့်် …


“ ဦးစိန်ရိုးက မကွေးဝင်းမြင့်ရဲ့ အုန်းမှုတ်ခွက်နင်း ရောဂါကင်း ဆောင်းပါးကို ဖတ်ချင်လို့လား”

“ ကျွန်တော် ဖတ်ပြီးပါပြီ၊ ဖြစ်နိုင်ရင် အဲဒီ ဆောင်းပါးကို ကူးယူပုံနှိပ်ပြီး ဝေငှကမ်းလှမ်းချင်လို့ပါပဲ”

“ သင့်ဘဝမဂ္ဂဇင်းက စောရေ ၆၅၀၀ ကျော် ၇၀၀၀ နီးပါး ထုတ်ဝေနေရတော့ မြန်မာတစ်ပြည်လုံးက မကွေးဝင်းမြင့်ရဲ့ အုန်းမှုတ်ခွက်နင်း ဆောင်းပါးကို ဖတ်ကြရမှာပဲ၊ ဦးစိန်ရိုးက ဘာဖြစ်လို့ ပိုက်ဆံအကုန်ခံပြီး ပုံနှိပ်ကမ်းလှမ်းချင်ရတာတုန်း”

“ အုန်းမှုတ်ခွက်ကို ကျွန်တော့် မိတ်ဆွေအချို့ နင်းကြတာ ကြာပါပြီ၊ ကျွန်တော် ကိုယ်တိုင်လို့ နင်းဖူးလို့ အုန်းမှုတ်ခွက်နင်းရတဲ့ အကျိုးအာနိသင်ကို သိထားပြီးပါပြီ၊ သိသူဖော်စား မသိသူ ကျော်သွား ဆိုသလို ပဲပေါ့။ အခု မကွေးဝင်းမြင့်ရဲ့ ဆောင်းပါး ထွက်လာတော့ မှန်ကန်ကြောင်း ထောက်ခံတဲ့ အနေနဲ့ရော ကျန်းမာရေးအတွက် နည်းကောင်း တစ်ရပ်ကို အများသိစေလိုတဲ့ စေတနာနဲ့ပါ၊ ပြန့်သည် ထက် ပြန် ့နှံ့
အောင် ဖြန့်ချီ ဝေငှချင်တာပါပဲ၊ အဲဒါ ဦးမောင်မောင်က ကူညီဆောင်ရွက်နိုင်မယ် ဆိုရင် ကုန်ကျစရိတ်ကို ကျွန်တော်က ပေးလှူပါ့မယ်။

“ သင့်ဘဝတိုက်နဲ့ ညှိနှိုင်းပြီး မေးမြန်းဆောင်ရွက်ပေးပါ့မယ်၊ ဒါပေမယ့် တစ်ချိန်က ရေသောက်ရောဂါ ထကြဖူးသလို အခုလဲ မကွေးဝင်းမြင့် ကောင်းမှုကြောင့် အုန်းမှုတ်ခွက် ရောဂါ ထကြပြန်ပြီလားလို့ ပြော စရာဖြစ်လာမှာလည်း စိုးရသေးတယ်”

“ ဟာ ဒီလိုလဲ မဟုတ်ပါဘူး၊ ကျွန်တော့်အမြင် ပြောရရင် ရေသောက်တာဟာ တစ်ချို့ ပုဂ္ဂိုလ်တွေအတွက် အန္တရာယ် ဖြစ်နိုင်တယ်ခင်ဗျာ၊ ဗမာ့နည်းကတော့ ဓါတ်လေးပါးညီမျှအောင် ညှိဖို့လိုပါတယ်၊ အပေါဓါတ် လွန်ကဲနေသူအဖို့ ရေများများသောက်ရင် မသင့်ဘူးပေါ့ခင်ဗျာ၊ အုန်းမှုတ်ခွက် နင်းတာ ကတော့ သွေးလေ ညှိတဲ့ သဘောမို့ လူတိုင်းနဲ့ တော်ပါတယ်”

“ အမှန်ကတော့ အုန်းမှုတ်ခွက်နင်းတာဟာ အနှိပ်ခံတဲ့ သဘော အကြောကိုင်တဲ့ သဘောပဲလို့ ထင်ပါတယ်”

“ ဟုတ်တာပေါ့၊ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ အနှိပ်ဆရာ မခေါ်ရဘဲ အငြောင်းအငြာပြေပြီး သွေးလမ်း
၊ လေလမ်းပွင့်တဲ့ နည်းပါပဲ ”

“ ခေတ်ကာလ ဆေးပညာနည်းနဲ့ ကုသလို့ မလွယ်တဲ့ လေငန်းရောဂါ တို့၊ သွေးကြောပိတ်တာ တို့၊ နှလုံး
ရောဂါ တို့၊ ချည့်နဲ့နေတဲ့ ရောဂါတို့ ဆိုတာဟာ တကယ်တတ်ကျွမ်းနားလည်တဲ့ အကြော ကိုင်ဆရာနဲ့ ကုသလို့ သက်သာပျောက်ကင်းတာတွေကို ကျွန်တော် တွေ့ဖူး ကြားဖူးပါတယ်။ ရောဂါဝေဒနာ ဆိုတာ ဟာလဲ တေဇော အရင်းခံကြောင့် ဖြစ်ပါတယ်။

 တေဇောမှာလဲ သီတတေဇော၊ ဥဏှတေဇောလို့ နှစ်မျိုးရှိတဲ့ အကြောင်း အဘိဓမ္မာ ဓါတ်ဆရာကြီး ဦးဘိုးမင်း ရေးတဲ့ ရူပဝိနိစ္ဆယ ကုထုံး ကျမ်းမှာ ဖတ်ရဖူးပါတယ်၊ ဒီတော့ ဒီဓါတ်နှစ်ပါးမျှတအောင် ဆေးဝါး မှီဝဲရုံမျှသာ မဟုတ်ဘဲ သွေးကြော   လေကြော ကိုင်ပေးတဲ့ သဘော၊ အုန်းမှုတ်ခွက်နင်းတာဟာလဲ နည်းကောင်း တစ်ရပ်ပဲလို့ ဆိုရမှာပါပဲ ”

ဦးစိန်ရိုးအား ပြန်ပြောကြားရင်း “ အာရောဂျံ ပရမံ လာဘံ ” ဟု ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသည့်အတိုင်း မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှာ ကမ္မဋ္ဌာန်း တရား အားထုတ်လိုသူတို့အတွက် လိုအပ်သော၊ အင်္ဂါငါးရပ်(ပဓာနိယင်္ဂ) တွင် အမှတ် ၂ အင်္ဂါဖြစ်သော အနာရောဂါကင်း၍ မအေးလွန်း၊ မပူလွန်း အလတ်ဖြစ်သော ကမ္မဋ္ဌာန်း စီးဖြန်းခြင်းငှာ ကျန်းခံသော အစာကို ကြေစေနိုင်သော ညီမျှသောဝမ်းမီးနှင့် ပြည့်စုံခြင်းဟူ၍ ကျမ်းမာမှု အရေးကြီးပုံကို သတိပြုမိလျှက် လူငယ်တစ်ယောက်ပင် ဖြစ်သော်လည်း အများ၏ ကောင်းကျိုးကို လိုလား ရှေးရှု ဆောင်ရွက်တတ်သည့် မကွေး ဝင်းမြင့်၏ စေတနာနှင့် သူ့ကျေးဇူးကား မသေးငယ်လှပါ တကားဟု တွေးတောမိပါသတည်း။သတ္တဝါအများ ကျန်းမာ ချမ်းသာကြပါစေ။

ဆက်လက်ဖေါ်ပြပေးပါမည်။

တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်

Subscribe Us