Monday, December 10, 2018

အလုပ်သမား သံအရာရှိကို လာဘ်ပေးရသည်ဆိုသည့် ကိစ္စ မမှန်ကန်ကြောင်း Popularland ကုမ္ပဏီမှ ဒါရိုက်တာရှင်းပြီ


၁၀.၁၂.၂၀၁၈ ဘန်ကောက်

အလုပ်ခေါ်စာ တစောင်လက်မှတ်ရေးထိုးမှုအတွက် အေဂျင်စီမှ အလုပ်သမားသံအရာရှိအားဘတ်၅၀၀ ပေးခဲ့ရကြောင်း ယမန်နေ့က လူမှုကွန်ယက်ပေါ်တွင် liveလွှင့်ပြီးတင်ပြခဲ့သည့်ကိစ္စသည် မှန်ကန်ခြင်းမရှိကြောင်း သက်ဆိုင်ရာအေဂျင်စီမှ တရားဝင်ငြင်းဆိုခဲ့သည်။

popularland အေဂျင်စီမှ ဖြေရှင်းရာတွင် ထိုင်းနိုင်ငံ Apk property & Deploment Construction ကုမ္ပဏီသို့ ကျား၃၀ဦးနှင့် မ၂၀ဦး၏ အလုပ်ခေါ်စာအား ၁၃.၁၁.၂၀၁၈တွင် အလုပ်သမားသံအရာရှိရုံးသို့ တင်ပြခဲ့ကြောင်း၊ သို့သော် စာရွက်စာတမ်းမပြည့်စုံမှုကြောင့် ခွင့်ပြုခြင်းမရှိခဲ့ကြောင်း၊ ထိုင်းအေဂျင်စီထံသို့ လိုအပ်သော အထောက်အထားများပြန်လည်တောင်းခံခဲ့ပြီး ပြီးပြည့်စုံအောင် စီစဉ်ပြီးမှ ၁.၁၂.၂၀၁၈နေ့တွင် အလုပ်သမားသံအရာရှိထံသို့ ဒါရိုက်တာ ဦးအောင်မြင့်စိန်ကိုယ်တိုင် မှတ်ပုံတင်တင်စာရင်းသွင်း၍သွားရောက်တင်ပြခဲ့ကြောင်း၊ အလုပ်သမားသံအရာရှိမှ စနစ်တကျ စစ်ဆေးပြီးမှသာ ခွင့်ပြုခဲ့ကြောင်း၊ ယင်းကိစ္စအတွက် အလုပ်သမားသံအရာရှိမှ မည်သည့်ငွေကြေးမှတောင်းခံခဲ့ခြင်းမရှိသလို Popularland အေဂျင်စီဘက်မှလည်း ပေးဆောင်ခဲ့ရခြင်းမရှိကြောင်း ပြန်လည် ဖြေရှင်းခဲ့သည်။





``Facebook စာမျက်နှာပေါ်တွင် ထုတ်လွှင့်ထားသလို အလုပ်ခေါ်စာအတွက် ကျွန်တော့်ဘက်မှ ငွေကြေးပေးအပ်ခဲ့ရခြင်းမရှိသလို Facebook account ပိုင်ရှင် Hla Khaing ခေါ် ခိုင်ကြီးနှင့်သော်၎င်း၊ စောမောင်နှင့်သော်၎င်း ဆက်သွယ်ဆောင်ရွက်ခြင်း မရှိတဲ့အပြင် သိကျွမ်းခြင်းတောင် မရှိခဲ့ပါဘူး"ဟု Popularland Service အေဂျင်စီ၏ ဒါရိုက်တာ ဦးအောင်မြင့်စိန်က ပြောကြားခဲ့သည်။

ယင်းတဘက်သတ်စွတ်စွဲပြောဆိုမှုအား ၈.၁၂.၂၀၁၈နေ့ည ၂၂း၂၀တွင် Hla Khaing ဆိုသူ၏ Facebook စာမျက်နှာမှ AACဒါရိုက်တာ ဦးခိုင်ကြီးဆိုသူမှLive ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


''အဲဒီနေ့က သူ့Liveမှာပြောသွားတဲ့ စကားကို တကယ်တာဝန်ယူပါတယ်ဆိုရင် သက်သေနဲ့တကွ MOEAFရုံးမှာလာရောက်ဖြေရှင်းဖို့တရားဝင်ပြောဆိုထားတယ်၊ ဒီလူ့ရည်ရွယ်ချက်ကတော့ဗျာ အလုပ်သမားသံအရာရှိရုံးနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့စည်းတွေကြား၊ လူပုဂ္ဂိုလ်တွေကြားမှာ အထင်အမြင်လွဲမှားအောင်တိုက်ခိုက်တာပေါ့၊သူ့Liveလွှင့်ချိန်က ဒမန်းစာရွက်ကိုင်ပြီးပြောနေတာတောင် အေဂျင်စီနာမည်ကိုတောင်မှန်အောင် မပြောနိုင်တာတွေ့ရတယ်။ဒါကို ထောက်ရှု့ခြင်းအားဖြင့် ဒီလူဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုစိတ်တွေ အရမ်းများနေတာကိုတွေ့ရတယ်၊ သူအနေနဲ့လာရောက်မဖြေရှင်းဘူးဆိုရင်၊ ကျွန်တော့ရဲ့ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုရေးသားတဲ့အတွက်ဥပဒေလမ်းကြောင်းကနေ ဖြေရှင်းသွားဖို့စီစဉ်နေပါတယ်"ဟုလေဘာဟစ်တိုင်မှ ဦးစောမောင်က မှတ်ချက်ပြုသည်။

ယင်းကိစ္စအတွက် သက်ဆိုင်ရာအေဂျင်စီမှ အလုပ်သမားသံအရာရှိထံသို့ ၁၀.၁၂.၂၀၁၈နေ့စွဲဖြင့်လိပ်မူ၍ ဖြေရှင်းတင်ပြခဲ့သည့်နည်းတူ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)ရုံးချုပ်သို့လည်း ကုမ္ပဏီဒါရိုက်တာဦးအောင်မြင့်စိန်ကိုယ်တိုင် အကြောင်းကြားစာပေးအပ် ဖြေရှင်းခဲ့ကြောင်း သတင်းရရှိပါသည်။ ။

MOEAF ပြန်ကြားရေးကော်မတီ

Subscribe Us