Monday, October 22, 2018

ပြည်ပသွားရောက် အလုပ်လုပ်မည့်သူများအတွက် အထောက်အကူပေးမည့် လမ်းညွှန်သင်တန်းများ



ခင်ရတနာ

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြီးမှူး၍ ပြည်ပအလုပ် အကိုင် လမ်းညွှန်သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ် ပေးလျက်ရှိပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်)နှင့် (မန္တလေး)တို့တွင် သင်တန်းကြေးအခမဲ့ဖြင့် လက်ခံသင်ကြားပေးလျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စိတ်ပါဝင်စားသူ များနှင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ အတွက် ရည်ရွယ်၍ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ကောင်းမွန်သင့်တော်သောအလုပ်အကိုင် များ ရရှိရန်၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာရေးဖြစ်ရန်၊ မှတ်ပုံတင်ထားသော အေဂျင်စီများဖြင့်သာ ချိတ်ဆက်သွား ရောက်နိုင်ရန်၊ တရားမဝင်ပွဲစားများ ပပျောက်ရန်၊ အလုပ်သမား များအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။




''ပြည်ပနိုင်ငံများသို့ တရားဝင် သွားရောက်အလုပ်လုပ်ကိုင် မယ်ဆိုရင် လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်မယ်၊ အလုပ်လုပ် ကိုင်တဲ့နိုင်ငံရဲ့ အလုပ်သမားဥပဒေပါခံစားခွင့်တွေ ရရှိမယ်၊ ကိုယ်ရောက်နေတဲ့နိုင်ငံတွင်းမှာ လွတ်လပ်စွာနဲ့ သွားလာခွင့် ရှိမယ်၊ လူကုန်ကူးခံရတာတွေ၊ လုပ်အားခေါင်းပုံဖြတ်ခံရတာ တွေကနေ ကင်းဝေးနိုင်မယ်၊ ဖမ်းဆီးခံရတာတွေ၊ ပြည်နှင်ဒဏ် ခံရတာတွေ ကင်းဝေးမယ်၊ အလုပ်လုပ်ခွင့် သက်တမ်းကုန် သွားရင် လုံခြုံစိတ်ချစွာနဲ့ မိမိနိုင်ငံကိုပြန်လာနိုင်မယ်စတဲ့ အခွင့် အရေးတွေ ရလာနိုင်တာကို နိုင်ငံခြားသွားပြီးအလုပ်လုပ်မယ့် သူတွေအားလုံး သိစေချင်တယ်''ဟု ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားသည်။

သင်ကြားပို့ချသည့် အကြောင်းအရာများ
ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတွင် ပြည်ပနိုင်ငံ များသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ နိုင်ငံများ၏ ပထဝီ၊ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု၊ လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ သိရှိသင့်သည့်အချက်များ၊ အလုပ်သမား ရေးရာဥပဒေများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်း၊ လူဝင်မှုကြီးကြပ် ရေးဆိုင်ရာ သိရှိသင့်သည့်အချက်များ၊ အလုပ်ရှင်-အလုပ် သမား သဘောတူစာချုပ်ပါအချက်များ၊ ဆက်သွယ် အကူအညီ တောင်းခံရမည့်နေရာများ၊ ပြည်ပထွက်ခွာခြင်း၊
အလုပ်လုပ် ကိုင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ငွေကြေးစီမံခန့်ခွဲခြင်း တို့ကို သင်ကြားပို့ချပေးလျက်ရှိသည်။

ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများကို တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိလည်းကောင်း၊ ကြာသပတေးနေ့မှ စနေနေ့ အထိလည်းကောင်း တစ်ပတ်လျှင်နှစ်ကြိမ်ဖြင့် အခမဲ့ပို့ချပေး လျက်ရှိပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ ကျန်းမာရေးကောင်းမွန် သည့် အမျိုးသား/အမျိုးသမီးများ တက်ရောက်နိုင်ကြောင်းနှင့် သင်တန်းကာလ သုံးရက်ကို မပျက်မကွက် တက်ရောက်ကြရ မည်ဖြစ်ကာ ပျက်ကွက်ပါက နောက်တစ်ကြိမ် တက်ရောက် ရမည်ဖြစ်ကြောင်း၊ အချိန်ပြည့် တက်ရောက်သူများကိုသာ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး သင်တန်းဆင်း လက်မှတ်ရရှိပြီးတစ်နှစ်အတွင်း ပြည်ပသို့သွားရောက်ခြင်းမရှိ ပါက သင်တန်းပြန်လည်တက်ရောက်ရမည်ဖြစ်သည့်အပြင် သင်တန်းပြီးသူများသည်သာ ကိုရီးယားနှင့် ထိုင်းနိုင်ငံမှလွဲ၍ အခြားပြည်ပနိုင်ငံများအားလုံးသို့ သွားရောက် အလုပ်လုပ် ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများ၏အကျိုးအတွက်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''အလုပ်သမားတွေက အရင်က ပြည်ပကို ထွက်ခွာခါနီးမှသာ လုပ်ငန်းခွင်အကြိုသင်တန်း တက်ရောက်ရတဲ့အတွက် ကြိုတင် ပြင်ဆင်မှုတွေလုပ်ဖို့ အချိန်လုံလောက်မှုမရှိတာကို တွေ့ရပါ တယ်၊ အခုအစီအစဉ်ကတော့ အလုပ်သမားများအနေနဲ့ ပြည်ပ အလုပ်အကိုင် လမ်းညွှန်သင်တန်းကို မိမိတို့တက်လိုတဲ့အချိန် ကြိုတင်တက်ရောက်ခွင့်ရတဲ့အတွက် ပြည်ပကို သွားရောက် လုပ်ကိုင်ရန် လိုအပ်တာတွေကို အချိန်မီ ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဌာနအနေနဲ့ အလုပ်သမားတွေရဲ့အကျိုးအတွက် ဦးစားပေး စီမံဆောင်ရွက်တာဖြစ်သလို ပြည်ပသို့သွားရောက် လုပ်ကိုင်ဖို့ လက်တွေ့လိုအပ်ချက်တွေကို သင်ကြားပေးမှာဖြစ် ပါတယ်''ဟု ပြောကြားသည်။

အလုပ်သမားများ စေလွှတ်လျက်ရှိ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိခံစားနိုင်စေရန်၊ လုပ်ခ/လစာနှင့် မိသားစုဝင်ငွေများ တိုးမြင့်လာစေရန်၊ လုပ်သားဈေးကွက်ကို မြှင့်တင်ပေးနိုင်ရန်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေ ဖြင့် ပြည်ပနိုင်ငံများမှ တိုးတက်ပြောင်းလဲနေသည့် နည်း ပညာများကို ကောင်းမွန်စွာလေ့လာတတ်မြောက်ပြီး အဆိုပါ ကျွမ်းကျင်မှုများကိုအသုံးချ၍ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေ ရန်၊ နိုင်ငံတော်၏လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာ စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံ များရှိ သင့်လျော်ကောင်းမွန်သည့်လုပ်ငန်းခွင်များသို့ အလုပ် သမားများ စေလွှတ်လျက်ရှိကြောင်းလည်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် တရားမဝင်ရွှေ့ပြောင်းသွားလာမှုများ လျော့နည်းပပျောက်စေရန်အတွက်လည်း ပြည်ပသို့ အများ ဆုံးသွားရောက်လုပ်ကိုင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ တွင် MRC ရုံး ၁၂ ရုံး ဖွင့်လှစ်ကာ ရွှေ့ပြောင်းအလုပ်သမား များအတွက် လိုအပ်သည့်သတင်းအချက်အလက်များ ပံ့ပိုး ပေးခြင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရွှေ့ပြောင်း အလုပ်သမားများ သတင်းပို့နေရာများဖွင့်လှစ်ပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမား များ၏ သတင်းအချက်အလက်များကို ရယူခြင်းနှင့် ပြည်ပသို့ တရားမဝင်ထွက်ခွာနေမှုများကို တားဆီးခြင်း၊ နေပြည်တော် နှင့် ရန်ကုန်မြို့တို့တွင် Complaints Mechanism Center များဖွင့်လှစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများ၏ တိုင်ကြားမှုများ နှင့် စုံစမ်းမေးမြန်းမှုများကို ၂၄ နာရီ လက်ခံပေးခြင်း၊ ကိုရီးယား၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများ ခန့်အပ်ကာ မြန်မာအလုပ်သမားများ၏ အရေးကိစ္စများကို ကူညီဖြေရှင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ပြည်ပနိုင်ငံများသို့သွားရောက် ကြမည့် အလုပ်သမားများအနေဖြင့် Passport for Job(PJ) ဖြင့်သာ သွားရောက်အလုပ်လုပ်ကိုင်ကြစေရန် စီစဉ်ထား ကြောင်းလည်း သိရသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး
မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ ၁ဝ ရာခိုင်နှုန်းခန့်သည် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် နိုင်ငံအသီးသီးတွင် အလုပ် လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့သည် နိုင်ငံ၏ လုပ်အားသယံဇာတ များဖြစ်ရာ နိုင်ငံတော်က ရွှေ့ပြောင်းအလုပ်သမားများအား မထွက်ခွာမီ၊ ပြည်ပတွင်လုပ်ကိုင်နေစဉ်အတွင်းနှင့် မိခင်နိုင်ငံ သို့ပြန်လည်ရောက်ရှိခြင်းစသည့် လုပ်ငန်းစဉ်အားလုံးတွင် အလုပ်သမားများ၏အခွင့်အရေးများရရှိစေရန် ဆောင်ရွက် ပေးခြင်း၊ ပြန်လည်ရောက်ရှိလာပြီးနောက်တွင် ရရှိလာသည့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုများကို နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများတွင် ပါဝင်လာစေခြင်း၊ ပြည်ပမှလွှဲပို့လာ သည့် မိသားစုလွှဲပို့ငွေများကို လျင်မြန် အဆင်ပြေချောမွေ့စွာ ရောက်ရှိစေခြင်းနှင့် နိုင်ငံတော်၏ အလုပ်အကိုင် အခွင့်အလမ်း များကို တိုးတက်စေခြင်းတို့ဖြင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချ နိုင်မည်ဖြစ်သည်။

ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သည့် လုပ်ငန်းစဉ်များ ထဲတွင် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြည်ပသို့ထွက်ခွာချိန်တွင် လည်းကောင်း၊ ပြည်ပ၌အလုပ်လုပ်ကိုင်ရာတွင်လည်းကောင်း အဆင်ပြေချောမွေ့စေရန် အထောက်အကူပြုမည့် လိုအပ် သည့်သင်တန်းတစ်
ခုဖြစ်၍ ပြည်ပသို့သွားရောက် အလုပ်လုပ် ကိုင်မည့်သူအားလုံး တက်ရောက်သင့်ကြသော သင်တန်းများ
 ဖြစ်ပေသည်။ ။

Subscribe Us