Wednesday, September 05, 2018

သောင်းချီ ရေလုပ်သားများ ခန့်ထားရန် ထိုင်းဘက်က အဆင်သင့်ဖြစ်ပြီ



ထိုင်းနိုင်ငံ ရေလုပ်ငန်းရှင်များအသင်းက လိုအပ်နေတဲ့ ရေလုပ်သားအများအပြားကို အိမ်နီးချင်းနိုင်ငံကနေ တရားဝင် တင်သွင်းခန့်ထားနိုင်ဖို့  အစစပြင်ဆင်ပြီး အသင့်ဖြစ်နေပြီလို့ ရနောင်းခရိုင် အလုပ်သမားစီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

ထိုင်းနိုင်ငံ ပင်လယ်နားနီး ၂၂ ခရိုင်ထဲမှာ ရေလုပ်သား ၅ သောင်းကျော် လိုအပ်နေကြောင်း ရေလုပ်ငန်းရှင်များအသင်းက ထိုင်းအစိုးရထံတင်ပြခဲ့ပြီး  ထိုင်းအလုပ်သမား ဝန်ကြီးကလည်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အလုပ်သမားတွေ တရားဝင်စေလွှတ်ရေး သီးသန့်သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


မြန်မာနိုင်ငံဘက်က ရေလုပ်သားတွေ စေလွှတ်ခန့်ထားဖို့ ထိုင်းအလုပ်သမားဝန်ကြီး ဗိုလ်မှူးကြီး အဒွန်း ဆိုင်ဆင်ကယောက်ဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို ရောက်လာပြီး မြန်မာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ  MOU စနစ်နဲ့ အလုပ်သမားတွေစေလွှတ်ဖို့ သဘောတူချက်ရရှိခဲ့ပြီးဖြစ်ပါတယ်။

မြန်မာဘက်က ရေလုပ်သားအမြောက်အမြား ခန့်ထားနိုင်ရေး မှတ်ပုံတင်အထောက်အ ထားတွေ တနေရာတည်းအပြီး ဆောင်ရွက်ပေးနိုင်မယ့် One Stop Service Center စခန်းကို မြန်မာနိုင်ငံ ကော့သောင်းမြို့နဲ့ မျက်နှာချင်းဆိုင် ရနောင်းမြို့ ပါတ်နမ့်အုပ်စု ရပ်ကွက် ( ၁ ) ထဲမှာ ဖွင့်လှစ်ပေးထားပြီး အစစဝန်ဆောင်ပေးဖို့ အသင့်ရှိပြီဖြစ်ကြောင်း ရနောင်းခရိုင် အလုပ်သမား စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး နိုင်းဖိထွန် ဒမ်ရုန်းဆာခွန်းက ဒီကနေ့မနက်ပိုင်းမှာ ရနောင်းဒေသတွင်း သတင်းဌာနကို ပြောပါတယ်။

အဆိုပါ OSSC စခန်းမှာ ရေလုပ်သားလုပ်ငန်းရှင် ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးဌာန၊  လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ ကျန်းမာရေးဆေးစစ်ဌာန၊ အလုပ်သမားစီမံခန့်ခွဲရေးဌာနတွေ ကဏ္ဍအလိုက် လာရောက်ဝန်ဆောင်ပေးမှာဖြစ်ပြီး လုပ်ငန်းခွင်အကြိုသင်တန်းတွေပါ ဖွင့်လှစ်ပေးသွားမယ်လို့ ဆိုပါတယ်။

ရေလုပ်ငန်းမှာ လာရောက်လုပ်ကိုင်မယ့်သူတွေအတွက် အနိမ့်ဆုံးလစာ ၁ လကို ဘတ် ၁ သောင်း သတ် မှတ်ထားပြီး လုပ်ငန်းကျွမ်းကျင်ပါက လုပ်အားခ ပိုမိုရရှိမှာဖြစ်ကြောင်း၊ ဒါ့အပြင် ဥပဒေက အကာ အကွယ်ပေး တဲ့ အလုပ်သမားအခွင့်အရေးတွေလည်း ရရှိမယ်လို့ ဆိုပါတယ်။

လောလောဆယ် မြန်မာအလုပ်သမားရုံးဘက်လာပြီး လျှောက်လွှာတင်ထားသူတွေမှာ ထောင်နဲ့ချီရှိနေပြီလို့ သိရကြောင်း နိုင်းဖိထွန်က ဆက်ပြောပါတယ်။

ထိုင်းဘက်က အခုလို အဆင်သင့်ရှိနေပေမယ့် မြန်မာဘက်ကတော့ အလုပ်သမားတွေ ဘယ်နေ့က စပို့လာမယ်ဆိုတာ မသိရသေးကြောင်း၊ သူတို့ကတော့ အလုပ်သမားတွေ ရောက်လာတာနဲ့ အထောက်အထားတွေကို တနေ့တည်းအပြီး ဆောင်ရွက်ပေးနိုင်အောင် စီစဉ်ထားတယ်လို့ နိုင်းဖိထွန် ပြောသွားပါတယ်။

ထိုင်းနိုင်ငံက လိုအပ်နေတဲ့ ရေလုပ်သား ၅ သောင်းကျော်ဟာ ပင်လယ်ငါးဖမ်းလှေတွေ ပေါ်မှာ အဓိက အလုပ်လုပ်ရမှာဖြစ်ပြီး အရင်က တရားမဝင် ရေလုပ်သား တင်သွင်းမှုကြောင့် လူကုန်ကူးမှု၊ အလုပ်သမားအခွင့် အရေးချိုးဖောက်မှုတွေ ရှိခဲ့ပါတယ်။

DVB သတင်းဌာနမှတဆင့် ကူးယူဖော်ပြပါသည်။

Subscribe Us