Sunday, September 30, 2018

ဆော်ဒီရောက် ဗီယက်နမ်အိမ်ဖော်များဘဝ

ဆော်ဒီရောက် ဗီယက်နမ်အိမ်ဖော်များဘဝ သီဒေါင်းသည် လူတွေစွန့်ပစ်ထားသော အိမ်တစ်အိမ်တွင် သူ့သမီးဖြစ်သူ အသက် ၇ နှစ်အရွယ် ဟောင်အန်းနှင့်အတူ နေထိုင်သည်။ သူနေထိုင်သည့်နေရာက ဟနွိုင်းမြို့ အနောက်တောင်ဘက်၊ ဟောင်ဘင်းမြို့စွန်တွင်ဖြစ်သည်။ 

ဒေါင်းသည် အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဧပြီလက ဗီယက်နမ်နိုင်ငံသို့ ပြန်မရောက်လာမီ ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ အိမ်ဖော်အလုပ်ကို လုပ်ကိုင်ခဲ့သည်။ 

“ကျွန်မ မနက် ၅ နာရီကနေ နေ့ ၁ နာရီအထိ အလုပ်လုပ်ရတယ်။ ၁ နာရီထိုးမှ ထမင်းစားရတယ်။ နေ့တိုင်း ဒီအတိုင်းပဲ။ ထမင်းတစ်ပန်းကန်နဲ့ ဆိတ်သားလေးတစ်တုံးပဲစားရတယ်။ နှစ်လလောက်လုပ်ပြီးတော့ ရူးချင်လာတယ်” ဟု ဒေါင်းက သူ၏ ဆော်ဒီနိုင်ငံ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ယန်ဘီတွင် အလုပ်လုပ်ခဲ့ရစဉ်က အတွေ့အကြုံကို ပြန်ပြောင်းပြောပြနေခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ အစီရင်ခံစာများအရ ဆော်ဒီနိုင်ငံတွင် ဗီယက်နမ်နိုင်ငံမှ အလုပ်သမားပေါင်း ၂၀၀၀၀ ခန့်ရှိနေကြောင်း သိရသည်။ ဆော်ဒီနိုင်ငံ၏ မိသားစုများထံ၌ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြရသူပေါင်းမှာ ၇၀၀၀ ခန့်ရှိသည်။ 




၂၀၁၄ ခုနှစ်တွင် ဆော်ဒီနှင့် ဗီယက်နမ်နိုင်ငံတို့သည် နှစ်နိုင်ငံ အလုပ်သမားသဘောတူညီချက် လက်မှတ်များရေထိုးပြီး ဗီယက်နမ်နိုင်ငံမှ နိုင်ငံသားများကို ပင်လယ်ကွေ့နိုင်ငံများသို့ အလုပ်သမားများအဖြစ် စေလွှတ်ခဲ့သည်။


ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် အိမ်ဖော်များကို နိုင်ငံခြားတိုင်းပြည်များမှ အများဆုံးခေါ်ပြီး ခိုင်းစေနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုသို့ခေါ်ယူသော နိုင်ငံများထဲတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံများမှ အိမ်ဖော်များလည်းပါသည်။ ထိုနိုင်ငံများမှ ခေါ်ယူသည့်အရေအတွက်များနှင့် နှိုင်းယှဉ်လိုက်လျှင် ဗီယက်နမ်နိုင်ငံမှ အရေအတွက်မှာ မပြောပလောက်သည့်အရေအတွက်ဖြစ်သည်ဆိုသဖြင့် အာရှသားတွေ ဆော်ဒီတွင် မည်မျှကျွန်သွားခံနေကြသည်ဆိုခြင်းကို လေ့လာသုံးသပ်နိုင်သည်။ 


ထိုနိုင်ငံတွင် ကျွန်ခံသလို နေထိုင်ကြရသော အိမ်ဖော်များဘဝမှာ မည်မျှအခြေအနေဆိုးနေသည် ဆိုခြင်းမှာ တိကျသည့် မှတ်တမ်းများမရှိသဖြင့် ဖော်ပြရန်ခက်လှသည်။ သို့သော် ဗီယက်နမ်မှ ဒေါင်းလို လွတ်မြောက်လာသူတစ်ဦး၏ ရင်ဖွင့်ချက်ကို နားထောင်ပြီး ခန့်မှန်းနိုင်မည်ထင်သည်။


“အိမ်ဖော်ဘဝဆိုတာ အတော်လေးခက်ခဲတဲ့ လုပ်ငန်းတစ်ခုဆိုတာ ကျွန်မနားလည်ပါတယ်။ ကျွန်မတို့က အများကြီး တောင်းဆိုနေတာလည်း မဟုတ်ပါဘူး။ အငတ်မထားပါနဲ့၊ မရိုက်ပါနဲ့၊ တစ်ရက်ကို သုံးနပ်လောက်တော့ ကျွေးဖို့ တောင်းဆိုတာပါ။ အဲဒီလို အိမ်ရှင်တွေက လုပ်ပေးမယ်ဆိုရင် ကျွန်မတို့ ကယ်ဆယ်ဖို့ တောင်းခံနေစရာ လိုမယ်မထင်ပါဘူး” ဟု သူကဆိုသည်။


ထရင်သီလင်းသည် ဗီယက်နမ်နိုင်ငံ ဟာနမ်မြောက်ပိုင်းကဖြစ်ပြီး ရီယတ်မြို့ရှိ မိသားစုတစ်စုထံ တွင် အိမ်ဖော်အဖြစ် လုပ်နေသူတစ်ဦးဖြစ်သည်။ အသက် ၃၀ အရွယ် ထရင်သီလင်းသည် တစ်ကြိမ်မှ ပြည်ပနိုင်ငံများကို ရောက်ဖူးသူတစ်ယောက်မဟုတ်။ ဆော်ဒီနိုင်ငံကိုလည်း ကြားဖူးရုံလောက်သာရှိသည်။ 


“ကျွန်မကို တစ်လ ၃၈၈ ဒေါ်လာရမယ်ဆိုပြီး ခေါ်လာတာ။ ပွဲစားခလည်း မပေးရဘူးပေါ့လေ။ အဲဒီလိုပြောတော့ စိတ်လှုပ်ရှားမိတာပေါ့။ ကျွန်မတို့ မိသားစုကဆင်းရဲပါတယ်။ အဲဒီက အိမ်ဖော်လုပ်ပြီးရမယ့် တစ်လစာဟာ ကျွန်မတို့ နှစ်ရာသီစိုက်ပျိုးလို့ရတာလောက်ရှိနေတာပဲ” ဟုသူကပြောပြရှာသည်။


လင်းသည် အခြားအမျိုးသမီးများကို ဆော်ဒီတွင်တွေ့ဆုံခဲ့ရသည်။ အငယ်ဆုံးမှာ ၂၈ နှစ်နှင့် အကြီးဆုံးမှာ ၄၇ နှစ်ဖြစ်သည်။ သူတို့အများစုမှာ ဗီယက်နမ်နိုင်ငံမှာ လယ်သမားများဖြစ်ကြပြီး ကျေးလက်ဒေသများကဖြစ်ကြသည်။ အများစုမှ ဗီယက်နမ်လူနည်းစု လူမျိုးစုဝင်များဖြစ်ကြသည်။ 


“ကျွန်မရီယတ်လေဆိပ်ကိုရောက်တော့ သူတို့ (ဆော်ဒီမှ အိမ်ဖော်လုပ်ငန်းပွဲစားများ) က ကျွန်မကို အခန်းတစ်ခန်းထဲ တွန်းထည့်လိုက်တယ်။ အဲဒီအခန်းထဲမှာ လူတစ်ရာကျော်လောက်ရှိတယ်။ ကျွန်မအလုပ်ရှင်က ကျွန်မကိုနောက်ဆုံးမှခေါ်တာ။ သူက ကျွန်မ နိုင်ငံကူးလက်မှတ်နဲ့ စာချုပ်တွေအားလုံးကို သိမ်းသွားတယ်။ ကျွန်မဒီမှာ စကားပြောခဲ့ရတဲ့သူတွေအားလုံး ကျွန်မလိုပဲ ကြုံတွေ့ခဲ့ကြရတယ်၊ ဟု သူကဆိုသည်။

လင်းလည်း ဒေါင်းလိုပင် တစ်နေ့တစ်နပ်သာ ထမင်းစားရပြီး ၁၈ နာရီခန့် အလုပ်လုပ်ပေးရသည်။ သူတို့ စာချုပ်များတွင် တစ်ရက် ၉ နာရီ နားချိန်ပေးရမည်ဟုပါသော်လည်း ထိုအခွင့်အရေးများကို စာလည်းမတတ် နားလည်မလည်၊ စာချုပ်တွေကိုပါ သိမ်းထားခြင်းခံထားရသည့် အိမ်ဖော်တွေအဖို့ သိကြမည်ပင် မထင်။ သို့သော် ဗီယက်နမ်တွင် အလုပ်သမားဝန်ကြီးဌာန၏ စာချုပ်များတွင်လည်း ထိုအချက်များကို ရေးသွင်းသတ်မှတ်ထားပြီးဖြစ်သည်။

လင်းသည် အခြားမိသားစုတစ်စုထံ ပြောင်းပြီး အလုပ်လုပ်ချင်နေသည်။ သူတို့စာချုပ်တွင်လည်း မနှစ်သက်လျှင် တစ်နေရာကို ပြောင်းလုပ်ပိုင်ခွင့်ရှိသည်ဆိုသော အချက်ပါသည်။ သို့သော် ဗီယက်နမ်ပွဲစားတွေကို ထိုသို့သွားပြောလျှင်လည်း အဟောက်ခံရမည်သာဖြစ်သည်။ နောက်ဆုံး သူက သုံးရက်တိတိ အစာအငတ်ခံ ဆန္ဒပြသည်။ ထို့ကြောင့် သူ့အိမ်ရှင်များက သူ့ကိုဆော်ဒီကုမ္ပဏီထံ ပြန်အပ်လိုက်တော့သည်။ 


“ကျွန်မအလုပ်ရှင်တွေက ကျွန်မကို ခေါ်ဖို့ ငွေတွေအများကြီး ပေးခဲ့ရတယ်လို့ပြောတယ်။ ဒေါ်လာ ၆၁၀၀ လောက်တောင် ပေးခဲ့ရတယ်လို့ပြောတယ်။ ဒါကြောင့် သူက ကျွန်မကို ဆက်နေစေချင်တယ်။ ဒါပေမဲ့ ကျွန်မက ဆက်ပြီးတော့ မနေချင်တော့ဘူး။ တစ်ပတ်လောက်နေတော့ ကျွန်မကို ဆော်ဒီပွဲစားတွေလက်ထဲ ပြန်ထည့်လိုက်တယ်” ဟု လင်းကဆိုသည်။

သူနောက်ထပ်ရောက်သွားသည့် မိသားစုက ပိုဆိုးသည်။ အိမ်ရှင်မိန်းမကြီးတစ်ယောက်က သူရောက်သည့် ပထမဆုံးနေ့မှာပင် သူ့လက်ဆွဲအိတ်ကို သူ့အား မပြောမဆိုနှင့် လှန်လှောမွှေနှောက်ရှာသည်။ ထို့နောက် သူ့ကို အခန်းတစ်ခန်းအတွင်းထည့်ပြီး သော့ခတ်ထားသည်။ သူ့နိုင်ငံကူးလက်မှတ်ကိုလည်း သိမ်းထားလိုက်သည်။


“ကျွန်မအိတ်တွေကို စတိုးခန်းထဲထည့်ပြီးတော့ သော့ခတ်ထားလိုက်တယ်။ ကျွန်မဖုန်းကိုလည်း သုံးခွင့်မပေးဘူး။ ကျွန်မကို ချက်ပြုတ်စားသောက်ခွင့်လည်း မပေးဘူး။ အိမ်သာသုံး စက္ကူတောင် ကျွန်မကို သုံးခွင့်မပေးဘူး။ ကျွန်မကို သူတို့ခြေထောက်ဆေး ခိုင်းတာတွေ၊ နှိပ်ခိုင်းတာတွေလည်း လုပ်ခိုင်းတယ်။ ကျွန်မကို အစားကျွေးရင်လည်း သူတို့စားပြီးသား အကျန်တွေပဲပေးတယ်”ဟု လင်းက ပြောပြသည်။


“ကျွန်မ သုံးလလောက်အကြာမှာ အရင် ၇၄ ကီလိုဂရမ်ကနေ ၅၃ ကီလိုဂရမ်လောက်ကျသွားတယ်။ ကျွန်မစိတ်ထဲမှာကြောက်လန့်လာတယ်။ အိပ်လို့လည်း မပျော်တော့ဘူး။ ကျွန်မတတ်နိုင်တာကတော့ ငိုတာပဲ၊ ဆော်ဒီနိုင်ငံတွင် အိမ်ဖော်တို့၏ ဘဝအခြေအနေများကို ပြင်ပနိုင်ငံများ မသိနိုင်အောင် ဖုံးထားသည်။ သူတို့က အိမ်တွင်းပြဿနာကို အိမ်တွင်းမှာပဲ နိုင်အောင်ရှင်းနေကြသဖြင့် သူတို့ ညှဉ်းပန်းနှိပ်စက်နေမှုများကို အပြင်ကို သတင်းအဖြစ်ထွက်လာခြင်း လည်းမရှိပေ။ အလုပ်ကို အလွန်အကျွံလုပ်ပေးနေရခြင်း၊ အရိုက်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ရှိနေသော်လည်း သတင်းတွေ သိပ်မပေါက်အောင် သူတို့ ဖျောက်ထားနိုင်စွမ်းများရှိကြသည်ဟု ဗီယက်နမ်နိုင်ငံ ILO ရုံးမှငုယင် သီမိုင်သွေးက ရှင်းပြသည်။ 


“ဆော်ဒီမှာက အိမ်ဖော်အလုပ်သမားတွေထက် သူတို့နိုင်ငံက အလုပ်ရှင်တွေနဲ့ စပွန်ဆာပေးသူတွေဘက်မှာပဲ ဥပဒေကရှိနေတာ” ဟု သူကဆိုသည်။ 


ဗီယက်နမ်နိုင်ငံမှာ အိမ်ဖော်များသည် ဆော်ဒီကို စပွန်ဆာဖြင့် ဝင်ကြရသည်။ သူတို့က ကာဖလာဟုခေါ်သည်။ သူတို့ကို စပွန်ဆာပေးသူက ထောက်ခံမပေးလျှင်၊ သဘောမတူလျှင် အလုပ်လည်း ပြောင်းရွှေ့ခွင့်မရှိ၊ နိုင်ငံ ပြင်ပကို ပြန်ထွက်ခွင့်လည်း မရှိသည့်သဘောဖြစ်သည်။ 


ယူအေအီး၊ အိုမန်၊ ကူဝိတ်၊ ကာတာနှင့် လက်ဘနွန် နိုင်ငံများတွင်လည်း အလုပ်သမားတွေကိုလည်း သူတို့ အလုပ်ရှင်တွေက ထောက်ခံပေးသည့်သူတွေနှင့် တစ်နည်းမဟုတ်တစ်နည်း တုပ်နှောင်ထားတတ်ကြသည်။ ထိုနိုင်ငံများတွင် အိမ်ဖော်များက အလုပ်ရှင်အပေါ် ကြမ်းတမ်းစွာ ခံပြောခြင်း၊ လွတ်မြောက်ထွက်ပြေးရန် ကြိုးစားခြင်း၊ အလုပ်ကို ရှောင်တိမ်းခြင်းတို့အတွက်လည်း ထောင်ဒဏ်၊ ငွေဒဏ်တို့အပြင် နိုင်ငံမှနှင်ထုတ်ခြင်းတို့ကို ပြစ်ဒဏ်ပေးနိုင်သည်အထိ ဥပဒေများ သတ်မှတ်ထားသည်။ 



ဗီယက်နမ်နိုင်ငံမှ အိမ်ဖော်များကို ဗီယက်နမ်ရှိ ပွဲစားကုမ္ပဏီများက ခေါ်သည်။ ဆော်ဒီနိုင်ငံ လူသစ်စုဆောင်းသည့် ကုမ္ပဏီသို့ လွှဲပြောင်းမပေးအပ်မီ ဗီယက်နမ်တွင် ဘာသာစကားနှင့် လုပ်ငန်းဆိုင်ရာ သဘောတရားတွေကို သင်ပေးကြသည်။ ဗီယက်နမ် ကုမ္ပဏီတွေက ဥပဒေကိုများသောအားဖြင့် လိုက်နာကြသည်။ သို့သော် ဆော်ဒီဘက်မှ အဆင့်ဆင့်သတ်မှတ်ထားသည့် ဥပဒေတွေက အလုပ်သမားတွေထက် အလုပ်ရှင်တွေကို အသာစီးရစရာဖြစ်နေသည်။ 


နိုင်ငံတကာမှ အလုပ်သမားများအနေနှင့် သူတို့၏ ဒုက္ခတွေကို ဖော်ထုတ်ခွင့်လည်းမရှိ။ သူတို့က အလုပ်သမားဘက်က ဥပဒေကို ချိုးဖောက်သည်ဆိုလျှင်လည်း ကြီးလေးသော ဒဏ်ငွေတွေကို ရိုက်တတ်သည့်အပြင် ဗီယက်နမ်ပြန်ပို့ရန်ပင် ကိုယ့်လေယာဉ် စရိတ်ကို ကိုယ်ခံခိုင်းသည်အထိ ဒဏ်ပေးသည်။ အလုပ်ကထွက်ချင်သည်ဆိုလျှင်လည်း ပေးဆောင်ရမည့်ဒဏ်ကြေးက ဒေါ်လာ ၂၅၀၀ မှ ၃၅၀၀ ခန့်ဖြစ်သဖြင့် အိမ်ဖော်များဘဝမှာ ငြိမ်ခံနေကြရုံသာရှိသည်။


ရီယတ်တွင် အလုပ်လုပ်နေသော တူယက်လည်း သူမ၏ အလုပ်ရှင်က အငတ်ထားခြင်း ရိုက်နှက်ခြင်းများကို ခံနေရသည်။ တူယက်၏ ကောင်လေး ဘွေဗန်ဆန်းကို သူ့ကောင်မလေးအား ဗီယက်နမ်ကို ပြန်လာစေချင်လျှင် ၂၁၅၅ ဒေါ်လာပေးရမည်ဟု ဗီယက်နမ်ပွဲစားကုမ္ပဏီက ပြောသည်။ သို့သော် တူယက်ထံကို စာပေးပါရစေဟု ပြောသည့်အခါတွင်လည်း ကုမ္ပဏီက လက်မခံခဲ့ပေ။ တူယက်၏ ဖုန်းကိုလည်း အလုပ်ရှင်တွေက သိမ်းထားသည်။ ဆန်းက ကုမ္ပဏီကို တောင်းထားသည့် ငွေပေးမည် သူ့ကောင်မလေးကို ပြန်ခေါ်ပေးပါဟု ပြောသည့်အခါ နှစ်ဆတက်သွားပြန်သည်။



ဆန်းသည် တူယက်အတွက် ကီလိုမီတာ ၁၅၀၀ ခန့်ဝေးသော တေနင်းပြည်နယ်မှ ဟနွိုင်းကို ရောက်လာခြင်းဖြစ်သည်။ ပွဲစားကို မည်မျှတောင်းပန်သည်ဆိုစေ နောက်ဆုံး သူလက်လျှော့ပြီး အိမ်ပြန်ခဲ့ရသည်။ ဆန်းက -



“ကျွန်တော် သူ့ကို အိမ်ပြန်လာစေ့ချင်ပါတယ်။ ဒီလိုအနေအထားနဲ့ဆိုရင်တော့ သူ ဒီကိုပြန်လာဖို့ဆိုတာ မလွယ်တော့ပါဘူး။ တစ်နေ့ကို ၁၈ နာရီက နေ နာရီ ၂၀ လောက်လုပ်ပြီး လစာ ၃၈၈ ဒေါ်လာလောက်ရတဲ့ သူ့အနေနဲ့ သူ့မိသားစုဆီကို ပြန်လာဖို့ဆိုတာ မလွယ်တော့ပါဘူး”ဟု ဝမ်းနည်းဖွယ် ပြောပြရှာသည်။ 



ဆော်ဒီအာရေးဗီးယားတွင်ရော ဗီယက်နမ်တွင်ပါ အိမ်ဖော်များအတွက် ဘဝလုံခြုံအောင် ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းတွေမရှိ။ ဗီယက်နမ်နိုင်ငံမှ အိမ်ဖော်လုပ်သားများ၏ ဘဝတွေကလည်း ပွဲစားကုမ္ပဏီတွေအပေါ် မှီခိုနေကြရသည့် သဘောရှိသည်။ 



ရီယတ်တွင် အိမ်ဖော်လုပ်နေသည့် လင်းက ဗီယက်နမ်နိုင်ငံမှ ပွဲစားများအား သူ့ကို ပြန်ခေါ်ရန် ပြောသည့်အခါတွင် ထိုကုမ္ပဏီများက သူတို့အချင်းချင်း ဗီယက်နမ်တွင် ချုပ်ဆိုထားသည့် စာချုပ်များသည် ဆော်ဒီနိုင်ငံတွင် အကျုံးမဝင်ကြောင်း ပြတ်ပြတ်ငြင်းဆိုသည်။ ဗီယက်နမ်ပွဲစားတွေက ဗီယက်နမ်တွင်သာ ဥပဒေဖြင့် အကာအကွယ်ပေးနိုင်မည်ဟု ဆိုလိုက်သည့်သဘောဖြစ်နေသောကြောင့် ပြန်လာချင်သည့် အိမ်ဖော်တွေမှာ အခက်တွေ့နေကြရသည်။ သူတို့ ပြန်မလွှတ်မချင်း မပြန်နိုင်သည့်သဘောကိုလည်း သက်ရောက်နေသည်။ 


လင်းက ဆော်ဒီတွင် နေထိုင်ရသည့် အနေအထားများကို ဗီဒီယိုရိုက်ပြီး တိုက်ရိုက်လွှင့်တင်လိုက်ရာ ကြည့်ရှုသူပေါင်း ၁၁၃၀၀၀ ကြိမ်ခန့်ရှိသည်။ သူ ဆော်ဒီကပြန်ချင်နေသည်။ ရဲကိုသူခံစားနေရသည့် ဒုက္ခတွေကို သွားတိုင်လိုက်လျှင်လည်း ထောင်ထဲကို ပို့ထားလိုက်မည်သာဖြစ်သည်။ ပြစ်ဒဏ်ခံရပြီးမှသာ သူ့ကို နိုင်ငံက ထွက်ခွာခွင့်ပြုမည်သည်။ 


“ဒီမှာရောက်နေတဲ့ အမျိုးသမီးတွေဘဝက အားလုံးအတူတူပဲ။ သူတို့အားလုံး ပြန်ချင်ကြတယ်။ ဒါပေမဲ့ သူတို့ကြောက်နေကြတယ်။ ခြိမ်းခြောက်တာလည်း ခံနေကြရတယ်။ စကားတောင် ဟဟမပြောရဲလောက်အောင်ပဲ”ဟု လင်းကရှင်းပြသည်။


ဆော်ဒီတွင် အိမ်ဖော်သွားလုပ်လိုသူများ တွေးဆစရာပင်။



(Ref: Vietnamese domestic workers in Saudi, Yen Duong)

THE VOICE - News Myanmar

Subscribe Us