Thursday, September 27, 2018

ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ကြ မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ စကားသံများ




မြဝတီ စက်တင်ဘာ ၂၆

မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်အ လုပ်လုပ်ကိုင်ကြမည့် မြန်မာ အလုပ်သမားများအား စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ရပါသည်။

မခင်ထွေးရီ(မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်)
သင်္ကြန်မတိုင်ခင်ကတည်းက အလုပ်လုပ်ဖို့ စီစဉ်ခဲ့တာပါ။မိသားစုစားဝတ်နေရေးအတွက် သွားရတာပါ။ မြန်မာနိုင်ငံမှာ ကျတော့ နေစရိတ်စားစရိတ်တွေနဲ့ အဆင်မပြေဘူးလေ။ ဒီဘက် မှာဆိုရင် ပိုပြီးတော့ အဆင်ပြေမယ် ထင်လို့ပါ။ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့SRK စက်ရုံမှာ လုပ်ရမယ်လို့ သိရပါတယ်။ကွန်ပျူတာနဲ့ စက်ပစ္စည်းလုပ်ရမှာပါ။ မြန်မာနိုင်ငံမှာလည်း ဒီလို အလုပ်အကိုင်အခွင့်အလမ်းမျိုးတွေ အများကြီးဖြစ်ပေါ်လာဖို့ မျှော်လင့်ပါတယ်။


မနှင်းဆီအေး(အနောက်ဆင်ရွာ၊ တောင်ငူမြို့)
မိသားစုကလည်းများတယ်။ စားဝတ်နေရေးကလည်း အဆင်မပြေတဲ့အတွက်ကြောင့် သူများနိုင်ငံကို လာတာပါ။ကိုယ့် ဆီမှာက အလုပ်မရှိဘူးလေ။ အလုပ်ကလည်း ရှားပါးတယ်။ မိသားစုက မောင်နှမ ခြောက်ယောက်၊ အဖေနဲ့ အမေနဲ့ဆိုရင် ကိုးယောက်ပေါ့။ ကိုယ့်နိုင်ငံမှာက အလုပ်ပေါစေချင်တာပေါ့။ အလုပ်ပေါတော့ သူများနိုင်ငံ မသွားရတော့ဘူးပေါ့။ လုပ်ခလစာ အနေနဲ့လည်း ကိုယ့်နိုင်ငံထက်စာရင် အများကြီးသာတယ်လေ။ တစ်လကို သုံးသိန်းကျော်ဆိုလည်း ဟုတ်ပါတယ်။


ကိုဝင်းထွန်း(ခရမ်းမြို့နယ်)
အလုပ်အကိုင် အတွက် အခက်အခဲ ရှိလို့ သွားတာပါ။လုပ်ခလစာ အနေနဲ့ စာ ချုပ် ချုပ် တဲ့ အထဲမှာ ဘတ်ငွေ ၃၂၅ ဘတ်ပါ။ မြန်မာနိုင်ငံ မှာတော့ ဝရိန်ဆော် ပါတယ်။ ဟို သွားမှာက ဆောက်လုပ် ရေးနဲ့ သွားမှာ ဆိုတော့ ကျရာတာဝန်ပေါ့။ ရတဲ့ ငွေက ဈေးတွက်ကြည့်ရင် မြန်မာမှာ ရတဲ့ငွေနဲ့ နိုင်ငံခြားမှာ ရတဲ့ငွေနဲ့ အတူတူပါပဲ။ မြန်မာမှာက နေ့စဉ်အလုပ် မပေးနိုင်ဘူး။ ဟိုမှာကျတော့ နေ့စဉ်အလုပ်ပေးနိုင်တယ်။ ပေးနိုင်တဲ့ဆီကို သွားရတဲ့သဘောပါ။ ပိုပြီးတော့ ကောင်းမယ်လို့ မျှော်လင့် ပါတယ်။ ကျိန်းတော့ မကျိန်းသေဘူးပေါ့။ ကိုယ့်နိုင်ငံမှ မဟုတ်တာ၊။ မိသားစုက လေးယောက်ရှိပါတယ်။ ကိုယ့်နိုင်ငံလောက် အေးချမ်းတာမရှိပါဘူး။ ကိုယ့်မြန်မာ နိုင်ငံမှာ နေ့တိုင်းအလုပ်မရှိဘူး။ အိမ်တစ်အိမ်မှာ ငါးယောက် ရှိရင် တစ်ယောက်လောက်ပဲ
အလုပ်ရှိတယ်။ ကျန်တဲ့လေးယောက် က ငုတ်တုတ်ထိုင်စားနေရတာ။ အဲ့ဒါကြောင့် ကျန်တဲ့ လက်ရှိလူတွေက သူများနိုင်ငံကိုသွားပြီး အလုပ်လုပ်ရတယ်။ ငွေကြေးချင်းယှဉ်ရင် အတူတူပဲ။ မြန်မာနိုင်ငံမှာလည်း တစ်နေ့တစ်သောင်း ကျော်ရတယ်။ သူ့နိုင်ငံလည်း တစ်သောင်း ကျော်ရတယ်။ အတူတူပဲ။ ကျွန်တော် မြန်မာနိုင်ငံမှာ ဝရိန် လုပ်တုန်းက တစ်နေ့ တစ်သောင်းခွဲလောက် ရပါတယ်''ဟု ပြောသည်။

တွေ့ဆုံမေးမြန်းနှင့်ဓာတ်ပုံ-ထိန်လင်းအောင်(ပြန်/ဆက်)

Subscribe Us