Tuesday, September 25, 2018

MOUအလုပ်သမားတစ်ဦး လျှော်ကြေးငွေ ကျပ်သိန်းတစ်ရာကျော်ရရှိ



 ထိုင်းနိုင်ငံသို့ MOUစနစ်ဖြင့်လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည်
လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်ဒဏ်ရာရရှိခဲ့ရာ လျှော်ကြေးငွေ ဘတ်၂၁၂၈၀၀(မြန်မာ
ကျပ်ငွေဖြင့် သိန်းတစ်ရာခန့်)ရရှိခဲ့ကြောင်းသိရသည်။


“အခုလိုလျှော်ကြေးငွေရရှိရေးအတွက် အဖက်ဖက်မှကူညီပေးကြတဲ့ အလုပ်သမားသံအရာရှိ၊သက်ဆိုင်
ရာအေဂျင်စီတို့ကို အထူးပဲကျေးဇူးတင်ရှိပါတယ်၊အခုရတဲ့လျှော်ကြေးငွေနဲ့ရွာပြန်ပြီးဈေးရောင်းစားဖို့
လုပ်နေပါတယ်”လို့ ကိုစိုးမောင်ဦး(အသက် ၂၄နှစ်)ကပြောပါတယ်။


စမုပါရာကန်ခရိုင် ဘန်ဖီမြို့နယ်ရှိ ဖိနပ်စက်ရုံတစ်ခုသို့ MOUစနစ်ဖြင့်ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် မောင်စိုးမောင်ဦး(အသက် ၂၄)နှစ်သည့် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ်စက်ညှပ်သဖြင့် ညာဘက်လက်ချောင်းဖြစ်သည့် လက်ခလယ်နှစ်ဆစ်ပြတ်၊လက်သန်းကြွယ်နှင့်လက်သန်းနှစ်ချောင်းပြတ်တောက်ခဲ့ကြောင်းသိရသည်။


“ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ကျနော်တို့နိုင်ငံသားအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းအလုပ်သမားအခွင့်ရေးချိုးဖောက်ခံရတာပဲဖြစ်စေ၊ ထိုင်းအလုပ်သမားဥပဒေအတိုင်းအခွင့်ရေးအပြည့်ဝမရရှိတာပဲဖြစ်စေ ကျနော်တို့အလုပ်သမားတွေအနေနဲ့ အလုပ်သမားသံအရာရှိရုံးသို့ဖုန်းဆက်သွယ်မှုအပြင် Facebook၊Line၊Viberတို့မှတဆင့်ဆက်သွယ်အကူညီတောင်းနိုင်သလို အလုပ်သမားသံအရာရှိရုံး
ကိုလည်း လာရောက်ဆက်သွယ်အကူညီတောင်းခံနိုင်ပါတယ်”လို့ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။

ကိုစိုးမောင်ဦး(အသက်၂၄နှစ်)သည် ပဲခူးတိုင်းဒေသကြီး၊ကျောက်တံခါးမြို့နယ်၊ဖဒိုကျေးရွာမှဖြစ်ပြီး ထိုင်းနိုင်ငံသို့ ၂၀၁၆.၆.၂၇ရက်နေ့၌  MOUစနစ်ဖြစ်ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။

Subscribe Us