Friday, August 24, 2018

အားကျစေချင် နည်းပညာရှင်များ (၁)


လယ်ရီပိတ် (Larry Page) သည် ၁၉၇၃ ခုနှစ်တွင် မွေးဖွားပြီး အသက် ၂၀ ကျော်အရွယ်တွင် Google ဆိုသည့် ကမ္ဘာကျော် ကုမ္ပဏီကြီး၏ CEO ရာထူးကို ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ သူသည် ကမ္ဘာ့ ၉ ဦးမြောက် အချမ်းသာဆုံး သူဌေးစာရင်းဝင်ဖြစ်နေသည်။ သူ၏ ကြွယ်ဝသောပိုင်ဆိုင်မှုမှာ ဒေါ်လာ ၅၁ ဘီလီယံခန့် ရှိသည်။

လယ်ရီသည် အမေရိကန် ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်သည်။ ထို့ပြင် သူတို့နိုင်ငံက အင်တာနက်စွန့်ဦးတီထွင်သူတစ်ဦးအဖြစ်လည်း အသိအမှတ်ပြုကြသည်။ သူသည် Google ဆိုသည့် ကုမ္ပဏီကြီးကို ဆာဂေးဘရင်း (Sergey Brin) ဆိုသူနှင့် ပူးတွဲထူထောင်ခဲ့သူလည်း ဖြစ်သည်။

လယ်ရီသည် ၂၀၀၁ ခုနှစ်တွင် Google ၏ CEO ရာထူးကိုယူခဲ့သလို Google ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Alphabet Inc. ကုမ္ပဏီတွင်လည်း CEO တာဝန်ကို ယူထားရသည်။ သူ့ကို ၂၀၀၄ ခုနှစ်တွင် Marconi Prize ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။



ပိတ်ကို ၁၉၇၃ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် မစ်ချီဂန်ပြည်နယ်၊ အိစ်လန်ဆင်းမြို့တွင် မွေးဖွားသည်။ မိခင်က ဂျူးလူမျိုးတစ်ဦးဖြစ်ပြီး ဖခင်ကားလ်ဗစ်တာပိတ်သည် မစ်ချီဂန်တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ Ph.D ဘွဲ့ကို ရခဲ့သူတစ်ဦးဖြစ်သောကြောင့် ဖအေတူသားတစ်ယောက်ဟုဆိုရမည်။ ဖခင်က မစ်ချီဂန်စတိတ်တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဘာသာရပ်သင် ပါမောက္ခတစ်ဦးဖြစ်သည်။ မိခင် ဂလိုရီယာကလည်း မစ်ချီဂန်စတိတ်တက္ကသိုလ်တွင် ကွန်ပျူတာပရိုဂရမ်းမင်းဘာသာရပ်သင်ပြသည့် ကျောင်းဆရာမတစ်ဦး ဖြစ်သည်။

သူ့ကလေးဘဝကို ပိတ်က ပြန်ပြောပြရာတွင် သူတို့အိမ်လေးသည် အမြဲရှုပ်ပွနေတတ်သည်။ ကွန်ပျူတာ၊ သိပ္ပံ၊ နည်းပညာဆိုင်ရာစာအုပ်တွေ မဂ္ဂဇင်းတွေက နေရာအနှံ့ရှိနေသည်။ အဖေနှင့် အမေက ကွန်ပျူတာ သိပ္ပံသမားတွေဖြစ်နေသောကြောင့် သူလည်း ဤပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသည်။ သူလည်း ကွန်ပျူတာနှင့် စာအုပ်ပုံထဲတွင် ဘဝကိုစတင်နစ်မျောခဲ့ရသည်။ 

သူသည် အသက် ၆ နှစ်သားအရွယ်လောက်ကတည်းက ကွန်ပျူတာကို စိတ်ဝင်စားသည်။ သူကြုံတွေ့ဖူးသည့် ကွန်ပျူတာတွေက ထိုစဉ်က ပထမမျိုးဆက်ကွန်ပျူတာအမျိုးအစားတွေဖြစ်သည်။ ဖခင်နှင့် မိခင် မသုံးတော့သည့် ကွန်ပျူတာတွေက သူ့ကစားစရာတွေဖြစ်လာသည်။ ကွန်ပျူတာကို မည်မျှမွှေနှောက်ထားသနည်းဆိုသော် မူလတန်းကျောင်းသားဘဝကတည်းက Word Processor ဆိုသည့်ဆော့ဖ်ဝဲကို သုံးပြီး စာကိုရိုက်ကာ အတန်းထဲတွင် ပေးလိုက်သည့် အိမ်စာများကို ပြန်တင်ပေးလေ့ရှိသည်။ သူ့အစ်ကိုကလည်း သူ့ကို တီထွင်ဖန်တီးလုပ်ချင်စိတ်ရှိအောင် သင်ပေးသည်။ ညီအစ်ကိုနှစ်ယောက် ရှုပ်ထားသည့်ပစ္စည်းတွေက အိမ်ထဲတွင် ပိုများသည်။ သူက အသက် ၁၂ နှစ် သား အရွယ်လောက်ကတည်းက နည်းပညာဖြင့် စီးပွားရေးလုပ်ငန်းကုမ္ပဏီကြီးတစ်ခု ထူထောင်ရန် ဆန္ဒပြင်းပြနေသူတစ်ဦးဖြစ်သည်။

ပိတ်သည် မစ်ချီဂန်ရှိ Okemos Montessori ကျောင်းတွင် ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ကျောင်းတက်ခဲ့သည်။ East Lansing အထက်တန်းကျောင်းမှ ၁၉၉၁ ခုနှစ်တွင် အထက်တန်းအောင်သည်။ မစ်ချီဂန်တက္ကသိုလ်မှ ကွန်ပျူတာ အင်ဂျင်နီယာဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ကိုရသည်။ ဂုဏ်ထူးတန်းဆက်တက်ခွင့်ရသောကြောင့် ကွန်ပျူတာသိပ္ပံတန်းကို စတန်းဖို့ဒ် တက္ကသိုလ်တွင်ဆက်တက်ပြီး မာစတာဘွဲ့ထပ်ရသည်။ 

မစ်ချီဂန်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေစဉ်က သူသည် Inkjet ပရင်တာကို တီထွင်ခဲ့သည်။ မင်ရည်သုံး ပရင်တာက ပိုစတာကြီးများ ထုတ်လုပ်နိုင်မည်ဟု သူ့စိတ်ကူးရှိပြီးသားဖြစ်သည်။ သူက မင်ဖြင့် Print ထုတ်နိုင်သည့် မင်ဘူး (Ink Cartridge) ကို တီထွင်ခဲ့သည်။ ထို့ပြင် ကျောင်းတက်နေကတည်းက ကျောင်းအတွက် ပြေးဆွဲပေးနေသည့် ဘတ်စ်ကားများတွင် PRT System ကို အသုံးပြုရန်အကြံပြုခဲ့သည်။ ထိုစနစ်က ကားများကို ကျောင်းအတွင်း တစ်နေရာမှတစ်နေရာကို ပြေးဆွဲရာ၌ မောင်းသူကို အသုံးပြုစရာမလိုဘဲ သတ်မှတ်ထားသည့်လမ်းကြောင်းအတိုင်း ဘတ်စ်ကားများကို ပြေးဆွဲစေရန်ဖြစ်သည်။ ကျောင်းသားဘဝကတည်းက သူသည် ဂီတဆိုင်ရာနည်းပညာတစ်ခုကို တီထွင်နေသည်။ အီလက်ထရွန်နစ် စန္ဒရားတစ်မျိုးကို လူကမတီးခတ်ဘဲ ဆော့ဖ်ဝဲဖြင့် တီးခတ်နိုင်ရန် ဆော့ဖ်ဝဲကို သူတီထွင်ခြင်းဖြစ်သည်။ ကျောင်းသားဘဝကတည်းက စီးပွားဖြစ်ဆော့ဖ်ဝဲများ မည်သို့ထုတ်လုပ်ရမည်ကို သူကောင်းစွာစမ်းသပ်နေသည်။

သူသည် စတန်းဖို့ဒ်တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဘာသာရပ်အတွက် Ph.D ဘွဲ့ကို ဆက်ယူရန် ကျောင်းတက်နေစဉ် World Wide Web ဆိုသည့် သဘောတရားကို လေ့လာနေပြီဖြစ်သည်။ ၂၀၀၈ ခုနှစ် လောက်ကည်းက သူသည် အင်တာနက်ဆိုသည့်သဘောတရားကို စိတ်ဝင်စားသလို မောင်းသူမဲ့ကားတီထွင်ရေးကိုလည်း ကြံဆနေသူဖြစ်သည်။ ထိုစဉ်က ဆာဂေးဘရင်းကလည်း စတန်းဖို့ဒ်တွင် Ph.D ဘွဲ့အတွက် ကျောင်းလာတက်နေသည်။ သူတို့ စိတ်တူကိုယ်တူ ပေါင်းမိကြပြီး ပရောဂျက်တစ်ခုကို အတူတူ သုတေသနပြုကြသည်။ သူတို့ ပရောဂျက်ကို BackRub ဟု အမည်ပြောင်ပေးထားသည်။ သူတို့နှစ်ဦး ပူးပေါင်းရေးသားထားသည့် သုတေသနစာတမ်းကို “The Anatomy of a Large-Scale Hypertextual Web Search Engine” ဟု အမည်ပေးထားသည်။ အင်တာနက်သမိုင်းကို ပြုစုလိုသူများအတွက် အလွန်အရေးပါသည့် သမိုင်းမှတ်တမ်းကြီးတစ်ခု ဖြစ်ခဲ့သည်။

သူငယ်ချင်းနှစ်ယောက်၏ ပူးပေါင်းတီထွင်နေမှုမှာ Search Engine ဆိုသည့် သဘောတရားနောက်ကို ဦးတည်နေသည်။ သူတို့နှစ်ယောက်ဘဝကို အပြောင်းအလဲဖြစ်သွားစေမည့် တီထွင်နေမှုလည်းဖြစ်သည်။ ပိတ်၏ အဆောင်နေခန်းသည် သူတို့နှစ်ယောက်အတွက် ဓာတ်ခွဲခန်းဖြစ်သွားသည်။ ကွန်ပျူတာများနှင့် ကွန်ပျူတာအစိတ်အပိုင်ပေါင်းများစွာဖြင့် ကြွက်သိုက်လို ရှုပ်ထွေးနေသည့် အခန်းထဲတွင် သူတို့သည် စတန်းဖို့ဒ်တက္ကသိုလ်ကြီးတစ်ခုလုံး၏ ကွန်ရက်တွေကို တည်ဆောက်ကြည့်နေကြသည်။ ပိတ်အခန်းကအပြည့်ဖြစ်ပြီး အိပ်စရာနေရာပင် ခက်ခဲလာသည့်အခါတွင် သူတို့ ဘရင်း၏အခန်းကို ပြောင်းကြပြန်သည်။ ထိုအခန်းကို ရုံးခန်းနှင့် ပရိုဂရမ်းမင်းလုပ်ဆောင်ရာအခန်းအဖြစ် သီးခြားသတ်မှတ်ထားလိုက်သည်။ ဘရင်းအခန်းထဲမှာပင် သူတို့သည် ကွန်ပျူတာ၊ အင်တာနက်၊ Search Engine တို့ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြသည်။ သူတို့နှစ်ဦး၏ လုပ်ဆောင်ချက်များကြောင့် စတန်းဖို့ဒ် ကွန်ပျူတာစနစ်ကြီးသည် ကြီးမားအောင်မြင်သည့်ကွန်ရက်ကြီးတစ်ခုဖြစ်လာသလို သူတို့နှစ်ဦး၏ Ph.D  ဘွဲ့အတွက် သုတေသနပြုလုပ်နေမှုများကလည်း ပိုပြီး အောင်မြင်လာခဲ့ရသည်။

သူတို့နှစ်ဦးစလုံးတွင် HTML ဆိုသည့်အခြေခံ ကွန်ပျူတာပရိုဂရမ်းမင်းသဘောတရားများကို ကျွမ်းကျင်ခဲ့ပြီးဖြစ်သည်။ သူတို့က ထိုသဘောတရားများအပေါ်တွင် အခြေခံပြီး အင်တာနက်ထဲတွင် သိလိုသည့် အကြောင်းအရာများကို အလွယ်တကူရှာဖွေပေးနိုင်မည့် Search Engine သဘောတရားကို တီထွင်နေသည်။ သို့သော် သူတို့သည် Web page developer များမဟုတ်ကြသဖြင့် အရာရာတိုင်းကို စိတ်သွားတိုင်းအကောင်အထည်ပေါ်အောင် မဖော်ဆောင်နိုင်ဖြစ်နေသည်။ 

စတန်းဖို့ဒ်တက္ကသိုလ်အတွင်း အသုံးပြုနိုင်ရန် သူတို့တီထွင်ပေးထားသည့် Search Engine ကို ကျောင်းသားတွေက အကြိုက်များသလို အသုံးလည်းများလာသည်။ သူတို့နှစ်ယောက် လူတိုင်းကွန်ပျူတာ အသုံးပြုနိုင်ရေးနှင့် အသုံးပြုသူတိုင်း အကြိုက်တွေ့စေရေးကိုကြိုးပမ်းကြရပြန်သည်။ လုပ်ကိုင်ရင်း သူတို့ ကွန်ရက်က အကြီးကြီးဖြစ်လာသည်။ ကွန်ပျူတာကို သုံးသူတွေလည်း များလာသည်။ ထို့ကြောင့် သူတို့သည် Server ဆိုသည့် ထိန်းသိမ်းဖြန့်ဖြူးပေးနိုင်မည့် ကွန်ပျူတာကြီးများကို ထူထောင်မှ ဖြစ်တော့မည်ကို ကောင်းစွာနားလည်လာကြသည်။ ၁၉၉၆ ခုနှစ်တွင် Google ၏ ရှေ့ပြေးအစီအစဉ်တစ်ခုဖြစ်သည့် ဆာဗာကြီးတစ်ခုကို ထူထောင်ပြီး စမ်းသပ်ကြသည်။ သို့သော် သူတို့ကိုယ်ပိုင်မဟုတ်သေးဘဲ စတန်းဖို့ဒ်တက္ကသိုလ် Website အနေနှင့်သာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။ အင်တာနက်အသုံးပြုလိုသူတိုင်းကို Search Engine အသုံးပြုခွင့်ရလာစေရန် သူတို့အောင်မြင်စွာ အခြေချနိုင်ခဲ့ကြသည်။ 

၁၉၉၈ ခုနှစ်တွင် ဘရင်းနှင့် ပိတ်တို့သည် Google Inc. ကို စတင်ထူထောင်ခဲ့ကြသည်။ သူတို့က မူလ Googol ကို Google ဟု အမည်ပြောင်းထူထောင်ခဲ့သည့် Search Engine ကို လူထောင်ပေါင်းများစွာက စတင်သုံးပြုပြီး စိတ်ဝင်စားခဲ့ကြသည်။ ပိတ်က Google ကုမ္ပဏီ၏ CEO ဟု သူ့ရာထူးသူပေးသည်။ ဘရင်းကတော့ Google ၏ ဥက္ကဋ္ဌဆိုကာ ကုမ္ပဏီကို စတင်ခဲ့ခြင်းဖြစ်သည်။ Google ကို စတင်ထူထောင်ခဲ့သူမှာ ပိတ်ဖြစ်ပြီး ဘရင်းသည် တောက်လျှောက် အထောက်အကူပြုခဲ့သူဖြစ်သည်။ 

သူတို့၏ရည်ရွယ်ချက်ကလည်း ကမ္ဘာ့သတင်းအချက်အလက်အားလုံး သူတို့ဆီရောက်လာစေရန်ဖြစ်ပြီး ထိုရင်းမြစ်များ အားလုံးကို လူတိုင်းပြန်လည် ရယူခံစားစေရန်ဖြစ်သည်။ ထို့ကြောင့် သူတို့အထဲတွင် အချက်အလက်များကို လာရောက်စုဆောင်းထားနိုင်သည်။ စုဆောင်းထားသည့် အချက်အလက်များကို လူတိုင်း မျှဝေခံစားနိုင်သည်။ 

ကမ္ဘာ့ပြည်သူအားလုံး၏ ဒေတာဗဟိုကြီးတစ်ခုဖြစ်စေရန် သူတို့ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၁ သန်းခန့် မတည်ရသည်။ ထိုငွေများကို မိတ်ဆွေများနှင့် မိသားစုများထံက ချေးငှားရသည်။ ချေးငှားထားသည့် ငွေများဖြင့် မန်လိုပါ့ခ်တွင် ကားဂိုဒေါင်လိုနေရာလေး တစ်နေရာငှားသည်။ သူတို့နှစ်ဦး၏ လုပ်ဆောင်နေမှုကို အသိအမှတ်ပြုသောအားဖြင့် Sun Microsystems ကုမ္ပဏီကြီးမှ အကြီးအကဲဖြစ်သူ အင်ဒီဘက်တိုရှိမ်းက ဒေါ်လာတစ်သိန်းတန် ချက်လက်မှတ်တစ်စောင်ပေးသည်။ အင်ဒီက Google ကုမ္ပဏီခေါင်းစဉ်တပ်ပြီး ပေးခြင်းဖြစ်သော်လည်း သူတို့တွင် ထိုအချိန်အထိ ကုမ္ပဏီမထူထောင်ရသေး။ ထိုငွေကိုရပြီး နှစ်ပတ်ခန့်ကြာမှ စာရွက်စာတမ်း အထောက်အထားခိုင်မာစွာဖြင့် ကုမ္ပဏီတစ်ခုဖြစ်လာပြီး သူတို့အဖွဲ့ရုံးခန်းကိုလည်း မောင်းတိန်းဗျူးသို့ ၂၀၀၀ ပြည့်နှစ်တွင် စတင်ပြောင်းရွှေ့ရတော့သည်။ 

ပိတ်သည် ၂၀၀၇ ခုနှစ်တွင် လူစင်ဒါဆောက်ဝေါ့သ်ဆိုသူနှင့် လက်ထပ်သည်။ လူစင်ဒါသည် သုတေသန သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ယခုအခါ သူတို့တွင် သားသမီးနှစ်ဦး ထွန်းကားနေပြီဖြစ်သည်။ 

သူသည် Google ၏ CEO ရာထူးနှင့် တာဝန်ကို စတင်ထမ်းဆောင်ကတည်းက ပြုပြင်ပြောင်းလဲမှုများကို မနားတမ်း လုပ်ဆောင်ခဲ့သူဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် Google ၏ပရောဂျက် မန်နေဂျာအားလုံးကို အလုပ်ထုတ်လိုက်သည်။ Google တွင် တာဝန်ထမ်းဆောင်နေသည့် အင်ဂျင်နီယာအားလုံးကိုလည်း သူ့ထံသို့ လုပ်ဆောင်မှုအားလုံးကို တိုက်ရိုက်အစီရင်ခံရန် ပြောထားသည်။ သူက တာဝန်ရှိသူအဆင့်ဆင့်နှင့် ထပ်ဆင့်အစီရင်ခံခြင်းမျိုးကိုမကြိုက်။ ဘာဖြစ်ဖြစ် သူ့ကိုပွင့်လင်းစွာဆွေးနွေးစေသလို သူကလည်း ဖြစ်ချင်သည်ကို တိုက်ရိုက်ပြောလေ့ရှိသည်။ သူက အဖွဲ့လိုက်လုပ်ဆောင်မှုကို အားပေးသလို သူ့တစ်ဖွဲ့လုံးကို လုပ်ငန်းလုပ်ဆောင်ရာတွင်တွင် လိုက်နာရမည့် အချက်များကို ထုတ်ပြန်ပေးထားသည်။ 

ကိုယ်စားလှယ်နှင့် မလွှတ်ပါနှင့်။ ကိုယ်တိုင်လုပ်ပါ။ သူများကို တာဝန်မလွှဲပါနှင့်။ ကိုယ်တိုင်လုပ်က ပိုမြန်သည်။ ကိုယ်တိုင်က ဦးဆောင်နေရလျှင် အရာရှိဆန်ဆန် ခိုင်းစေခြင်းမျိုးကိုရှောင်ပါ။ သူများလုပ်သည့် အလုပ်အပေါ်တွင် ခေါင်းပုံမဖြတ်ပါနှင့်။ ကိုယ်ဖြစ်စေချင်သည်ကိုလည်းပြော၊ သူဖြစ်ချင်တာကိုလည်း နားထောင်ပြီး အကောင်းဆုံးလုပ်ဆောင်ပါ။ အသက်အရွယ် အရေးမကြီးပါ။ စိတ်ကူးအိုင်ဒီယာကသာ အရေးကြီးသည်။ လုပ်ငန်းခွင်အတွင်း စီနီယာ၊ ဂျူနီယာ မခွဲခြားပါနှင့်။ အားလုံး ပူးပေါင်းဆောင်ရွက်ပါ။ တစ်ဦးကိုတစ်ဦး လေးစားမှုထားပါ။ တစ်ခုခုလုပ်နေသူကို တော်လိုက်တော့၊ နားလိုက်တော့ဟု ဘယ်တော့မှ မပြောပါနှင့်။ သူတို့ကို တော်ခိုင်းရပ်ခိုင်းစေချင်လျှင် ကိုယ်က သူတို့ကို ပိုကောင်းအောင် လုပ်ဆောင်နိုင်စေရန် နည်းလမ်းကောင်းပေးနိုင်အောင်ကြိုးစားပါ စသည်တို့သည် ပိတ်၏ ခံယူချက်များဖြစ်သလို သူကိုယ်တိုင်လည်း Google ကို ထိုနည်းစနစ်အတိုင်း ဦးဆောင်ခဲ့သည်။ 

ပိတ်သည် Google ကို ဦးဆောင်နေသည်မှာ အကောင်းဆုံးဝန်ဆောင်မှု၊ အမြန်ဆုံးဝန်ဆောင်မှုဖြစ်သည်။ ထို့ကြောင့် Google ၏ Search Engine ထဲတွင် တစ်ခုခု ဝင်ရှာလိုက်သူသည် ချက်ချင်းပင် သူတို့ထံ၌ ရနိုင်သည့်အချက်အလက်များကို ဖော်ပြနိုင်စေရန် စီစဉ်ထားသည်။ သူက သူ့ဝန်ထမ်းအားလုံးကို လွတ်လပ်ပေါ့ပါးစွာဖြင့် နေထိုင်၊ တီထွင်၊ လုပ်ကိုင်၊ ပြောဆို၊ ဖန်တီးနိုင်စေရန် အခွင့်အလမ်းများပေးထားသည်။ ထို့ကြောင့်လည်း ယနေ့ အအောင်မြင်ဆုံး ကုမ္ပဏီကြီးဖြစ်နေရသလို သူတို့လည်း ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်သူများ ဖြစ်နေရသည်။ 

E-01
(Ref: Biography of Entrepreneurs)
 THE VOICE - News Myanmar 

Subscribe Us