Friday, July 13, 2018

သားဖြစ်သူကိုဖမ်းပြီး မိခင်ထံမှကာမရယူရန် ကြိုးစားခဲ့သည့် ထိုင်းရဲ အယောင်ဆောင်တစ်ဦးကို မြန်မာအလုပ်သမားသံအရာရှိရုံးမှ ကူညီဖမ်းဆီး



ဗန်ကောက် ဇူလိုင် ၁၂

ထိုင်းနိင်ငံ နကော့ပထုံမြို့နယ် အုန်းနွဲ့ စိုင်ဟနယ်မြေတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးကို မြင်ဆေးသုံးစွဲထားသည်ဟု စွပ်စွဲပြီး ရဲအယောင်ဆောင်သူထိုင်း လူမျိုးတစ်ဦးက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းကာ၊ မိခင်ဖြစ်သူအား ၎င်းနှင့်တစ်ညအတူနေပါက ပြန်လွှတ်ပေးမည်ဟု ပြောဆိုကြောင်း သတင်းရရှိမှုကြောင့် မြန်မာသံရုံးကတာဝန်ရှိသူများက နကော့ပထုံရဲစခန်းနှင့် ပူးပေါင်းကာ ဇူလိုင် (၁၀)ရက်နေ့ညပိုင်းက ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ယခုလ ၅ရက်နေ့ညနေ ၆နာရီအချိန်တွင် အဖမ်းခံရသူ မောင်စိုင်းပြည့်ဟိန်းကျော်နှင့် အဖော်သူငယ်ချင်းတို့တစ်ဦးတို့သည် စိုင်းဟလမ်းဘေးတွင် ကန်စွန်းရွက်ခူးနေစဉ် ရဲအယောင်ဆောင်သူ ထိုင်းလူမျိုး ၄ဦးသည်ဆိုင်ကယ်ဖြင့်ရောက်လာပြီး မောင်စိုင်းပြည့်ဟိန်းကျော်နှင့် အဖော်သူငယ်ချင်းတို့ကို မြင်းဆေးသုံးစွဲထားမှုရှိမရှိဆီးစစ်မည်ဟုပြောဆိုပြီး ဆီးစစ်ရာ မောင်စိုင်းပြည့်ဟိန်းကျော်သည် မြင်းဆေးသုံးစွဲ ထားကြောင်းတွေ့ရှိသည်ဟု လိမ်လည်ပြောဆို၍ စိုင်းဟနယ်မြေရှိ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အဖော် သူငယ်ချင်းဖြစ်သူကို ဖုန်းနံပါတ်ပေး၍ မိဘများဆက်သွယ်လာရန် ပြောဆိုခဲ့ကြောင်းသိရသည်။



“သားအဖမ်းခံရတာ ည၁၁နာရီမှသိရတယ်၊ သားသူငယ်ချင်းလာပေးတဲ့ထိုင်းရဲဖုန်းကို ဆက်သွယ် တာလည်းအဆက်သွယ်မရဘူး ၁၀ရက်နေ့မှ ရဲဆိုတဲ့သူနဲ့ အဆက်သွယ်ရတော့ ၊ သားဘယ်မှာ ရှိနေလဲ မေးတော့ ၊ သားကိုအလုပ်လည်းပေးထားတယ် ကောင်းကောင်းနေ ကောင်းကောင်းစားနေရတယ်ပြောလို့ သားကိုပြန်လွှတ်ပေးဖို့ပြောတာ သူ့နဲ့တစ်ည လာအိပ်ရင်လွှတ်ပေးမယ်ဆိုပြီးပြောတယ်”လို့ အမေဖြစ်သူကပြောသည်။

အဆိုပါနေ့မှာပဲ မောင်စိုင်းပြည့်ဟိန်ကျော်၏ မိခင်ဖြစ်သူသည် မြန်မာသံရုံးအလုပ်သမား သံအရာရှိရုံးနှင့် ဖုန်းအဆက်သွယ်ရရှိပြီး အခင်းဖြစ်စဉ်ကိုပြောဆိုအကူညီတောင်းခဲ့ကြောင်း သိရသည်။

“ ၁၀ရက်နေ့ညနေမှာ ကျနော်တို့ထံဖုန်းအဆက်သွယ်ရလာတော့ နကော့ပထုန်ရဲစခန်းကို အချိတ်ဆက်လုပ်ပြီး ရဲအယောင်ဆောင်သူချိန်းဆိုတဲ့ တည်ခိုခန်းအရှေ့မှာသွားစောင့်ဖမ်း တာ ဖမ်းဆီးရရှိခဲ့ပါတယ်” လို့ မြန်မာသံရုံး ဥပဒေအကြံပေးရှေ့နေဦးအောင်မျိုးသန့်ကပြောပါသည်။

အဆိုပါ ထိုင်းရဲအယောင်ဆောင်ထိုင်းနိုင်ငံသားများအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးဆောင်ရွက်ထားကြောင်း မြန်မာအလုပ်သမားစောင့်ရှောက်ရေးကော်မတီကသိရှိရသည်။ နန္ဒကျော်စွာ၊ လှိုင်ထွန်းအောင်

နန္ဒကျော်စွာ

Subscribe Us