Tuesday, July 03, 2018

မီးလောင်မှုဖြစ်ပွားသောစက်ရုံမှ မြန်မာအလုပ်သမားအရေး အလုပ်သမားသံအရာရှိဆောင်ရွက်


ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ ၊ခေါင်မညာရပ်ကွက်၊ အောတောပုဇွန်စက်ရုံရှိ မုန့်ကြော်သည့်အခန်း ၌ ဖြစ်ပွားခဲ့သောမီးလောင်မှုဖြစ်စဉ်မှမြန်မာအလုပ်သမားများအရေး အလုပ်သမားသံအရာရှိရုံးမှကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၂ ရက် ဒေသစံတော်ချိန် နံနက် ၇နာရီ ခန့်က မြန်မာအလုပ်သမား ၇၅၀ ဦး ခန့်အလုပ်လုပ်ကိုင်လျက်ရှိသည့် မဟာချိုင်မြို့ ၊ ခေါင်မညာရပ်ကွက် ၊အောတောပုဇွန်စက်ရုံရှိ မုန့်ကြော်သည့်အခန်း ၌မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာနေရာသို့ မဟာချိုင်မြို့ရှိ မြို့နယ် မီးသတ်စခန်းများမှမီးငြိမ်းသတ်ယာဉ်စုစုပေါင်း ၃၀ စီးကျော်မှဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြရာ ဒေသစံတော်ချိန်နံနက် ၁၀ နာရီတွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားခဲ့သော စက်ရုံသို့ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦး၏လမ်းညွှန်ချက်ဖြင့် ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ်(MOEAF)၊ မြန်မာ ရှေ့နေကြီးဦးအောင်မျိုးသန့်၊ MWRN(ရွေ့ပြောင်းအလုပ်သမားကွန်ရက်)တို့မှာ ဇူလိုင် ၃ ရက်(ယနေ့)က စက်ရုံတာဝန်ရှိသူများသာမက အလုပ်သမားများနှင့်လည်း သွားရောက်တွေ့ဆုံခဲ့ပြီး အလုပ်သမားများနှင့်ပတ်သက်သည့် အခြေနေအရပ်ရပ်တို့ကိုတွေ့ဆုံမေးမြန်းခဲ့ကြောင်းသိရပြီးစမွတ်ဆာခွန်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ထိုင်းနိုင်ငံ၊အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆဝါဒီကန်)တို့မှလည်းလာရောက်ကြကြောင်းသိရသည်။ အဆိုပါစက်ရုံရှိထိုင်းနိုင်ငံသားစက်ရုံမန်နေဂျာက “အကြော်ခန်းကနေစဖြစ်တာပေါ့၊ အခင်းဖြစ်ချိန်မှာအလုပ်သမားတွေ အလုပ်မဆင်းရသေးသေးပါဘူး၊ ထိုင်းအလုပ်သမားအကြော်ဆရာတစ်ဦးနဲ့ ထိုင်းအလုပ်သမား၂ ဦး တို့ အလုပ်အတွက်ပြင်ဆင်နေတုန်းမီးလောင်မှုဖြစ်ပွားခဲ့တာပါ ၊ ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ သက်ဆိုင်ရာကစစ်ဆေးဆောင်ရွက်နေတုန်းပါဘဲ”ဟုပြောသည်။ “သမီးတို့က ပုဇွန်ခွာတဲ့နေရာမှာ အလုပ်လုပ်နေတာပါ၊ မီးအချက်ပေးအသံကြားတာနဲ့အလုပ်သမားတွေအားလုံးစက်ရုံအရှေ့ကိုပြေးထွက်လာကြပါတယ်၊ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရတဲ့သူတော့မရှိပါဘူး ”ဟု အဆိုပါစက်ရုံ ၌ ၂ နီးပါးအလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမ မလေးလေးဝါကပြောသည်။ မီးလောင်မှုဖြစ်ပွားချိန် ၌ အကြောက်လွန်၍ နီးစပ်ရာတံခါးပေါက်များမှတဆင့် ခုန်ဆင်းသည့်အလုပ်သမား ၃ ဦးခန့် ရှိပြီး ၎င်းတို့ ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိသဖြင့် ဆရာဝန်နှင့်ဆေးကုသမှုပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ “သတင်းကြားတယ်ဆိုတာနဲ့ နယ်မြေကျဟာန်ရုံးကိုဆက်သွယ်ပြီးအခြေနေတွေကိုမေးမြန်းခဲ့ပါတယ်၊ဒီနေ့တော့အလုပ်သမားတွေအလုပ်ပြန်ဆင်းနေကြပါပြီ၊ မီးလောင်မှုဖြစ်လို့အလုပ်မဆင်းရတဲ့နေ့အတွက်လည်း လုပ်အားခပေးထားတယ်လို့သိရပါတယ်” ဟု အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။ အဆိုပါစက်ရုံ ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသင်တန်းများကို တစ်နှစ်လျှင် ၂ ကြိမ်စက်ရုံအလုပ်သမားများကို လေ့ကျင့်သင်ကြားပေးထားသဖြင့် ယခုကဲ့သို့သော ထိခိုက်ဒဏ်ရာမှုမရှိခြင်းဖြစ်ကြောင်း စက်ရုံမန်နေဂျာကပြောသည်။

Subscribe Us