Thursday, May 24, 2018

အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရသည့် မြန်မာအလုပ်သမားများ ထိုင်းအလုပ်သမားကာကွယ်ရေးဌာန(ဆဝါဒီကန်)ရုံးသို့သွားရောက် တိုင်းကြား


စမွတ်ပုရာကန်၊ ၂၃.၅.၂၀၁၈

ထိုင်းအလုပ်ရှင်က အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုများနဲ့ပက်သက်၍ မြန်မာအလုပ်သမားများမှ စမုပရာကန်ခရိုင် အလုပ်သမား ကာကွယ်ရေးဌာန(ဆဝါဒီကန်)ရုံးသို့သွားရောက်တိုင်းကြားကြောင်း ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးမှသိရသည်။

ထိုင်းနိုင်ငံ စမွတ်ပုရာကန်ခရိုင် ဘန်ဖီမြို့နယ် ခေါင်စုန်နန်းရပ်ကွက် အုန်သယ်လမ်းရှိ ရေခဲစက်ရုံမှ မြန်မာအလုပ်သမား ၆၈ယောက်တို့သည် လုပ်အားခခေါင်းပုံဖြက်ခံရမှု၊အလုပ်သမားများလုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရရှိ၍ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများဖြစ်ပါက နစ်နာကြေးမှုအပါဝင် အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုတို့ကြောင့် ယနေ့နံနက် ၇နာရီအချိန်ခန့်တွင် စမွတ်ပုရာကန်ခရိုင်ရှိ  အလုပ်သမားကာကွယ်ရေး ဌာန(ဆဝါဒီကန်)ရုံးသို့သွားရောက်တိုင်ကြားကြောင်းသိရသည်။





အဆိုပါစက်ရုံတွင် လုပ်သက် ၅နှစ်ရှိပြီးဖြစ်သည့် မချိုစန်းက“မနက် ၈နာရီကနေ ည၆နာရီအထိအလုပ်ဆင်းရတယ် နားချိန်မရှိဘူး ထမင်းစားပြီးတာနဲ့ချက်ချင်းအလုပ်ဆင်းရတယ် အဲဒီအတွက်လည်း လုပ်အားခဘတ်၂၅၀ပဲရတယ် ၂၀၁၈အစပိုင်းမှ တစ်နေ့လုပ်အားခ ဘတ်၃၂၀စပြီးရတာပါနောက်ပြီး ၁၅ရက်တစ်ခါ ၄ရက်ကနေ၅ရက်အထိအလုပ်နားရတယ် အဲဒီအတွက်လည်းလုပ်အားခတွေမရရှိပါဘူး”လို့ပြောပါတယ်။

လုပ်ငန်းခွင့်အတွင် အလုပ်သမားများ မတော်တဆထိခိုက်ဒဏ်ရာရရှိ၍ ကိုယ်လက်အင်္ဂါများဆုံးရှုံးမှုဖြစ်ပေါ်ပါက အလုပ်ရှင်ဖြစ်သူက တာဝန်ယူမှုမရှိတာနဲ့ပက်သက်လို့ ကိုကျော်ထိုက်ကအခုလိုရှင်းပြပါတယ်
“ညဘက်အလုပ်လုပ်ရင်း ကျွန်တော်ဘယ်လက် လက်ညိုးနဲ့လက်ခလယ် ထိခိုက်ဒဏ်ရာရတာ လက်ညိုးကတစ်ဆစ်ဖြက်လိုက်ရတယ် လက်ခလယ်တော့၁၀ချက်ချုပ်ရတယ်၊ဖြစ်တဲ့နေ့ကတော့ ချက်ချင်း ဆေးရုံပို့ပေးပါတယ် ဒါပေမယ့်နောက်နေ့ ဆေးရုံကချက်ချင်းပြန်ဆင်းခိုင်ပြီးအခန်းမှာနားခိုင်းတယ် အဲဒီလိုအလုပ်နားရလို့လည်း လုပ်အားခအပြည့်မပေးဘူး၊ဖြစ်ဖြစ်ခြင်းနေ့ကပဲဆေးရုံပို့ပေးတယ် နောက်တော့ဆေးရုံမပို့ပေးတော့ဘူး”လို့ပြောပါတယ်။



၎င်းစက်ရုံတွင်လုပ်သက်၄နှစ်ရှိပြီးဖြစ်သည့် ကိုကျော်ဆန်းလင်းသည် လွန်ခဲ့သည် ၂၀၁၆ခုနှစ်
 ဧပြီလတွင် လုပ်ငန်းခွင်အတွင်းမတော်တဆမှုဖြစ်ပြီး ဘယ်ဘက်လက်ထိခိုက်ဒဏ်ရာရရှိသည့်နောက်
လက်ညိုးနှစ်ဆစ်ဖြက်ခဲ့ရသော်လည်း နစ်နာကြေးမရရှိကြောင်းသိရသည်။

အလုပ်သမားများ၏ နစ်နာချက်များနှင့်ပက်သက်၍ အလုပ်သမားသံအရာရှိနှင့် အလုပ်သမားကာကွယ်ရေးဌာန(ဆဝါဒီကန်)ရုံးတို့မှဆက်လက်ဖြေရှင်းလျက်နေမှုများနဲ့ပက်သက်လို့အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးက“အလုပ်သမားတွေရဲ့ လစဉ်အလိုက်နစ်နာခဲ့ရတဲ့လုပ်အားခတွေ၊ အလုပ်လုပ်ရင် ကိုယ်အင်္ဂါဆုံးရှုံးသွားရတဲ့အလုပ်သမားတွေအတွက်လည်း ထိုင်းနိုင်ငံကပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်အကျိုးခံစားခွင့်
ရရှိရေးအတွက် အလုပ်သမားတွေတင်ပြတောင်းဆိုလာတဲ့အချက်တွေကိုလည်း ဖြည့်ဆည်ဒဆောင်ရွက်ပေးနိုင်ရေးအတွက်ဌာနဆိုင်ရာအသီးသီးနဲ့ချိတ်ဆက်လုပ်ဆောင်ပေးလျက်ရှိပါတယ်”လို့ပြောသည်။

အလုပ်ရှင်ဖြစ်သူက အလုပ်သမားအချို့ကို ၁၀နှစ်သက်တမ်းရှိ တောင်ပေါ်သားပန်းရောင်ဘတ်ပြု
လုပ်ပေးထားသည့်ကိစ္စရပ်ကိုလည်း ဌာနဆိုင်ရာတာဝန်ရှိသူများကဆက်လက်စုံစမ်းဆေးမည်ဖြစ်သလို
အလုပ်ရှင်အလုပ်သမားတို့သဘောတူညီချက်အရ အလုပ်ရှင်ဘက်က CIအထောက်ထားပြုလုပ်ရာ
အမှန်တကယ်ကုန်ကျငွေထက်ပိုမိုကောက်ခံထားသည့် ဘတ်ငွေ၁၅၀၀ကိုပြန်လည်းပေးလျှော်မည်
ဖြစ်ကြောင်းသိရသည်။

ထို့ပြင်အလုပ်သမားများထံမှ ဖြက်တောက်ထားသည့် ရက်ပေါင်းကြေး၇ရက်လုပ်အားခအပါဝင်
အလုပ်သမားများကိုအလုပ်မှထုတ်သည့်အတွက် အလုပ်သမားများ၏နှစ်အလိုက်နစ်နာကြေးအဖြစ်
၁၆၀၀၀ဘတ်မှ ၂၁၀၀၀ဘတ်အထိပေးလျှော်ရမှာဖြစ်သလို လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရရှိခဲ့သည့်
အလုပ်သမားများကို ဥပဒေပါအတိုင်းနစ်နာကြေးပေးအပ်ခဲ့သလို အလုပ်သမားအလုပ်ပြောင်းရွှေ့
ရေးအတွက် အလုပ်ပြောင်းရွှေ့စာလည်းထုတ်ပေးခဲ့ကြောင်းအလုပ်သမားသံအရာရှိဦးစန်းမောင်ဦးက
ပြောသည်။

Subscribe Us