Tuesday, May 02, 2017

ပတ်စ်ပို့သက်တမ်းကုန်ဆုံးတော့မည့် မြန်မာအလုပ်သမား တစ်သန်းကျော် CI ရရှိရေး အလုပ်သမားသံအရာရှိဆောင်ရွက်




မြန်မာနိုင်ငံအစိုးရမှ ပန်းရောင်ကတ် ကိုင်ဆောင် ထားကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မေ ၃ ရက်မှစတင်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် CI (Certificate Identify) စာအုပ်ကို မြန်မာ နိုင်ငံသားအလုပ်သမားအများစုနေထိုင်ကြသည့် ထိုင်းနိုင်ငံ အတွင်းရှိ ခရိုင်ခြောက်ခု၌ CI စာအုပ်ထုတ်ပေးသည့် စင်တာများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

လက်ရှိအနေအထားအရ CI စာအုပ်ထုတ်ပေးရေး စင်တာအသီးသီးသို့ ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားစုစုပေါင်း ခြောက်သောင်းကျော် CI စာအုပ် လာရောက်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိ သည်။ ''ပတ်စ်ပို့ ခြောက်နှစ်ပြည့်တော့မယ့်သူတွေနဲ့ သက်တမ်းပြည့်ပြီးဖြစ်တဲ့ အလုပ်သမားတွေကို CI ပြုလုပ် ခွင့်ပေးဖို့ အလုပ်သမားတွေက မျှော်လင့်နေကြတာ ကြာခဲ့ ပါပြီ။ တိကျတဲ့အဖြေတစ်ခုကို ထိုင်းနဲ့ မြန်မာအစိုးရဘက် က ကြေညာပေးတာ မတွေ့ရသေးပါဘူး။ ထိုင်းနိုင်ငံဘက်က ပြောနေတဲ့ MoU သွားလုပ်ပြီး ပြန်ဝင်လာရမယ်ဆိုတာ အပြောလွယ်သလောက် လက်တွေ့ဖြစ်လာဖို့ အားနည်းချက်တွေရှိနေတာကို တွေ့ရပါတယ်။ အသွား၊ အပြန်စရိတ် ဘယ်လိုလုပ်ရမယ်ဆိုတာ ဘယ်သူမှ နားမလည်ဘဲရှိနေကြပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင် တာက အဲဒီလို ခြောက်နှစ်ပြည့်သွားပြီဖြစ်တဲ့ အလုပ်သမားတွေကို လက်ရှိဖွင့်လှစ်ထားတဲ့ CI စခန်းတွေ မှာပဲ CI စာအုပ်ပြုလုပ်ခွင့်ပေးစေချင်ပါတယ်။ ခုဟာက ရမလိုလိုနဲ့ စောင့်မျှော်နေကြတာ အချိန်ကြာလာတာနဲ့အမျှ ဗီဇာသက်တမ်းတွေလည်း တဖြည်းဖြည်းကုန်နေသူတွေရှိ သလို ကုန်ဆုံးတော့မယ့်သူတွေ တရားမဝင်အလုပ်သမား ဘဝ ပြန်ရောက်ကြပါတော့မယ်။ မဖြစ်သင့်တဲ့ဟာတွေနဲ့ ကြုံတွေ့ရပြန်တော့မယ့် အလုပ်သမားတွေအတွက် အမြန်ဆုံးနဲ့အဆင်ပြေမယ့် နည်းလမ်းက အဲဒီ CI စာအုပ် ပြုလုပ်ခွင့်ရဖို့ပဲဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း အဲဒီအလုပ်သမားကိစ္စတွေကို အလေးပေးပြီး မြန်ဆန်စွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်''ဟု ထိုင်းနိုင်ငံ ဖူးခက်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက် (MNP)အဖွဲ့ ဥက္ကဋ္ဌ ဦးရွှေထွန်းအေးက ပြောသည်။




ပန်းရောင်ကတ်သမားများနှင့်အတူ CI စာအုပ် ပြုလုပ်ခွင့်ရရှိရန်အတွက် ခရမ်းရောင်နှင့် အနီရောင် ပတ်စ်ပို့ကိုင်ဆောင်ထားကြသည့် အလုပ်သမား တစ်သန်း ကျော်တို့လည်း မျှော်လင့်နေကြကြောင်း အလုပ်သမား အရေး လှုပ်ရှားနေသူများက ပြောသည်။



''နေ့စဉ် ဗီဇာနဲ့စာအုပ်သက်တမ်းကုန်နေတဲ့ အလုပ် သမားတွေ မနည်းပါဘူး။ သူတို့တွေ မြန်မာပြည်ပြန် MoU စနစ်နဲ့ပြန်လာဖို့ဆိုတဲ့အစီအစဉ်က အလုပ်သမားအများစု အတွက် သဟဇာတမဖြစ်ပါဘူး။ ဗီဇာနဲ့စာအုပ်သက်တမ်း မကုန်သေးတဲ့ အလုပ်သမားတွေကို CI စာအုပ်ထုတ်ပေးပြီး တဖြည်းဖြည်းနဲ့ MoU စနစ်ထဲ ဆွဲသွင်းတာကမှ အလုပ်ရှင်၊ အလုပ်သမားတွေအတွက် အထိအခိုက်မရှိ အောင်မြင် မှာပါ။ အဲဒီလိုမဟုတ်ဘဲ သက်တမ်းကုန်တဲ့အထိနေ၊ သက်တမ်းကုန်တာနဲ့ မြန်မာပြည်ပြန်ဆိုတာ အလုပ်သမား အနည်းစုအတွက်တော့ အဆင်ပြေမှာပါ။ ဒါပေမယ့် သူတို့လည်း အချိန်တွေ၊ ငွေတွေ တော်တော်ရင်းနှီးလိုက် ရမှာပဲ''ဟု အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်နေသူ ကိုစောမောင်က ပြောသည်။


ဗီဇာသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့် အနီ ရောင်နှင့် ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ်များကို ထိုင်းနိုင်ငံဘက်က CI (သို့) မနလ (သို့) အခြားအထောက် အထား တစ်စုံတစ်ရာထုတ်ပေးလျှင် ထိုင်းနိုင်ငံဘက်မှ ဗီဇာထုတ်ပေးမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်မှာ အချိန်ကာလ အတော်ကြာနေပြီဖြစ်သော်လည်း ယနေ့ အချိန်အထိ အနီရောင်နှင့် ခရမ်းရောင် ပတ်စ်ပို့သမား များအတွက် မည်သည့်အစီအစဉ်မှ နှစ်နိုင်ငံအစိုးရတို့ ဆုံးဖြက်ချက်မချသေးသည်ကိုတွေ့ရကြောင်း
 ၎င်းက ပြော သည်။

အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ''ထိုင်း နိုင်ငံ အလုပ်သမားဝန်ကြီးဌာနဘက်ကို ခရိုင်အလိုက် ပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ အလုပ်သမားစာရင်းတွေ တောင်းထားတာ DOE ဘက်ကနေရရှိပြီးရင်တော့ သက်တမ်းမကုန်သေးတဲ့ ခရမ်းရောင်နဲ့ အနီရောင်ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့၊ သက်တမ်းမကုန်သေးတဲ့ အလုပ်သမား တွေကို CI စာအုပ်ထုတ်ဖို့အတွက် ဆက်လက်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်''ဟု ပြောကြားသည်။ CI စာအုပ် ထုတ်ပြီးသည့်အလုပ်သမားများ အလုပ်ပါမစ်လုပ်ဆောင်ရာ၌ ထိုင်းနိုင်ငံဘက်က သတ်မှတ်ထားသည့်ရက်အတွင်း အလုပ်ပါမစ်ပြုလုပ်ပေးရန်အခက်အခဲရှိသည့် ကိစ္စနှင့် ပတ်သက်၍ ပဏာမအဆင့်အနေဖြင့် အလုပ်သမား သံအရာရှိနှင့် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးထားပြီးဖြစ်သလို ထိုင်းနိုင်ငံရှိ ပြည်ထဲရေး ဝန်ကြီးဌာန၊ အလုပ်သမားသံအရာရှိ၊ ထိုင်း အလုပ်သမား ဝန်ကြီးတို့သည် အထူးအစည်းအဝေးတစ်ရပ်ကို မကြာမီ ကပြုလုပ်ခဲ့ပြီး အလုပ်ပါမစ်ပြုလုပ်ရမည့်ရက် သက်တမ်း ထပ်မံတိုးပေးရေးနှင့်ပတ်သက်၍ ဆွေးနွေးဖြစ်ကြောင်း သိရသည်။


''ဖေ့စ်ဘွတ်ပေါ်မှာတော့ ဖတ်နေရတာပဲဗျာ။ ဟိုနေ့ပဲ CI လုပ်ပေးတော့မလိုလို၊ အခုပဲမြန်မာပြည်ပြန် စာအုပ် ပြန်လုပ်ရမလိုလိုနဲ့ ကျွန်တော်တို့အလုပ်သမားတွေ ဘာကိုယုံရမှန်းမသိဖြစ်နေတယ်။ မြန်မာပြည်ပြန် စာအုပ် လုပ်ရမယ်ဆို မထူးတော့ဘူးလေ။ ထိုင်းကို ပြန်မလာတော့ ဘူး ဆုံးဖြတ်ထားတယ်။ ငွေလာရှာပါတယ်ဆိုမှ မြန်မာပြည်ပြန် စာအုပ်လုပ်ရမယ်ဆိုတော့ ဘာမှမထူးဘူး။ ကုန်ကျမယ့်ငွေကလည်း ဒီမှာအလုပ်လုပ်နေတဲ့ သုံးလ စာလောက်ရှိနေတယ်''ဟု ခြုံဘူရီ ချောင်စံမေငါးဖမ်း လှေဆိပ်တွင် ငါးဖမ်းလှေလိုက်နေသော ဦးထွန်းရီက ပြောသည်။


ထိုင်းနိုင်ငံအတွင်း ခရမ်းရောင်နှင့် အနီရောင်ပတ်စ်ပို့ ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားဦးရေ စုစုပေါင်း တစ်သန်းခုနစ်သောင်းခန့်ရှိပြီး နေ့စဉ် သက်တမ်းကုန် နေသည့် ပတ်စ်ပို့သမား ၁ဝဝဝ ခန့်ရှိရာ မြန်မာအစိုးရ နှင့် ထိုင်းနိုင်ငံအစိုးရအနေဖြင့် CI ပြုလုပ်ခွင့် အလျင်အမြန်မပေးပါက တရားဝင်အလုပ်သမားများအဖြစ် မှ တရားမဝင်အလုပ်သမားများအဖြစ်သို့ ရောက်ရှိသွားမည် ဖြစ်ပြီး အလုပ်သမားများစွာ နစ်နာမှုများဖြစ်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနDOEမှ ဝန်ထမ်းတစ်ဦးက ထောက်ပြဝေဖန်ထားကြောင်း သိရသည်။

(စိုးဝင်း-MLA)

Subscribe Us