Sunday, April 30, 2017

ထိုင်းနိုင်ငံတွင် အလုပ်သမားသံအရာရှိ၏ အလုပ်သမားအရေး ဆောင်ရွက်ချက်အပေါ် လူမှုအဖွဲ့စည်းအသီးသီးတို့၏ အမြင်



                           ရန်ကုန်                                                                                              ဧပြီ ၂၇

                       မြန်မာနိုင်ငံသားများအများဆုံး သွားရောက် အလုပ်လုပ်ကိုင်သည့် ထိုင်းနိုင်ငံ ၌မြန်မာလုပ်သားများအရေးဆောင်ရွက်ရန်အတွက်  အလုပ်သမားသံအရာရှိ ခန့်အပ်မှုကို ၂၀၁၀ခုနှစ်က စတင် ခန့်အပ်ခဲ့ကြောင်းသိရသည်။  ယင်းကဲ့ သို့ ခန့်အပ်မှုကြောင့် အလုပ်သမားအရေးကို အထိုက်အလျောက် ဖြေရှင်း နိုင်ခဲ့ပြီး မြန်မာအလုပ်သမား သံအရာရှိခန့်အပ်မှုမှာ လေးဆက်ပင်ရှိခဲ့ ပြီ ဖြစ်သည်။ လက်ရှိ ထိုင်းနိုင်ငံတွင် အလုပ်သမား သံအရာရှိအဖြစ် ဦးမိုးအောင်ခိုင်၊ ဦးအောင်ကိုသန်းသာရှိပြီး ထပ်မံ၍ ဦးမျိုးထက်သူ ၊ဦးနိုင်မင်းသူ၊ ဦးခင်အောင်မြင့်တို့ကို ခန့်အပ်ခဲ့သည်။

အရပ်သားအစိုးရသစ် လက်ထက်တွင် သံအရာရှိ ဦးမိုးအောင်ခိုင် ၊ ဦးအောင်ကိုသန်းတို့မှာ MOU အလုပ်သမားပြဿနာများ၊ အလုပ်သမားတို့၏ နစ်နာမှုများကို ပိုမို ဖြေရှင်းနိုင်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ထိုင်းနိုင်ငံဘက်မှ ဌာနဆိုင်ရာအသီးသီးနှင့် လည်း ချိတ်ဆက်နိုင်ခဲ့ပြီး အလုပ်သမား အရေးကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့မှုကြောင့် အလုပ်သမားများမှာ မိမိတို့၏ အခွင့်အရေးအတွက်သံအရာရှိထံ အကူအညီတောင်းခံရမည်ကို သိရှိလာကြသည်။ထိုအတွက်ကြောင့်  အလုပ်သမား သံအရာရှိ အဆက်ဆက်၏ အလုပ်သမားရေးရာ ဆောင်ရွက်ချက် များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက် နေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများ၏ သဘောထားများကို စုစည်း ဖော်ပြပေးလိုက်ပါသည်။






                   ဦးထူးချစ် (အမှုဆောင် ဒါရိုက်တာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) )
                ထိုင်းနိုင်ငံ ဆိုင်ရာ၊ အလုပ်သမားသံအရာရှိ (၃) ဦးနှင့် တိုက်ရိုက် ဆက်ဆံခဲ့ ဖူးပါတယ်၊ အခုလက်ရှိ သံအရာရှိ တစ်ဦးတည်းကတော့  ကျွန်တော်တို့ FED ရုံးအခြေစိုက်ရာ ထိုင်းနိုင်ငံ တောင်ပိုင်းကို လာပြီး လုပ်ငန်းတွေကို လာလေ့လာပါတယ်၊ ပူးပေါင်း ဆောင်ရွက်မှု အရမ်းအားကောင်းတယ် ၊ အလုပ်သမားတွေ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အချိန်မီ ထုတ်ပေးနိုင်တယ်၊ ပုံမှန်လည်း ကျွန်တော်တို့လို အလုပ်သမားဌာနတွေနဲ့လည်း အဆက်အသွယ်ရှိပြီး ပူးပေါင်းဆောင်ရွက်တယ်။ အလုပ်သမား သံအရာရှိ အနေနဲ့ အခုထက်ပိုပြီး ထိထိရောက်ရောက် အလုပ်သမား အရေးတွေ ဆောင်ရွက်နိုင်ဖို့ ၊ အစိုးရနဲ့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသံရုံးအနေနဲ့ လိုအပ်တဲ့ လုပ်ပိုင်ခွင့်တွေ၊ လူအားငွေအား အခုထက် ကူညီပံ့ပိုးပေးသင့်ပါတယ်။

                
 ဦးဇော်မင်းဦး (အဖွဲ့ဝင် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED))

                        ကျွန်တော် ထိုင်းမှာ အလုပ်သမားကိစ္စတွေ လုပ်ဆောင်တာ ၁၀နှစ်ကျော်ခဲ့ ပါပြီ၊ လက်ရှိ လုပ်နေတဲ့ သက်တမ်းနဲ့ အခု အစိုးရသစ် တက်လာတဲ့ သက်တမ်းမှာပဲ သံအရာရှိက ဘာလဲဆိုတာ ထိုင်းရောက် အလုပ်သမားတွေ ထိတွေ့ခွင့်ရကြပါတယ်။ သံအရာရှိရဲ့  လုပ်ငန်းစဉ် နဲ့  လုပ်ဆောင်မှုတွေကို တကယ်သေချာသိရင် သံအရာ ရှိတွေရဲ့  ကြိုးစားလုပ်ဆောင်နေမှုတွေ ထင်ထင်ရှားရှား မြင်ရမှာပါ။ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုထားတဲ့ သံအရာရှိ အနေနဲ့ အချို့ သော လုပ်ပိုင်ခွင့် တွေနဲ့  လုပ်ဆောင်မှု တွေမှာ အကန့်အသတ် ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့  အလုပ်သမား ပြသနာ အားလုံးမှာ အလုပ်သမားတိုင်းက အမြဲမမှန်နိုင်ပါဘူး။ ဥပဒေ ချိုးဖောက်မိလို့ ၊ ဥပဒေ ကိုနားမလည်လို့  ကျူးလွန်မိကြတာရှိပါတယ်။ ဒီလိုမျိုး ပြသနာတွေကို ကျွန်တော်တို့ က ညှိနှိုင်းတဲ့  နည်းလမ်းတွေနဲ့  လုပ်ဆောင်လို့ရပါတယ်။ နိုင်ငံတိုင်းမှာက ချမှတ်ထားတဲ့ အလုပ်သမား ဥပဒေ ကရှိပြီးသားပါ။ ထုတ်ပြန်ထားတဲ့  ဥပဒေကို ကိုင်ပြီး ညှိနှိုင်းလုပ်ဆောင်နေရတာပါ။ အလုပ်သမားသံအရာရှိများအနေနဲ့ က ကျွန်တော်တို့  အဖွဲ့ အစည်းရဲ့ ဆက်သွယ်အကူအညီတောင်းမှု တိုင်းကို မြန်မြန်ဆန်ဆန် ကူညီပေးခဲ့တဲ့  သက်သေ သာဓကတွေ ရှိခဲ့ပါတယ်။ ၀န်ထမ်းလိုအပ်ချက်နဲ့ အလုပ်သမား အမှုတိုင်းကို မလုပ်ဆောင်နိုင်သေး တာက ရှိနေတုန်းပါ။ ထိုင်းမှာ အလုပ်သမား သန်းပေါင်းများစွာ ရှိပါတယ်။ အလုပ်သမား သံအရာရှိက ၁၀ ဦးမပြည့်ပါဘူး။ ကျွန်တော် အနေနဲ့ အလုပ်သမား သံအရာရှိတွေရဲ့  ကြိုးစားလုပ်ဆောင်မှုကို အသိအမှတ်ပြု ပါတယ်။

                        ဦးရွှေထွန်းအေး (ဥက္ကဋ္ဌ) ရွှေ့ပြောင်းအလုပ်သမားကွန်ရက် - ဖူးခက်(MNP)

               အလုပ်သမားသံအရာရှိတွေကို ၂၀၁၀ ခုနှစ် နောက်ပိုင်းလောက်မှာ မြန်မာ အလုပ်သမားတွေက အာရုံစိုက်လာကြတာကို သတိထားမိတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအလုပ်သမားတွေက မြန်မာသံရုံးနဲ့ ဘာကြောင့် နှစ်အကြာကြီး စိမ်းနေရလည်းဆိုရင် ခေတ်အဆင့်ဆင့် မျက်ကွယ်ပြုခံထားရတာကြောင့်ပါ။ သံအမတ်က ဘာတွေလုပ်ပေးပြီး ငါတို့အတွက် ဘယ်လောက်အထိ အရေးပါတယ် ဆိုတာ အခုကျမှ ပိုပြီး နားလည် သဘောပေါက်လာကြပါတယ်။ ၂၀၁၀ခု နှစ်လောက်ကျမှ မြန်မာသံရုံး အနေနဲ့ အလုပ်သမားရေးကဏ္ဍတွေကို စကူညီပေးလာတာကြောင့် မြန်မာ အလုပ်သမားတွေက အလုပ်သမား သံအရာရှိ အရေးပါပုံနဲ့ မြန်မာသံရုံး ဆိုတာ ဒီလိုပါလားဆိုပြီး အားကိုးလာကြပါတယ်။ ဒါပေမယ့် ထင်သလောက် ခရီးမပေါက်သေးပါဘူး။ ဘာကြောင့်လဲ ဆိုရင် မြန်မာ အလုပ်သမား ၃ သန်းကျော် ၄ သန်းလောက်ကို အလုပ်သမား သံအရာရှိ တဦးတည်းနဲ့ ဘယ်လိုမှ မလွယ်သလို၊ အစိုးရဘက်ကလည်း ပြောထားပြီးရင် ပြောထားတဲ့အတိုင်း ထိုင်းအစိုးရနဲ့ ပူးပေါင်းပြီး လက်တွေ့ အကောင်အထည် ဖော်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့သိရသလောက် အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ကိုယ်တွယ် ဖြေရှင်းပေးဖို့ ဝန်ထမ်း အင်အားနည်းတယ်။ ဘယ်အမှုကိစ္စကိုမဆို ချက်ချင်းကြီး ကူညီမပေးနိုင်တဲ့အတွက် နစ်နာမူတွေရှိနေဆဲလို့ သိရပါတယ်။ မြန်မာအလုပ်သမားတွေကလက်ရှိ တာဝန်ယူနေတဲ့ မြန်မာအလုပ်သမားသံအရာရှိတွေကို အရင်ထက်စာရင် အတိုင်းအတာ တစ်ခု ထိ လက်ခံလာကြပါတယ်။ မြန်မာ အလုပ်သမား တွေကို ဒီထက်ပိုပြီး ကူညီပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့် နေကြပါတယ်။ ဖြစ်နိုင်ရင် ဒေသထဲမှာရှိတဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့သတ်မှတ်ပြီး သံရုံးက အသိအမှတ်ပြုတဲ့ အဖွဲ့တွေ အဖြစ် ထုတ်ပေးနိုင်ရင် ပြဿနာတွေကို ကူညီတဲ့နေရာမှာ ပိုပြီးမြန်ဆန်လာပါလိမ့်မယ်၊ ပိုပြီး ထိရောက်လာပါလိမ့်မယ်။

                                    ရှေ့နေဦးအောင်မျိုးသန့် (လိပ်ကျွန်းအမှု မြန်မာသံရုံး အထူးစုံစမ်းရေးကော်မတီဝင်)

                 ထိုင်းနိုင်ငံမှာ  တခြားနိုင်ငံတွေနဲ့ မတူတဲ့ သံရုံးတာဝန်တွေများပါတယ်၊ သာမန်က သံရုံးဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် နိုင်ငံသား အရေးသာဖြစ်ပါတယ်။ နယ်စပ် မိုင်ထောင်ပေါင်းများစွာ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးဟာ နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံသားအရေး အပြင် စနစ်တခုရဲ့သားကောင်းများဖြစ်ခဲ့ကြတဲ့ ရွေ့ပြောင်းအလုပ်သမားအရေးလည်း တွဲပါလာခဲ့တယ်။ သုံး၊လေးသန်းသော အလုပ်သမားများအတွက် လေးနက်မှု လိုလားတယ်၊ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ရင်ထဲမှာလည်း နိုင်ငံတွင်း ခံစားချက်၊ နယ်စပ်ဖြတ်ကျော်လာစဉ်က နာကျင်မှု၊ ထိုင်းနိုင်ငံထဲရောက်လာလို့ ဒုက္ခတွေပူးပေါင်းပြီး မထူးဘဝတွေဖြစ်နေကြချိန်မှာ အခုဆိုသံအရာရှိ  ၅ယောက်ရှိလာပါပြီ၊ လုံလောက်မှု မရှိနိုင်သေးပါဘူး၊ ဥပမာပြောရရင် အနာဟောင်း ကို ကုသနေကြရသလိုပါပဲ။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာဥပဒေမှာ ပြဌာန်းထားသော သံရုံးများ၏ ဆောင်ရွက်ရမည့် တာဝန်- (၆)ချက်/ ရှောင်ကြဉ်ရမည့် ဥပဒေ(၅)ချက်ကိုလည်း လုံးဝ လိုက်နာရမည့်အပြင် ထိုင်းနိုင်ငံ၏ အထူးဥပဒေ၊ ဒေသန္တရ ဥပဒေတွေကိုလည်း လိုက်နာကြမည်ဖြစ်ရာ မြန်မာအလုပ်သမားအရေးကို စေတနာပါပါနဲ့ ကိုင်တွယ်ကြမယ် ဆိုရင်ကြားမြင်သိမှုတွေ ယခုထက်ပို လိုအပ်ပါဦးမယ်။

                               
    ဦးမိုးကြိုး- ( ဥက္ကဌ) မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)
                         ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေအတွက်အလုပ်သမားသံအရာရှိထားတာ၂၀၁၂ခုနှစ်လောက်ကစတင်ပါတယ်။ ပထမဆုံး အလုပ်သမားသံအရာရှိက ကိုယ်တို့ နဲ့ ခေတ်ပြိုင်တက္ကသိုလ်တက်ဖက်-ဦးကျော်ကျော်လွင်ပါ။ သူ့ကို မဲဆောက်နဲ့ မြ၀တီရေဘေးကူညီရေးနဲ့ မဲဆောက်ဒေသမြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ ကသိကြပါတယ်။ ဒုတိယမြောက်သံအရာရှိက ဦးသိန်းနိုင်ပါ။ တတိယမြောက် သံအရာရှိကစပြီး ၂ ယောက် ဖြစ်သွားပြီး ဟန်ချက်မညီကြတော့ပါဘူး။ ဦးလှထွန်းနဲ ဦးစိုးနိုင်က တတိယမြောက်ပါပဲ။ ၄ ဆက်မြောက်သံအရာရှိတွေကတော့အားလုံးသိကြတဲ့ ဦးမိုးအောင်ခိုင်နဲ့ ဦးအောင်ကိုသန်းပေါ့။ ဒီနှစ်ထဲမှာပဲ နောက်ထပ် ၃ ယောက် တိုးလာတယ်။ တကယ်ဆိုရင် မြန်မာနိုင်ငံအစိုးရ ၊အလုပ်သမား ၀န်ကြီးဌာနက စေလွှတ်တဲ့ သံအရာရှိတွေက ထိုင်းမှာ ရောက်နှင့်နေပြီးသား၊ ရှိနှင့်နေပြီးသားဖြစ်တဲ့  လူမှု အခြေပြု အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက် လှုပ်ရှားကြရုံပါပဲ။ သံအရာရှိတွေဟာ မိမိထက်ဝါကြီးတဲ့(အချို့ ပညာပါကြီးတဲ့) လူထုအခြေပြု အဖွဲ့ အစည်း ခေါင်းဆောင်တွေရဲ့  လုပ်အားကို အသင့်ပူးပေါင်း ဆောင်ရွက်မှုရယူပြီး ရွိုင်း(လိုတိုး-ပိုလျှော့အစီရင်ခံ) လိုက်ရုံပါပဲ။ ဒီအတွက်သံအရာရှိတွေ ထိုင်းမှာလာထားတာဟာ ခေါင်းဆောင်မှုပေးဖို့ ၊ဦးဆောင်မှုပေးဖို့  မဟုတ်ပါဘူး။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေအတွက် အစိုးရကိုယ်စား သံခင်းတမန်ခင်း အခင်းအကျင်းကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အားထုတ်လုပ်ဆောင်ကြဖို့ ပါ။ အကြောင်းအရာမှန်သမျှအထက်အမိန့်  မရရင်မလုပ်ဘူးဆိုရင် အဲဒီသံအရာရှိဟာ လူပိုသက်သက်ပါပဲ။ ကိုယ့်အနေနဲ့ သံအရာရှိ၎ဆက်စလုံးကို ညီလိုအစ်ကိုလို တွဲဘက်လုပ်ဆောင်ဖူးတော့ ဘယ်သူက ဘယ်လိုဆိုတာ သိပါတယ်။ ကိုယ်တိုင်လည်း နှစ်သက်သလို မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေလည်း နှစ်သက်တဲ့ သံအရာရှိ ၂ ဦးကတော့  ကိုကျော်ကျော်လွင်နဲ့ ကိုမိုးအောင်ခိုင်ပါပဲ။


ဦးအောင်ကျော်( ဥက္ကဌ ) ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)
                 မြန်မာအစိုးရက စေလွှတ်ထားတဲ့ အလုပ်သမားသံအရာရှိ ဦးရေများတာကအလုပ်သမားအရေး ဆောင်ရွက်တဲ့ အခါ ပိုထိရောက်ပြီး အောင်မြင်နိုင်ပါတယ်။ သံအရာရှိတွေ ကိုယ်တိုင် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမား ဥပဒေတွေကို ထဲထဲဝင်ဝင် သိဖို့လိုအပ်ပါတယ်၊ အလုပ်သမားတွေ တကယ် အခက်အခဲဖြစ်နေချိန်မှာ အချိန်နဲ့တစ်ပြေးညီ အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်၊အရင်နဲ့စာရင် အခုလို ကာလမှာ မြန်မာအစိုးရရဲ့ လမ်းညွှန်ကြီးကြပ်မှုတွေကြောင့် နယ်မြေခံ အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ချိတ်ဆက်ေ ဆာင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ အလုပ်သမား သံအရာရှိတွေ အနေနဲ့ ဒီထက်ပို ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်သလိုအတွေ့အကြုံ ၊ အလုပ်သမား ဥပဒေတွေ များများသိအောင် ကြိုးစားပြီး အချိန်နဲ့ တစ်ပြေးညီ လုပ်ဆောင်ဖို့ လိုပါတယ်။

Subscribe Us