Monday, May 09, 2016

ထိုင်းရောက် မြန်မာလုပ်သားဘဝမြှင့်တင်ရေး ရက်၁၀၀စီမံချက်ဖြင့် ဆောင်ရွက်နေဟု သံအမတ်ကြီးဦးဝင်းမောင်ပြော


ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ပိုမိုကာကွယ်မှုရှိစေရန် ရက် ၁၀၀ စီမံချက်ကို မြှင့်တင်၍ လုပ်ဆောင်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။


ထိုင်းနိုင်ငံသို့ လာရောက် လုပ်ကိုင်မည့် မြန်မာလုပ်သား များ အဆင်ပြေစေရန် နယ်စပ် ဂိတ် လေးဂိတ်တွင် ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဘာသာစကား သင်တန်းများ ပို့ချမည်ဖြစ်ပြီး နှစ် နိုင်ငံ ရေးထိုးထားသည့် အလုပ် သမားခေါ်ယူရေး စာချွန်လွှာ (MoU) စာချုပ်၌လည်း မြန်မာ လုပ်သားများအား ကာကွယ်နိုင် မည့် အချက်များ ထပ်မံထည့် သွင်းထားကြောင်း သံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။

 ထိုင်းနိုင်ငံသည် မြန်မာလုပ်သား အများဆုံးရောက်ရှိနေ သည့်နိုင်ငံဖြစ်ပြီး တရားဝင်လာ ရောက်သူနှင့် တရားမဝင် ရောက်ရှိနေသူများ အားလုံး ခြောက်သန်း ခန့်ရှိကြောင်း သိရသည်။ ထို့အပြင် မြန်မာလုပ်သားများ ရောက်ရှိနေသည့် နိုင်ငံများအနက် ပြဿနာအများဆုံး ရင်ဆိုင်ရသည့် နိုင်ငံလည်းဖြစ်၍ ယခုကဲ့သို့ စီမံချက်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


‘‘အလုပ်သမား ကာကွယ် စောင့်ရှောက်မှုအတွက်ကို ဒီထက် ပိုပြီး မြှင့်တာပေါ့။ ရက် ၁၀၀ စီမံ ကိန်းထဲမှာ မြှင့်တင်တဲ့ စီမံကိန်း ထပ်ထည့်တာပေါ့။ အလုပ်သမား တွေကို ထိုင်းမလာခင်မှာ သင် တန်းပေးမယ်။ ထိုင်းနိုင်ငံရဲ့ ယဉ် ကျေးမှု၊ ထိုင်းနိုင်ငံရဲ့ ဘာသာ စကားပေါ့။ အဲဒါလေးတွေသိ အောင် နယ်စပ်ဂိတ်လေးဂိတ်မှာ သင်တန်းဖွင့်ပြီးပေးမယ်။ သင် တန်းပေးပြီးတော့မှ အလုပ်လာ လုပ်ခိုင်းမယ်ပေါ့။ နောက်တစ် ချက်က လက်ရှိ ရှိနေတဲ့ အလုပ် သမားတွေကိုလည်း ကျွမ်းကျင်မှု ပိုင်းပေါ့ မြှင့်တင်မယ်။ အခုအလုပ်သမားတွေက အနိမ့်ဆုံး လစာနဲ့ပဲ ရနေကြတာပေါ့။ လစာတွေတက်မလာကြဘူး။ ရာထူးတက်ရအောင်လို့ လစာတိုးပေးဖို့  အတွက်ပေါ့’’ဟု ၎င်းကပြောသည်။

မြန်မာလုပ်သားများ လုပ် ကိုင်မည့် အလုပ်အပေါ်မူတည်ပြီး သင်တန်းများ ပေးမည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြော သည်။



‘‘၁၉၉၇ ခုနှစ်က အလုပ်သမားခန့်ထားရေး MoU စာချုပ်ရှိတယ်။ အဲဒီစာချုပ်ထဲမှာ အခုပိုပြီးတော့ အလုပ်သမားတွေကို ကာကွယ်နိုင်တဲ့အချက်တွေ ထပ်ထည့်ထားတယ်။ နှစ်နိုင်ငံ သဘောတူ ညှိနှိုင်းပြီးပြီပေါ့။ မေလကုန်လောက်မှာ ဝန်ကြီးတွေ လက်မှတ်ထိုးမယ်။ အဲဒီမှာ ကျွန်တော်တို့က ပိုမိုပြီးတော့ ကာကွယ်နိုင်အောင်လို့ပေါ့။ ဥပမာ အလုပ်ရှင်တွေ အေဂျင်စီတွေကနေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်။ သူတို့တွေက ကျူးကျော်လာလို့ရှိရင် ဒဏ်ငွေရိုက်တာတို့၊အမည်ပျက်စာရင်းသွင်းတာတို့ လုပ်ဖို့ စီမံကိန်းတွေ မြှင့်တင်ထားတယ်’’ဟု သံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။

 မြန်မာသံအမတ်များအနေ ဖြင့် ကိုယ့်နိုင်ငံသားများကို ပစ် မထားဘဲ ကာကွယ်စောင့်ရှောက် ပေးရန်နှင့် မြန်မာသံရုံးများအနေ ဖြင့် နိုင်ငံသားများ၏ အားကိုးစရာ နေရာအဖြစ် ဆောင်ရွက်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး

 ဒေါ်အောင်ဆန်း စုကြည်က ပြည်ပနိုင်ငံများရှိ မြန်မာသံအမတ်များအား ညွှန် ကြားထားသည်။



‘‘အစိုးရအနေနဲ့ အလုပ် သမားကိစ္စတွေကို အရင်ကထက် ပိုပြီး လုပ်ဆောင်လာတာကို ကြို ဆိုပါတယ်။ ကျွန်တော်တို့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လည်း စနစ်တကျ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီး ပါတယ်။ အလုပ်သမားတွေ ပြည်ပ မထွက်ခွာမီ အသိပညာပေး လုပ်ငန်းတွေ လုပ်နေတာကောင်း ပါတယ်။ ဒီထက်မက ကျယ်ကျယ် ပြန့်ပြန့် လုပ်နိုင်ဖို့လိုပါမယ်။ ပိုပြီး အရေးကြီးတာက အလုပ်သမား တွေအနေနဲ့ ထိုင်းနိုင်ငံထဲမှာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရရင် အမြန်ဆုံး အကူအညီပေးနိုင်တဲ့ စနစ်တွေ တိုးချဲ့ဖို့လိုပါမယ်’’ဟု ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဒါရိုက်တာဦးထူးချစ်က ပြောသည်။



ထိုင်းနိုင်ငံတွင် ပန်းရောင် ကတ် ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား မြန်မာ အစိုးရက နိုင်ငံသားဖြစ်ကြောင်း လက်မှတ် (CI) ထုတ်ပေးမည်ဖြစ် ပြီး ထိုင်းအစိုးရက ၂ နှစ်ဗီဇာ သက်တမ်း တိုးမြှင့်ပေးမည်ဟု နေပြည်တော်တွင် ဧပြီ ၃၀ ရက်မှ မေလ ၂ ရက်အတွင်းပြုလုပ်သော ထိုင်း-မြန်မာ နှစ်နိုင်ငံအလုပ်သမားအရေး ညှိနှိုင်းအစည်းအဝေး၌ သဘောတူညီထားသည်။



7Day News Journal

Subscribe Us