Monday, May 16, 2016

ကျွန်တော်နဲ့ခေါင်းဆောင်မှု



ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

ကျွန်တော်ဟာ စီးပွားရေးပညာကို လေ့လာဆည်းပူးသူတစ်ယောက်ဖြစ်ပြီး စီမံခန့်ခွဲမှုပညာကို အထူးပြုခဲ့သူဖြစ်ပါတယ်။ အခုလို စီမံခန့်ခွဲမှုပညာကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပေမယ့် ခေါင်းဆောင်မှုပညာနဲ့ မနီးစပ်ခဲ့ပါဘူး။ တစ်ခုတော့ရှိပါတယ်။ ငယ်ငယ်တုန်းကတော့ ဖခင်လုပ်သူရဲ့ စာအုပ်တွေကိုတော့ ဖတ်ခွင့်ရခဲ့တယ်။ သူကစစ်သားပီပီ ဒုတိယက္ဘာစစ်က ထင်ရှားတဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ စစ်ခေါင်းဆောင်တွေရဲ့ အတ္ထုပ္ပတ္တိတွေကို စုဆောင်းခဲ့တယ်။ ဒီစစ် ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေဟာ အလွန်ကို စိတ်ဝင်စားစရာတွေဖြစ်လို့ ကျွန်တော် အငမ်းမရဖတ်ခဲ့ပါတယ်။ နာမည်ကြီး ဗိုလ်ချုပ်ကြီးမွန်ဂိုမာရီ၊ စလင်း၊ အိုက်တင်ဟာဝါ၊ ကလပ်တို့ရဲ့ စစ်ရေးအတွေ့အကြုံတွေဟာ အင်မတန်မှ မှတ်သား ဖွယ်ရာတွေဖြစ်တယ်။ သူတို့ဟာ အောင်မြင်မှုတွေကိုသာ ဖော်ပြတာမဟုတ်ဘဲ အားနည်းချက်တွေကိုလည်း မညှာမတာ ဖော်ထုတ်ခဲ့ကြတယ်။ အတုယူစရာ ကောင်းတဲ့အချက်တစ်ခုက အထောက်အထားတွေဖြစ်တယ်။ 



ဘယ်တိုက်ပွဲမှာ ဘယ်လို အမိန့်ပေးခဲ့တယ်။ ဘယ်ပုံဘယ်နည်းနဲ့ မဟာဗျူဟာတွေ ချမှတ်ခဲ့တာကို အချက်အလက်တွေ ပြည့်ပြည့်စုံစုံနဲ့ ဖော်ပြခဲ့ကြတယ်။ ဗိုလ်ချုပ်ကြီးများဖြစ်တာမို့ သူတို့ဟာ မဟာဗျူဟာကို အာရုံပြုကြတယ်။ နည်းပညာကို အာရုံမပြုကြဘူး။
ဒါကြောင့် ကျွန်တော့်အနေနဲ့ ခပ်ငယ်ငယ်ကတည်းက မဟာဗျူဟာနဲ့ နည်းဗျူ ဟာကို ခွဲခြားသိခွင့်ရခဲ့တယ်။ ဗိုလ်ချုပ်ကြီးအဆင့်ရောက်လာရင် ရှေ့တန်းမှာ ရန်သူတွေနဲ့ရင်ဆိုင်ပြီး တိုက်ပွဲဝင်နေတဲ့အစား နောက်တန်းကနေ ဘယ်ပုံ ဘယ်နည်းနဲ့ စစ်ပွဲကြီးအောင်မြင်အောင်လုပ်ဖို့ အကြံဉာဏ်ထုတ်ခဲ့ကြတယ်။ အမှန်တော့ ရာထူးကြီးလာလေလေ အသေးစိတ်ကို အာရုံမပြုဘဲ ပုံကြီးကိုမြင် နိုင်တဲ့သူဖြစ်ရမယ်။ တိုက်ပွဲတစ်ခုချင်းကိုနိုင်ဖို့မစဉ်းစားဘဲ စစ်ပွဲကို တစ်ခုလုံး အောင်မြင်အောင် ဘယ်လိုလုပ်ဖို့ အစီစဉ်တွေ ဖော်ထုတ်ဖို့ လိုအပ်တယ်။ ဒါကြောင့် ကျွန်တော်ဝန်ကြီးဌာနမှာ တာဝန်ယူရတော့ ဝန်ကြီးလုပ်သူကို ပန်ကြားခဲ့တယ်။ သူကလည်း ကိုယ့်ဆရာအရင်းဖြစ်တာမို့ ကျွန်တော်ပြောတာကို လိုက်နာခဲ့တယ်။ ဆရာရုံးမှာ အမြဲမထိုင်ပါနဲ့ ညနေ ၂ နာရီလောက် ရုံးဆင်းပါ။ ဝန်ကြီးဌာနလုပ်ငန်း တွေ ဘယ်ပုံဘယ်နည်းနဲ့ တိုးတက်အောင်မြင်အောင် လုပ်သင့်သလဲဆိုတာတွေ ကို စဉ်းစားပေးပါ။ ဆရာ့ရဲ့ အာရုံကို အသေးအဖွဲကိစ္စတွေနဲ့ အချိန်မဖြုန်းပါနဲ့လို့ အကြံပြုခဲ့တယ်။ အမှန်တော့ လုပ်ငန်းအဖွဲ့အစည်းတွေမှာ မဟာဗျူဟာနဲ့ နည်းဗျူဟာကိုခွဲခြားပြီး ကိုင်တွယ်ဖို့လိုအပ်ပါတယ်။ ဒီအကြောင်းကို စီမံခန့်ခွဲ မှုပညာမှာတော့ အနုစိတ်စီမံခန့်ခွဲမှုကို ရှောင်ဖို့သတိပေးခဲ့တယ်။ micro-manage မလုပ်ဖို့ပေါ့။ ကျွန်တော် ကုလသမဂ္ဂအဖွဲ့အစည်းမှာ တာဝန်စယူတဲ့အချိန်မှာ ခေါင်းဆောင်မှုပညာကို အထူးပြုလေ့လာခွင့်ရခဲ့တယ်။ ခေါင်းဆောင်မှုပညာဟာ သီးခြားလေ့လာလို့ရတာကို သိခွင့်ရခဲ့တယ်။
ဒါကြောင့်လည်း စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုကို ခွဲခြားနိုင်ခဲ့တယ်။ အမှန်တော့ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုဟာ ငွေဒင်္ဂါးတစ်ခုရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ တူပေမယ့် မတူတဲ့သဘောဖြစ်တယ်။ အဖွဲ့အစည်းတစ်ခုမှာဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံမှာဖြစ်စေ ခေါင်းဆောင်မှု
အရေးကြီးသလို စီမံခန့်ခွဲမှုဟာလည်း အရေးပါပါတယ်။ ခေါင်း ဆောင်ပြီး မစီမံရင်အဆင်မပြေသလို စီမံပြီး ခေါင်းဆောင်မှုမရှိရင်လည်း မပြည့် စုံပါဘူး။ အလွယ်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ စီမံခန့်ခွဲမှုဟာ လုပ်ငန်းတွေကို ချောချောမွေ့မွေ့ ပြီးစီးအောင်လုပ်တာဖြစ်ပြီး ခေါင်းဆောင်မှုကတော့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်ခြင်းဖြစ်ပါတယ်။
ကျွန်တော် အီတလီနိုင်ငံမှာရှိတဲ့ တူရင်းမြို့ ကုလသမဂ္ဂဝန်ထမ်းကောလိပ်မှာ တာဝန်ယူတော့ ခေါင်းဆောင်မှုပညာကို ဆက်ပြီး လေ့လာခွင့်ရခဲ့တယ်။ လေ့လာပြီး ကုလသမဂ္ဂအရာရှိကြီးတွေကို သင်တန်းပေးခဲ့တယ်။ ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ ဘက်ပေါင်းစုံက သုံးသပ်ခဲ့တယ်။
အခုလို ခေါင်းဆောင်မှုကို တင်ပြတဲ့အခါ ယခုအချိန်ထိ မှတ်မိသေးတဲ့ဥပမာ တစ်ခုကို သွားသတိရမိပါတယ်။ လူတိုင်းလိုလို လက်ပတ်နာရီကို ပတ်ထားကြတယ်။ လက်ပတ်နာရီဟာ အချိန်ကိုရည်ညွှန်းခြင်းဖြစ်တယ်။ အချိန်ဘယ်လောက်ကုန်သွား သလဲ။ အချိန်ဘယ်လောက်ကျန်သေးသလဲ။ ဒါတွေကို နာရီကရည်ညွှန်း ပြသနိုင်တယ်။ အခုလို လက်မှာလက်ပတ်နာရီပတ်မယ့်အစား သံလိုက်အိမ်မြှောင်ကို ပတ်တယ်ဆိုပါစို့။ သံလိုက်အိမ်မြှောင်ဟာ တည်နေရာကို ရည်ညွှန်းတယ်။ မိမိဘယ်နေရာရောက်ရောက် သံလိုက်အိမ်မြှောင်ကိုကြည့်လိုက်ရင် မြောက်ဘက် ဘယ်မှာရှိတယ်ဆိုတာကို သိနိုင်တယ်။ ဒါကြောင့် အချိန်ထက်အရေးကြီးတာက တည်နေရာဖြစ်တာကို ဖော်ထုတ်ခြင်းဖြစ်တယ်။ သံလိုက်အိမ်မြှောင်ဟာ မြောက် စူးစူးကို အမြဲပြသနေသလို လူတစ်ယောက် အနေနဲ့လည်း မိမိဘဝနဲ့ပတ်သက်လာရင် ဘယ်နေ ရာကိုဦးတည်နေသလဲဆိုတာ အရေးကြီးတယ်။ ဒါကတော့ လူတစ် ယောက်မှာ ရှိအပ်တဲ့မူပဲ။ မူလို့ပြောတာက သမာဓိရှိတာ၊ သိက္ခာရှိတာ၊ ရိုးသားတာ၊ ဖြောင့်မှန်တာ ဒါတွေဟာ တန်ဖိုးရှိတဲ့အရာတွေပါ။ ရာထူးတွေ၊ ပိုင်ဆိုင်မှုတွေ၊ ဘွဲ့တွေ၊ ဂုဏ်ထူးတွေ မဟုတ်ပါဘူး။ စစ်မှန်တဲ့မူနဲ့အသက်ရှင်ဖို့ အရေးကြီးပါတယ်။
ခေါင်းဆောင်ကောင်းတစ်ဦးမှာ အရည်အချင်းရှစ်ရပ်ရှိပါတယ်။ ပထမအရည် အချင်းက ခေါင်းဆောင်လုပ်သူဟာ အစဉ်မပြတ် သင်ယူလေ့လာသူတွေဖြစ်တယ်။ သင်ယူလေ့လာမှုလို့ ပြောတဲ့နေရာမှာ အတန်းပညာတစ်ခုတည်းကို ပြောတာ မဟုတ်ပါဘူး။ ဘဝအတွေ့ကြုံကရတဲ့ ပညာဟာလည်း အရေးကြီးပါတယ်။ သူတို့ဟာ စာကို အမြဲဖတ်တယ်။ သင်တန်းတက်တယ်။ သူများတွေပြောတာကို နားထောင်တယ်။ နား၊ မျက်လုံးနဲ့ နှလုံးသားကိုသုံးပြီးလေ့လာသင်ယူတယ်။ အရာရာကိုသိချင်တယ်။ စပ်စုတယ်။ မေးခွန်းအမြဲထုတ်တယ်။ မိမိရဲ့ကျွမ်းကျင် လိမ္မာမှုကိုလည်း အစဉ်တိုး တက်အောင် လေ့ကျင့်တယ်။ ပညာအသစ်တွေဆည်းပူးတယ်။ ပိုပြီးသိလာ လေလေ မသိသေးတာတွေအများကြီး ရှိသေးပါလားဆိုတာကို လက်ခံတယ်။ အခုလိုသင်ယူ ခံယူတဲ့နေရာမှာ သူများပြောလို့လုပ်တာမဟုတ်ဘဲ မိမိဆန္ဒအလျောက် လုပ်ခြင်းဖြစ်တယ်။ သူများအထင်ကြီးအောင် အာရုံမရှိဘဲ မိမိကိုယ်မိမိလေးစား နိုင်အောင် အမြဲဆင်ခြင်တယ်။ ပေးထားတဲ့ကတိတည်အောင် သတိထားပြီး လှုပ်ရှား တတ်တယ်။ ဒုတိယအရည်အချင်းကတော့ ခေါင်းဆောင်လုပ်သူတွေဟာ အများ အတွက်အလုပ်အကျွေးပြုဖို့ အာရုံရှိတယ်။ မိမိရဲ့ ဘဝတစ်ခုလုံးကို တစ်ပါးသူတွေ အတွက်ပေးအပ်ထားတယ်။ နံနက်အိပ်ရာနိုးနိုးချင်း အများအတွက်ဝန်ထမ်းဖို့ အဆင် သင့်ရှိတယ်။ အမှန်တော့ ခေါင်းဆောင်ကောင်းတစ်ဦးဟာ ဝန်ထမ်းကောင်း တစ်ဦးဖြစ်ပါတယ်။ ဝန်ထမ်းလို့ပြောတာကို အဓိပ္ပာယ်မလွဲမှားစေချင်ဘူး။ ဝန်ထမ်းဟာ ရာထူးမဟုတ်ဘဲ အများရဲ့ဝန်တွေထမ်းတဲ့သဘောဖြစ်တယ်။ ဒါကြောင့် ဝန်ကြီးဆိုတာ ဝန်တွေအကြီးကြီးကို ထမ်းဆောင်နေကြသူတွေသာဖြစ်တယ်။ ရာထူးကြီးကြီးယူထားသူတွေမဟုတ်ဘူး။ ဝန်ထမ်းတဲ့နေရာမှာလည်း တာဝန်သိတယ်။ တာဝန်ယူတယ်။ တာဝန်ခံတယ်။ တာဝန်ကျေပွန်တယ်။ တတိယအရည်အချင်းကတော့ ခေါင်းဆောင်ကောင်းတစ်ဦးဟာ အကောင်းမြင်တဲ့စိတ်ထားရှိတယ်။ မျှော်လင့်ချက် အပြည့်နဲ့ အသက်ရှင်တယ်။ ယုံကြည်မှုရှိတယ်။ သူကတစ်ဆင့် အင်အားတွေဖြန့်ဝေ ပေးနိုင်တယ်။ ရွှင်ပြတဲ့၊ လန်းဆန်းတဲ့စိတ်ထားကို မွေးနိုင်ပြီး အရာရာကိုမကောင်းမြင် တဲ့သူတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိတယ်။ စတုတ္ထအရည်အချင်းက အခြား လူတွေကို ယုံကြည်တဲ့သူဖြစ်တယ်။ တစ်ဖက်သားရဲ့ အားနည်းချက်ကိုလက် ခံနိုင်တယ်။ လူတိုင်းပြီးပြည့် စုံမှုမရှိဘူးဆိုတာကိုသိတယ်။ ကိုယ့်ကိုစော်ကားတဲ့သူကို ခွင့်လွှတ်နိုင်တယ်။ လူတွေကိုတံဆိပ်မခတ်ဘူး။ လူတိုင်းမှာရှိတဲ့ အလားအလာကို အမြဲအာရုံပြုတယ်။ ပဉ္စမအရည်အချင်းက ခေါင်းဆောင်ကောင်းတွေဟာ အစွန်းတရားကိုရှောင်ပြီး မိမိရဲ့ဘဝကို မျှတသင့်တင့်အောင် ကြိုးစားတယ်။ အလုပ်ပေါ်မှာပဲ အာရုံထားပြီး မိသားစုကိုလျစ်လျူရှုတာမျိုးမလုပ်ဘူး။ အမြဲ မှန်ရမယ်လို့ မယူဆဘူး။ သူများအထင်ကြီးအောင် ဟန်ဆောင်တာမျိုးမရှိဘူး။ ဆက်သွယ် ဆက်ဆံရာမှာလည်း ပွင့်လင်းတယ်။ တည့်တည့်ပြောတယ်။ လိမ်ညာ မှုမရှိဘူး။ သူများရဲ့ အောင်မြင်မှုအတွက် မုဒိတာပွားနိုင်တယ်။ ချီးမွမ်းမှု၊ ကဲ့ရဲ့မှုရဲ့ဒဏ်ကိုခံနိုင်ရည်ရှိတယ်။ ဆုံးရှုံးမှု၊ မအောင်မြင်မှုကို အတွေ့အကြုံအဖြစ် သတ်မှတ်နိုင်တယ်။
ဆဋ္ဌမအရည်အချင်းကတော့ ဘဝကိုလက်ခံကျေနပ်သူဖြစ်တယ်။ မိမိကိုယ် မိမိယုံကြည်မှုအပြည့်ရှိတယ်။ မိမိရဲ့အတွင်းအားကိုယုံတယ်။ လူတွေကိုစိတ်ဝင် စားတယ်။ ရာထူးကြီးတဲ့သူ၊ နာမည်ကျော်သူတွေကိုတွေ့ရင် ပုံမှန်ဆက်ဆံနိုင်တယ်။ သတ္တမအရည်အချင်းကတော့ ခေါင်းဆောင်ကောင်းဟာ တစ်ဦးတစ်ယောက်တည်း တာဝန်ယူဆောင်ရွက်ရုံမဟုတ်ဘဲ အများနဲ့ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိတယ်။ ပြောင်းလဲမှုကိုကြိုဆိုပြီး လိုက်လျောညီထွေစွာ ရင်ဆိုင်နိုင်တယ်။ သူများတွေကို တာဝန်ခွဲဝေပေးဖို့ ဝန်မလေးဘူး။ လူနဲ့ပြဿနာကို ခွဲခြားနိုင်သူဖြစ်တယ်။


နောက်ဆုံးအရည်အချင်းကတော့ ခေါင်းဆောင်ကောင်းလုပ်သူဟာ မိမိ ဘဝရဲ့ အစိတ်အပိုင်းလေးပိုင်းကို မြှင့်တင်ရှင်သန်အောင် အမြဲကြိုးစားတယ်။ လူ တစ်ယောက် ကိုယ်၊စိတ်၊ခံစားမှုနဲ့ ယုံကြည်ကိုးကွယ်မှုဆိုပြီး အစိတ်အပိုင်းလေး ပိုင်းရှိပါတယ်။ ဒီလေးခုကို တချို့က ဉာဏ်ရည်ထက်မြက်မှုလေးရပ်လို့ပြောကြ တယ်။ ပထမကတော့ ကိုယ်ခန္ဓာဖြစ်တာ၊ တစ်နည်းပြောရရင် ကျန်းမာမှုဖြစ်တယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်းတွေဟာ ကျန်းမာရေးလိုက်စားတယ်။ ကျန်းမာ အောင်ဆင်ခြင်တယ်။ တစ်ခုကတော့ စိတ်ပိုင်း။ ဒါကတော့ ပညာရေးနဲ့ပတ်သက်ပြီး ဉာဏ်ရည်ထက်မြက်မှုဖြစ်တယ်။ စာတော်တာကိုပြောတာဖြစ်တယ်။ တတိယ အပိုင်းကတော့ အများနဲ့ဆက်ဆံတဲ့နေရာမှာ မိမိရဲ့ခံစားမှုတွေကို ထိန်းသိမ်း စီမံနိုင်စွမ်းရှိတယ်။ ကိုယ်ချင်းစာနာမှုအပြည့်ရှိတယ်။ နောက်ဆုံးအပိုင်းက ယုံကြည် ကိုးကွယ်မှုဖြစ်တယ်။ ဘာသာရေးအထိန်းအကွပ်ဟာ အလွန်လိုအပ်ပါတယ်။ ဒါပေမယ့် မိမိဘာသာကို ယုံကြည်သလို အခြားဘာသာတရားကိုလည်း လေးစားဖို့ အရေးကြီးပါတယ်။
ဒီအရည်အချင်းရှစ်ရပ်ကို နေ့စဉ်သုံးသပ်ပြီး မြှင့်တင်နိုင်အောင်ကြိုးစားသွား ရမှာသာဖြစ်ပါတယ်။ အခုလိုအင်မတန်အရေးကြီးနေတဲ့ ခေတ်ကာလမှာအရည်အချင်းပြည့်စုံတဲ့သူတွေ ခေါင်းဆောင်ကောင်းတွေအများကြီး လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ ခေါင်းဆောင်နဲ့ ခေါင်းဆောင်မှုကိုခွဲခြားစေ
လိုပါတယ်။ ခေါင်းဆောင်ကတစ်ဦးတစ်ယောက်တည်းရှိနိုင်ပေမယ့် တိုင်းသူပြည်သား အားလုံးဟာ ခေါင်းဆောင်မှုပေးနိုင်တဲ့သူတွေဖြစ်အောင် ကြိုးစားရမယ့်အချိန် ဖြစ်နေပါပြီ။


MOI Webportal Myanmar

Subscribe Us