Sunday, May 08, 2016

မုန်းတိုင်းတိုက်ခတ်မှုကြောင့် လယ်တီဓမ္မရိပ်သာဖွင့်လှစ်ရာ သက်တမ်းနှစ်၁၀၀ခန့်ရှိသော ရှေးဟောင်းဘုန်းတော်ကြီးကျောင်း နှင့် သာသနိကအဆောက်အအုံများပျက်စီး


 


မလှိုင် ၊၊ မေ ၇
စောမောင်
မန္တလေးတိုင်းဒေသကြီး၊မိတ္တီလာခရိုင် ၊မလှိုင်မြို့နယ် ၊မြင်းတွင်းစံပြကျေးရွာ ရှိ မြသိန်းတန်လယ်တီ ဓမ္မရိပ် သာ မှာ ပြီးခဲ့ သည့်  မေ ၁ ရက်ညနေ ၃ နာရီက လေပြင်း မုန်တိုင်းတိုက်ခတ် မှုကြောင့် သက်တမ်းနှစ် ၁၀၀ခန့်ရှိသော ရှေးဟောင်းဘုန်းတော်ကြီးကျောင်းအပါဝင်၊ ဓမ္မစကူးလ် ဖွင့်လှစ်ထားသော ဓမ္မာရုံနှင့် ဆွမ်းစားကျောင်းများ ပျက်စီးခဲ့ ရကြောင်း သိရသည်။

'' ဆရာတော်က နယ်မှာတရားဟောကြွသွားလို့ အခုမှကျောင်းပြန်ရောက်တာပါ၊ ကျောင်းထိုင်ဆရာတော် ရွာ အတွက်ကိုလည်း အ၀ီစိရေတွင်း တူးလှူ ဒါန်းဖို့လုပ်နေတုန်း လေပြင်း မုန်တိုင်းတိုက်ခတ် မှုကြောင့်
ကျောင်းပါ ပျက်စီးခဲ့ရပါတယ်၊ ကျွန်တော်တို့ ရွာကရှေးဟောင်းဘုန်းတော်ကြီးကျောင်းပြန်လည်ပြုပြင်ဖို့ အလှူ ရှင်များလိုအပ်လျက်ရှိနေပါတယ်'' ဟု ဒေသခံတစ်ဦးကပြောသည်။






လေပြင်း မုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ၊မြင်းတွင်းစံပြကျေးရွာရှိလူနေအဆောက်အအုံ တချို့ပျက်စီးဆုံးရှုံး ခဲ့ရကြောင်းသိရသည်။

“ကျောင်းမှာက လယ်တီဝိပဿနာတရားစခန်းလည်းဖွင့်ထားသလို၊ကလေးငယ်တွေကိုလည်း တနင်္ဂနွေနေ့ နဲ့ ကျောင်း ရက်ရှည်ပိတ်ရက်တွေမှာ ဓမ္မစကူးလ်ဖွင့်ပေးထားတော့ ယောဂီတွေနဲ့ကလေးတွေအတွက် အခက်ခဲဖြစ်တာပေါ့၊ ဘုန်းဘုန်းတို့ကလည်း ရွာအတွက်အ၀ီစိသောက်ရေတွင်းတူးဖော်ဖို့ ကြိုးစားနေ တဲ့အချိန်မှာအခုလိုဖြစ်သွားတယ်ပေါ့၊ စေတနာရှင်တွေရဲ့စုပေါင်းအားနဲ့ပျက်စီးသွားတာတွေ အသစ် တဖန်ပြန်ပြုပြင်ရမှာပဲ” ဟု ဆရာတော် အရှင်ခေမာစာရ(နယ်လှည့်ဓမ္မကထိက)မှ မိန့်ကြားတော်မူသည်။


  ရှေးဟောင်းဘုန်းတော်ကြီးကျောင်းအပါဝင်၊ ဓမ္မစကူးလ် ဖွင့်လှစ်ထားသောဓမ္မာရုံနှင့်ဆွမ်းစားကျောင်းများ အဆောက်အအုံများပြန်လည်းမွမ်းမံနိုင်ရန်ရေးအတွက် စေတနာရှင်များအနေဖြင့် ဆက်သွယ်လှူဒါန်း လိုပါက မြသိန်းတန်လယ်တီဓမ္မရိပ်သာနာယကဆရာတော် အရှင်ခေမာစာရ (နယ်လှည့် ဓမ္မကထိက)၏ ဖုန်းနံပါတ်ဖြစ်သော ဖုန်းနံပါတ် ၀၉ ၄၅၀၀၅၂၃၃၃ သို့  တိုက်ရိုက်ဆက်သွယ် မေးမြန်းလှူဒါန်းနိုင်ကြကြောင်း သိရသည်။

Subscribe Us