Sunday, May 29, 2016

‎နိုင်ငံသားစီစစ်ရန်ကိစ္စ‬



၁။ ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူတွေအားလုံး အမြန်ဆုံး နိုင်ငံသား စီစစ်ခြင်းလုပ်(ဖိဆု(တ်)ဆန်ချတ်)ရမယ်။ အဓိပ္ပါယ်က မြန်မာဘက်က အထောက်အထားတစ်စုံတစ်ခုသွားထုတ်လာခဲ့လို့ဆိုလိုတာ။ ပြည်တွင်းမှာပဲ  သွားထုတ်ထုတ် ထိုင်းမှာပဲ ထုတ်ထုတ် ဘယ်မှာထုတ်ထုတ် အထောက် အထားဖြစ်ရင်ပြီးရော။ ဒါ ထိုင်းစစ်အစိုးရရဲ့ လက်ရှိမူဝါဒ။ အမှန်ဆိုရင် ယာယီနိုင်ငံကူးလက်မှတ်(အနီ/ခရမ်း)တွေဟာ တရားဝင်မဟုတ်ဘူး၊ လွှန်ခဲ့တဲ့ (၆)နှစ်လောက်က ထိုင်းအာဏာပိုင်တွေနဲ့ မရရအောင် ညှိနှိုင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေအတွက်အဆင်ပြေအောင် ထုတ်ပေးထားတဲ့ အထောက်အထားတစ်ခုပဲ၊ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားအဖြစ် အသုံးပြုလို့မရဘူး။ တစ်ချိန်ချိန်မှာ နိုင်ငံသားစီစစ်ပြီး မနလ ကို မဖြစ်မနေပြောင်းကိုင်ရမှာ။


၂။ မြန်မာဘက်မှာ လဝက နဲ့ ပြည်ထဲရေးအောက်က SB (ပါတ်စပို့ထုတ်ပေး တဲ့ဌာန)မှာ လုပ်ထုံးလုပ်နည်းတွေ ကန့်သတ်ချက်တွေရှိတယ်။ အဲဒါကတော့ မှတ်ပုံတင်+သန်းခေါင်စရင်းပြနိုင်မှ နိုင်ငံသားစီစစ်လို့ရတယ်(သို့မဟုတ်)ပတ်စပို့ထုတ်ပေးလို့ရမယ် ဆိုတဲ့ ကန့်သတ်ချက်ပဲ။

၃။ ဒါပေမဲ့ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိရဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းဆိုတာ ကို တော်တော်များများ ယူလာပြဖို့ အဆင်မပြေနိုင်ဘူးလေ၊ အဲဒီတော့ မနလ ထုတ်လို့မဖြစ်နိုင်ဘူး ဒါကြောင့် နိုင်ငံ တစ်ကာကလက်ခံတဲ့ မည်သူမည်ဝါဖြစ်ကြောင်းထောက်ခံချက်(CI)ထုတ်ပေး မယ်ဆိုပြီးဖြစ်လာတာ။

၄။ အဲဒီ(CI)စာအုပ်အစိမ်းရောင် နမူနာ တစ်အုပ်ကို ထိုင်းဘက်ကိုတင်ပြတော့ ဒီစာသားပါရင် လက်မခံဘူး၊ ဟိုစာသားဖျက်ပေးပါနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ရစ်နေတာ ၄-၅-၆ လ လောက်ကြာသွားတယ်။ နောက် ဆုံးတော့သူတို့အလိုကျ စာသားတွေကိုဖျက်ပေးလိုက်တော့မှ လက်ခံ သွားတော့တယ်။ အဲဒါတောင်မှ (CI)ဆိုတာ မိခင်နိုင်ငံပြန်ဖို့အတွက် တစ်ခါသုံးအထောက်အထားဖြစ်လို့ ဗီဇာထုပေးလို့မရဘူးလုပ်ပြန်ရော။

၅။ နေပြည်တော်မှာ အခုနောက်ဆုံးကျင်းပခဲ့တဲ့ ထိုင်း-မြန်မာ အလုပ် သမားရေးရာကျွမ်းကျင်သူများအစည်းအဝေး လုပ်တော့မှ၊ မြန်မာဘက် က နိုင်ငံသားစီစစ်ဖို့ အထောက်အထားမပြည့်စုံသူကို (CI)ထုတ်ပေးမယ်ဆို ရင် သူတို့ဖက်ကလည်း ဗီဇာထုပေးပါမယ် လို့လက်ခံလိုက်တာ။ ထိုင်းနိုင်ငံ တွင်းမှာ(CI)ထုတ်ပေးဖို့ စခန်း(၆)ခုဖွင့်ဖို့လည်း သဘောတူပါတယ်ပေါ့။ ဒါပေမဲ့ ဒီနေ့အထိ တရားဝင်ညွှန်ကြားချက်မကျသေးလို့ပါ၊ စခန်း(၆)ခုဖွင့်ဖို့ ကိုတော့ မူအားဖြင့် သဘောတူပါတယ်၊ ကန့်ကွက်ရန်တော့မရှိပါ၊ သို့သော် ညွှန်ကြားချက်ကျဖို့ ခဏစောင့်ပါ ဆိုပြီး ထိုင်းဘက်က အကြောင်းပြန် ထားတယ်။

၆။ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်အားလုံးကို ကူညီထောက်ပံ့ဆောင် ရွက်နိုင်ဖို့ လမ်းကြောင်းတွေချမှတ်နိုင်ဖို့ ထိုင်း-မြန်မာ ရွှေ့ပြောင်းအလုပ် သမားများနိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်အတွက် Working Group (WG)ဖွဲ့စည်းပြီး အပတ်စဉ် အစည်းဝေးပြုလုပ်ဖို့ ဆိုတာလည်း ထိုင်းဘက်က တင်ပြလို့ သဘောတူခဲ့တာပါ။ {***အဲဒီ WG အဖွဲ့ ပထမအကြိမ်အစည်းအဝေး လုပ်တော့ ကျွန်တော်က Coordinator တဲ့၊ သိတ်စိတ်မပါလှပေမဲ့ မဖြစ် မနေပေးလိုက်ရတဲ့ ရာထူးဖြစ်မယ်ထင်တယ်***}

၇။ အဲဒီအစည်းအဝေးကို ဦးဆောင်တာကတော့ ထိုင်းအလုပ်သမားဝန်ကြီး ဌာနက (DOE)က ဒုတိယညွှန်ကြားရေးမှူးချုပ်ပဲဖြစ်ပါတယ်။ WG ပထမ အကြိမ်အစည်းအဝေးမှာ ပန်းရောင်ကဒ်သမားတွေ နယ်မြေကျော်သွား လာခွင့်ကို ကန့်သတ်ချက်နဲ့ခွင့်ပြုကြောင်း၊ ပန်းရောင်ကဒ်ကိုင်ဆောင်ထားပြီး သူများ မနလ ရှိပါက ဗီဇာထုပေးမည်ဖြစ်ကြောင်း၊ နိုင်ငံသားစီစစ်ရန်ဆိုသော အကြောင်းပြချက်ဖြင့် မိခင်နိုင်ငံသို့ သော်လည်းကောင်း ပန်းရောင်ကဒ်မှတ်ပုံ တင်ရာနယ်မြေပြင်ပသို့သော်လည်းကောင်း ကန့်သတ်ချက်များ ဖြင့်သွားလာ ခွင့်ပြုသည် ဆိုတဲ့ အချက်တွေပါတဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ထား တဲ့ ထိုင်းဘာသာနဲ့ရေးထားသော ရုံးတွင်းအမိန့်ကြေညာချက်(၂)စောင် ကိုပေးအပ်ခဲ့ပါတယ်။

၈။ အချုပ်အားဖြင့် လက်ထဲမှာ မနလ (ပတ်စပို့/စာအုပ်အကြီး) ရှိနေ တဲ့သူတွေ၊ သံရုံးမှာထုတ်ထားတဲ့ မနလ ပဲဖြစ်စေ၊ တစ်ကြော့ပြန် MOU နဲ့ဝင်လာတဲ့ မနလ စာအုပ်ပဲဖြစ်စေ၊ ကိုယ်နည်းကိုယ့်ဟန်နဲ့ အိမ်ပြန်ပြီး မနလ အလွတ်ကြီးပဲလျှောက်ပြီး ကိုင်ထားတဲ့သူဖြစ်စေ၊ ဗီဇာသက်တမ်းကုန်နေတဲ့သူ ပဲဖြစ်စေ၊ အလည်ဗီဇာနဲ့ ဝင်လာတဲ့သူ မဟုတ်ရင်ပြီးရော၊ ပန်းရောင်ကဒ် လည်းရိုက်ထားပြီးရင် အဲဒီစာအုပ်ပေါ်မှာ ဗီဇာချိန်းပြောင်းယူလို့ရတယ်။ ထိုင်းဘက်က နယ်မြေ လဝက ရုံးတွေအထိ ညွှန်ကြားချက်ထွက်အောင် ခဏစောင့်ပါ။ မစောင့်နိုင်တဲ့သူတွေရှိရင် အုပ်စုလိုက်ဖွဲ့ပြီး သွားတောင်းဆိုကြ ဒါဟာ မိမိတို့ရဲ့အခွင့်အရေးပဲ။

၉။ နိုင်ငံသားစီစစ်တဲ့ကိစ္စမှာ မနလ နဲ့ (CI) ဘယ်ကပိုကောင်းလဲဆိုရင်တော့ အဖြေကရှင်းရှင်းလေးပဲ၊ ဖြစ်နိုင်ရင် မနလ ရအောင်လုပ်ကြ။ CI ဆိုတာ၊ မှတ်ပုံတင်+သန်းခေါင်စာရင်းမပြနိုင်လို့ ထုတ်ပေးတာ။ ပြီးရင် မနလ ပြန်လုပ် ရမှာဆိုတော့ (၂)ခါကုန်မယ်။

၁၀။ မှတ်ပုံတင်+သန်းခေါင်စာရင်းရှိရင် ဗန်ကောက်မြို့က မြန်မာသံရုံးဝင်း ထဲမှာလာတွဲဖွင့်ထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ခွဲရုံးမှာ မနလ(ပတ်စပို့/စာအုပ်အကြီး)လျှောက်ထားနိုင်တယ် ဆိုပေမဲ့ လက်ရှိအခြေ အနေအရ ပုံမှန်အားဖြင့် ၄-၅-၆ လလောက်ကြာတတ်ပါတယ်။ တစ်ချို့ဆို ကျတောင်ကျမလာတော့ဘူး။ အမှန်ကတော့ အဲဒီရုံးဟာ မြန်မာသံရုံးနဲ့လုံး၀ မသက်ဆိုင်ပါဘူး၊ လဝက၊ အလုပ်သမား၊ SB ဆိုတဲ့ ဌာနသုံးခုပေါင်းပြီးဖွဲ့ထား တဲ့ အထူးအဖွဲ့ပဲဖြစ်ပါတယ်။

၁၁။ ပန်းရောင်ကဒ်ကိုင်သူတွေအားလုံး မှတ်ပုံတင်+သန်းခေါင်းစာရင်း ရှိတဲ့သူတွေရော မရှိတဲ့သူတွေရော ဖြစ်နိုင်ရင် အိမ်ပြန်ပြီး မိမိနေထိုင်တဲ့ အနီးဆုံးမြို့နယ်မှာရှိတဲ့ မနလ ရုံးမှာ မနလ သွားလျှောက်ကြ၊ အပေါ်က အပိုဒ်(၇)ကိုနဲ့ အပိုဒ်(၉)ကိုပြန်ဖတ်ကြည့်။

ပိုပြီးရှင်းရှင်းလင်းနားလည်အောင် အရင်ကရေးထားတဲ့ ပို့စ် တွေကိုပြန်ဖတ်ပါ။

..................အားလုံးရွှင်လမ်းချမ်းမြေ့နိုင်ကြပါစေ......................
ဦးအောင်စိုး
၂၉-၅-၂၀၁၆ (၁၃း၄၅)နာရီ

Subscribe Us