Monday, May 02, 2016

ထိုင်းနိုင်ငံရှိ မြန်မာ့ဂုဏ်ဆောင်အခြေခံပညာမူလတန်းကျောင်း ယခုပညာသင်နှစ်တွင် ဆက်လက်ဖွင့်နိုင် ရန် ကူညီထောက်ပံ့ပေးမည့်သူများ လိုအပ်နေ


ထိုင်းနိုင်ငံ ဗန်ကောက်မြို့နယ် ဖလန်ဆောင်၊ ဘန်ဘော၊မူဘန့်ဒီကေ၊ ဆွယ်ဖယာမွန်ထ၊ ယဲ့ ၁၇ ၌ ရှိသော မြန်မာအလုပ်သမားများ၏ သားသမီးကလေးငယ်တို့အား မြန်မာပညာရေးစနစ်အတိုင်း သင်ကြား
ပေးနေသည့် မြန်မာ့ဂုဏ်ဆောင်အခြေခံပညာမူလတန်းကျောင်းမှာ ဆက်လက်ဖွင့်လှစ်ရန် ငွေကြေး အ ခက်ခဲများရှိနေသောကြောင့် ပညာရေးအလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးများ အားလုံးကျောင်းနေရေးအစီအစဉ် ကို နိုင်ငံတော်မှ နှစ်စဉ် စီမံဆောင်ရွက်ပေးခဲ့သည့်အတွက် အနယ်နယ်အရပ်ရပ်မှ အသက်ငါးနှစ်ပြည့်ကလေးအများစု ကျောင်း တက်လာနိုင်ကြပြီဖြစ်သော်လည်း အခြေအနေအကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းရှိ အချို့ ကလေးမိဘများမှာ ရေကြည်ရာမြက်နုရှာရင်း ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ကြရန် ရောက်ရှိလာကြ ရာ မိဘများနှင့်အတူ ၎င်းတို့ ၏ ၁၀နှစ်အောက်ကလေးငယ်များမှာလည်း ထိုင်းနိုင်ငံသို့ဝင်ရောက်ခဲ့ကြပြီး အဆိုပါကလေးအုပ်စုများအား ခွဲခြားစမ်းစစ်ကြည့်ပါက ကျောင်းနေခဲ့သော်လည်း မူလတန်းပညာ
ရေး မပြီးဆုံးကြသူများ၊အခြေအနေအရ ကျောင်းစောစောထွက်ခဲ့ကြရသူများနှင့် ကျောင်း လုံးဝမနေဖူး
သေးသောကလေးငယ်များလည်းရှိကြောင်း သိရသည်။



မြန်မာ့ဂုဏ်ဆောင်အခြေခံပညာမူလတန်းကျောင်း တည်ထောင်သူ ထိုင်းနိုင်ငံဗန်ကောက်မြို့ရှိကျောင်း ဆရာ ကိုစောမောင်က “ဗန်ကောက်မြို့မှာရှိနေတဲ့ မြန်မာကလေးငယ်တွေကို မြန်မာပညာရေးဝန်ကြီး ဌာနကချမှတ်ထားတဲ့ မူဝါဒအတိုင်း စာသင်ကြားနိုင်ရေးအတွက် ကျွန်တော်နဲ့ပညာရေးလိုလားသူ
မိတ်ဆွေတွေ စုပြီး ကျောင်းစတင်ဖွင့်လှစ်ခဲ့တာအခုနှစ်နဲ့ဆို လေးနှစ်တိတိရှိပါပြီ။ ထိုင်းစာပါသင်ပေး
ပါ တယ်။ ဘာလို့လဲဆိုတော့ သူ့နိုင်ငံဖြစ်နေတာနဲ့ ကလေးတွေ သွားလာရေးအတွက် အဆင်ပြေအောင်
လေ ၊ ကျောင်းကိုအဓိကထားဖွင့်လှစ်ဖြစ်တာကတော့ အခြေနေအကြောင်းအမျိုးမျိုးကြောင့် ဒီမှာလာရောက် လုပ် ကိုင်စားသောက်တဲ့ မိဘတွေနဲ့အတူ ပညာရေးတစ်ပိုင်းတစ်စနဲ့ကလေးတွေပါလာကြ တယ်။ တချို့ကလေးတွေကျတော့လည်းဒီမှာမွေးတာရှိတယ်။ မိဘတွေက လောလောဆယ်မပြန်နိုင်သေးဘူး။ ဒါကြောင့် မြန်မာကလေးတွေပညာရေးအတွက် ဖွင့်လှစ်တာပါ။ အဓိကတော့ လာမယ့်ပညာသင်နှစ်မှာ
ကျောင်းဆက်လက်ဖွင့်လှစ်နိုင်ဖို့အတွက် ငွေကြေးအခက်ခဲရှိနေပါတယ်။ ဒါကြောင့် ကလေးတွေ ကိုလည်း
သနားတာနဲ့ ကျောင်းဆက်ဖွင့်လှစ်နိုင်ဖို့ကို ပညာရေးအလှူရှင်တွေ လိုအပ်နေပါတယ်။ အဓိကတော့
ကျောင်း ဖွင့်လှစ်တဲ့ တိုက်ငှားခက တစ်လကို ဘတ်ငွေ တစ်သောင်းကုန်ကျပါတယ်။ အဲဒီကုန်ကျငွေ ကို လစဉ်ပုံမှန်လှူဒါန်းပေးနိုင်မယ့် အလှူရှင်တွေ ဒါမှမဟုတ် ပညာရေးနဲ့ပတ်သက်ပြီး ထောက်ပံ့ပေးနိုင်မယ့် အဖွဲ့အစည်းတွေ လိုအပ်နေပါတယ်။ မြန်မာတာဝန်ရှိသူများအနေနဲ့ ကျွန်တော်တို့ကျောင်းလေးရေရှည် တည်တံ့ရေးနဲ့ ဒီမှာရှိနေတဲ့ နိုင်ငံတော်ရဲ့ အနာဂတ်ကလေးတွေရဲ့ ပညာရေးကိုရှေးရှုပြီး
သင့်တင့်လျောက်ပတ်တဲ့ထောက်ပံ့မှုတွေ ပေးစေချင်ပါတယ်”ဟု ပြောသည်။


မြန်မာ့ဂုဏ်ဆောင် အခြေခံပညာမူလတန်းကျောင်း၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ ထိုင်းနိုင်ငံမဟာချိုင်မြို့ ရှိ မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးကလေးငယ်များအား အဆိုပါမြန်မာ့ဂုဏ်ဆောင် အခြေ ခံပညာမူလတန်းကျောင်း၌ ကျောင်းဆရာ၊ ဆရာမ လေးဦးဖြင့်စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နယ် ဖလန်ဆောင်၊ဘန်ဘော၊ မူဘန့်ဒီကေ၊ ဆွယ်ဖယာမွန်ထ၊ ယဲ့ ၁၇ ရှိ မြန်မာ့ဂုဏ်ဆောင် အခြေခံပညာမူလတန်းကျောင်းအား ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်အမီ ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ကူညီထောက်ပံ့မည့်သူများ လိုအပ်လျက်ရှိနေသောကြောင့် တစ်ဦး တစ်ယောက်မှသော်လည်းကောင်း၊အဖွဲ့အစည်းများအနေဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံမှ ဆက်သွယ် လှူဒါန်းလိုသူများအနေဖြင့် ဆက်သွယ်ရန် ထိုင်းနိုင်ငံဖုန်းနံပါတ်ဖြစ်သော မြန်မာ့ဂုဏ်ဆောင်အခြေခံပညာ မူလတန်းကျောင်းတည်ထောင်သူ ထိုင်းနိုင်ငံမဟာချိုင်မြို့ရှိ ကျောင်းဆရာကိုစောမောင်၏ ဖုန်းနံပါတ်
ဝ၈ ၃၇၃၅ ၂၀၈၇ အား ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့်အီးမေးလ်လိပ်စာဖြစ်သော kosawmaungt @gmail.com သို့ ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ကြောင်း ထိုင်းသတင်းအရင်းအမြစ်များမှ စုံစမ်းသိရှိရသည်။

(စိုးဝင်း- MLA)

၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ တနင်္လာနေ့၊ (၂ -၅-၂၀၁၆)ထုတ် ကြေးမုံသတင်းစာ


Subscribe Us