Sunday, April 24, 2016

ကလေးအလုပ်သမားတစ်သန်းခွဲကျော်ရှိသည့်တိုင်းပြည် ရယ်မှာလား၊ ငိုမှာလား

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဦးရေ အမှန်ပေါ်ထွက်လာခဲ့ပြီ။ ယခင်ကတော့ ကလေးအလုပ်သမားဦးရေကို ခန့်မှန်း၍သာ ပြောခဲ့ကြရသည်။ လေးငါးခြောက်သိန်းတစ်သန်းစသည်ဖြင့်ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ ကြသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ပြည်ထောင်စု အလုပ် အ ကိုင်နှင့်လုပ်ငန်းသန်းခေါင်စာရင်း အစီရင်ခံစာ(အတွဲ ၂-ခ)ကိုမတ် ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကြေညာချက်အရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား(သန်းခေါင်စာရင်း အစီရင်ခံစာတွင် အလုပ် လုပ်နေရသော ကလေးငယ်ဟုသုံးသည်။) စုစုပေါင်းတစ်သန်းငါးသိန်းလေးသောင်းကျော်ရှိကြောင်း သိရ သည်။ နည်းနည်းနောနော မဟုတ်ချေ။ ထိုမျှများပြားနေမှန်း ယခုမှသိရ၍အံ့ဩမိ၏။




မြန်မာနိုင်ငံအစိုးရအဆက်ဆက်တို့သည် ကလေးအလုပ်သမားအရေအတွက်ကို မဆိုထားနှင့် ကလေး အလုပ်သမားရှိနေပါသည်ကို တစ်ခါမျှဝန်ခံပြောကြားခြင်းမရှိခဲ့။ ယခုတော့ ၂၀၁၄ သန်းခေါင်စာရင်းအရ
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပေပြီ။ ယင်းသည်တိုင်းပြည်အတွက် ကောင်းသော
လက္ခဏာဖြစ်သည်။ အရှိကို အရှိအတိုင်း တိုင်းပြည်ကိုချပြသွားနိုင်ခဲ့ခြင်းသည် ပွင့်လင်းမြင်သာသော သဘောကိုဆောင်၏။ ပွင့်လင်းမြင်သာရှိမှသာ မိမိတို့တိုင်းပြည်၏ အနေအထားကို သုံးသပ်နိုင်မည်။

ရှေ့ဘာဆက်လုပ်ရမည်ကို ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါမည်။ သန်းခေါင်စာရင်းကောက် ရာတွင် လုပ်သားအင်အားစာရင်းကို နိုင်ငံတကာစံနှုန်းအရ အသက် (၁၅)နှစ်မှ စတင်ကောက်ယူသည်။

မြန်မာနိုင်ငံမှာတော့အလုပ်စတင်လုပ်နိုင်သည့် အသက်အရွယ်ကို တရားဝင်၁၈ နှစ်ဟု သတ်မှတ် သည်။ ယခု ကလေးအလုပ်သမားစာရင်းပြုစုရာတွင် အသက် ၁၀ နှစ်မှ ၁၇ နှစ်အတွင်း ကျောင်းနေရမည့် အရွယ် တွင် ကျောင်းမနေရဘဲ အလုပ်လုပ်ကိုင်နေကြရသည့် ကလေးများကို စာရင်းကောက်ယူ ထားခြင်းဖြစ် သည် ဟု ယင်းဦးစီးဌာနက ထုတ်ပြန်ပြောကြားထားသည်။


မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား တစ်သန်းငါးသိန်းလေးသောင်းကျော်ရှိရာတွင် ယောကျာ်းလေး
ဦးရေ ရှစ်သိန်းလေးသောင်းကျော်ရှိပြီး မိန်းကလေးဦးရေခုနစ်သိန်းကျော်ရှိနေသည်။ ယင်းအရေအတွက်တွင်အများစုသော ယောကျာ်းလေး၊ မိန်းကလေးတို့သည်လုပ်ခလစာဖြင့် လုပ်ကိုင်နေကြရပြီး ကျန်သည့်ငါးရာခိုင်နှုန်းလောက်သာ လုပ်ခလစာမရဘဲ မိသားစုအလုပ်တွင်ဝိုင်းကူလုပ်ပေးနေရသူများဖြစ်သည်။

လုပ်ကိုင်နေရသည့် အလုပ်ကဏ္ဍအလိုက် လေ့လာကြည့်မည်ဆိုပါကလယ်ယာကဏ္ဍတွင် ကလေးအလုပ် သမားပေါင်းရှစ်သိန်းကျော် ဝင်ရောက်လုပ်ကိုင်နေကြသည်။ အသေးစားအလတ်စား ကုန်ထုတ်လုပ်ငန်း များတွင် တစ်သိန်းသုံး သောင်းခြောက်ထောင်ကျော်၊ အရောင်းအဝယ်ကဏ္ဍတွင် ရှစ်သောင်းကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ခုနစ်သောင်း လေးထောင်ကျော်၊ အခြားဝန်ဆောင်မှုလုပ်ငန်း များကဏ္ဍ တွင် ခြောက်သောင်းကျော် လုပ်ကိုင်နေကြရကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။ ဤသည်ကိုကြည့်လျှင် ကျေးလက်တောရွာတွင် ကလေးအလုပ်သမားများ အများအပြားရှိနေသည်ဟု မြင်သာပါသည်။


ကလေးအလုပ်သမားပြဿနာသည် ဆင်းရဲနွမ်းပါးမှုပြဿနာနှင့် ဆက်စပ်နေသည်။ ယင်းကို အထွေအထူးရှင်းပြစရာမလိုဟုမြင်၏။ တိုင်းပြည်ဆင်းရဲမှတော့ ပြည်သူလူထုဆင်းရဲမည်ပင်။ ပြည်သူလူထုမိသားစုများ ဆင်းဆင်းရဲရဲ ကြောင့်ကြောင့်ကြကြဖြစ်နေကြလျှင် မိသားစုဝင်အားလုံး ကလေးလူကြီးမကျန် အလုပ်ထွက် လုပ်ရပေတော့မည်။ အလုပ်လုပ်မှ ထမင်းနပ်မှန်မည်။ နေ့စဉ်ဝင်ငွေရမှဘဝရပ်တည်ရှင်သန်နိုင်မည်။ စားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိရေးကို ဦးစားပေးရသောအခါ ထိုမိသားစုသည် ပညာရေးကို လည်း ဘေးချိတ်ထားရသည်။လူမှုရေး၊ ကျန်းမာရေးနှင့် သာရေးနာရေးများကိုလည်းဘေးဖယ်ထားလိုက် ရ၏။


တိုင်းပြည်အတွက် အင်မတန်မှနစ်နာရသည့် ကိစ္စကြီးဖြစ်သည်။ ကျောင်းနေရမည့်အရွယ် စာသင်ခန်းထဲ တွင် ရှိရမည့်ကလေးများ ကာယအလုပ်ကြမ်းလုပ်ငန်းခွင်ထဲတွင် ရောက်နေရသည့်အဖြစ်သည် ထိုတိုင်းပြည် အတွက် ရင်နာစရာလည်းကောင်း၏။ အနာဂတ်အတွက်လည်း ရင်လေးစရာကောင်း၏။ အရင်းစစ်လျှင်တိုင်းပြည်ဆင်းရဲခြင်းသည်သာ အပြစ်ပေါ်လာပါသည်။

သို့ဖြစ်ရာ တိုင်းပြည်ဆင်းရဲအောင်လုပ်သွားသည့် အစိုးရအဆက်ဆက်သည် တိုင်းပြည်၏အနာဂတ်ကို ဖျက်ဆီးသွားကြသူတရားခံများဟု သမိုင်းမှတ်တမ်းတင်ရမည်။ထို့ကြောင့် သမိုင်းတရားခံဖြစ်မည်စိုး၍ ကလေးအလုပ်သမားရှိပါလျက်နှင့် ဖုံးဖုံးဖိဖိလုပ်ထားကြခြင်းဖြစ်သည်။သို့သော် အပုပ်တို့မည်သည် အချိန် တန် လျှင်ပေါ်ကိုပေါ်ပါသည်။

ယခုတော့ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားအမှန်တကယ်ရှိသည်။ ဦးရေအားဖြင့် တစ်သန်းငါးသိန်းလေးသောင်းကျော်ရှိနေပြီဟူသည်ကို သိရပြီဖြစ်သဖြင့် ယင်းကိစ္စကို ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းရ ပါတော့ မည်။ ဖြေရှင်းသည်ဆိုရာတွင် ကလေးစစ်သားလျှော့ချရေး၊ ကင်းစင်ရေးကဲ့သို့ပြုလုပ်၍ ရမည်မဟုတ်ပေ။ ကလေးအလုပ်သမားမရှိစေရေး လုပ်ငန်းခွင်ထဲရှိကလေးများကို စစ်ဆေးရွေးထုတ်၍ရမည်မဟုတ်။ ထိုသို့ လုပ်လျှင် ၎င်းကလေးတို့၏ မိသားစုများ စားဝတ်နေရေးကျပ်တည်းသွားမည်၊ ဒုက္ခရောက်မည်။ ကလေး အလုပ်သမားပြဿနာဟူသည်မှာနိုင်ငံတကာကလည်း လက်ခံထားသည်။

ဆင်းရဲနွမ်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံအသီးသီးတွင်လည်း ကလေးအလုပ် သမား ပြဿနာများရှိကြသည်။ ယင်းနိုင်ငံ များ၏ ကောင်းနိုးရာရာသော ကလေးအလုပ်သမားဥပဒေတစ်ရပ်ရေးဆွဲပြဋ္ဌာန်းရပါမည်။ ယင်းဥပဒေထဲတွင် ကလေးအလုပ်သမားများအား လူကြီးအလုပ်သမားများကဲ့သို့ အလုပ်သမားအခွင့်အရေးများ အပြည့်အဝခံစား ခွင့်ပေးရေးပါဝင်ရမည်။ ကလေးအလုပ်သမားမို့လို့ အနည်းဆုံးအခကြေးငွေကျပ် ၃၆၀ဝ ၏ တစ်ဝက်ခံစား ခွင့်မရှိစေရ။ လုပ်ခလစာနှိမ်ထားခြင်း၊ အခွင့်အရေးများနှိမ်ထားခြင်းမရှိစေရ။ ကလေးအလုပ်သမားအဖြစ် လက်ခံမည့်အလုပ်ဌာနသည် ဆရာဝန်ဆေးစစ်ချက်ပြသနိုင်သည့် သူကိုသာ လက်ခံရမည်။


ကလေးအလုပ်သမားအဖြစ် အလုပ်လုပ်နိုင်သည့် ကျန်းမာရေးဖြင့် ညီညွတ်ရမည်စသည်ဖြင့် ကလေးအလုပ် သမား အခွင့်အရေးကာကွယ်ပေးသည့်အချက်များ ရေးဆွဲပြဋ္ဌာန်းသင့်သည်။ ထို့ပြင် ဥပဒေတွင် ပညာရေးကို ပစ်ပယ်ထားခဲ့ရသည်။

ကလေးအလုပ်သမားများအတွက် ကျောင်းပြင်ပ ပညာရေးစနစ်ဖြင့် ပညာဆက်လက်ဆည်းပူးနိုင်ရေးကို ဖန်တီးပေးသင့်သည်။ အချို့သော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် ကလေးအလုပ်သမားများ အတွက် အားလပ်ချိန်တွင် ပညာသင်ကြားပေးခြင်း အစီအစဉ်များ ဆိုင်ပိုင်ရှင်တို့ လုပ်ကိုင်ပေးကြခြင်းကို တစ်ချက်တစ်ချက်ကြားမိသည်။ ယင်းသည် လုပ်ငန်းရှင်အချို့အတွက် ပညာဒါနမြောက် သည့် ကောင်းမွန်သောစေတနာဖြစ်သည်။ ယင်းကိုထပ်မံ၍ တိုးချဲ့ဆောက်ရွက်နိုင်ရေး ဥပဒေဖြင့် တွန်းအားပေးသင့် သည်။ သက်ဆိုင်ရာအာဏာပိုင်များကလည်းငွေအား၊ နည်းပညာအားဖြင့် ပံ့ပိုးပေးသင့်သည်။ ကလေးအလုပ်သမား များ လုပ်ငန်းခွင်ပညာသင်ကြားရေးသည်အခြေခံပညာအဆင့်တန်းကုန်သည့်အပြင် တက္ကသိုလ်၊ကောလိပ် အဆင့်အထိပါ ဆက်လက်မြေတောင်မြှောက်ပေးသင့်ပါသေးသည်။ ကလေးအလုပ်သမားဟူသည်ရပ်ေ န သည့် ကိစ္စမဟုတ်။

တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာမည်ဖြစ်၍ အချိန်တန်လျှင်လူကြီးအလုပ်သမားစာရင်းထဲဝင်လာပါမည်။ ထိုအခါ အတန်းပညာလည်းတတ်သည်။ လုပ်ငန်းခွင်တွင်လေ့ကျင့်သင်ကြားပေးခြင်းကြောင့် လုပ်ငန်းကျွမ်း ကျင် သူလည်းဖြစ်လာမည်ဆိုလျှင် အသုံးတည့်သော လူ့စွမ်းအားအရင်းအမြစ်တစ်ခုရလာပေမည်။

ထိုကြောင့် ကလေးအလုပ်သမားအခွင့်အရေးထဲတွင် ကျောင်းပြင်ပ ပညာရေးကိုလည်း မဖြစ်မနေစီစဉ်ပေးရမည်။ လုပ်ငန်းကျွမ်းကျင်သူဖြစ်အောင်လည်းလေ့ကျင့်သင်တန်းများ ပေးရပါမည်ဟု မြင်မိသည်။ယင်းသို့  ကလေးအလုပ်သမား အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီးပါက တစ်ဆင့် တက် လုပ်ဆောင်စေချင်သည်မှာ ကလေးအလုပ်သမားများအား ကောင်းမွန်သော အလုပ်ပတ်ဝန်းကျင်တွင် ရောက် ရှိနေစေရေးပင်။ ကလေးအလုပ်သမားများအတွက် ကောင်းမွန်သော အလုပ်ပတ်ဝန်းကျင် ဟူသည် မှာလူကုန်ကူးမှု ကင်းဝေးသော၊ လိင်စော်ကားခံရမှုမရှိသော၊ကလေး၏ဂုဏ်သိက္ခာနှိမ့်ချခံရခြင်းမရှိသော၊ ကြီးနိုင်ငယ်ညှဉ်းဆက်ဆံရေးမရှိသော လုပ်ငန်းခွင်မျိုးကိုဆိုလိုသည်။ ယင်းကိစ္စများအတွက် အလုပ်သမား သမဂ္ဂများနှင့်ချိတ်ဆက်ဆောင်ရွက်သင့်သည်ဟု ယူဆသည်။

လုပ်ငန်းခွင်အသီးသီးတွင် အလုပ်သမားသမဂ္ဂများလည်းအားကောင်းဖို့လိုသည်။ အလုပ်သမားသမဂ္ဂများအားကောင်းပြီး ဥပဒေကလည်းထိရောက်မှုရှိမည်ဆိုလျှင် ကလေးအလုပ်သမားအခွင့်အရေးများကို အပြည့်အဝ ဖော်ဆောင်နိုင်မည်ဖြစ်သည်။ အဓိကမှာ လက်ရှိအလုပ်သမားရေးရာ သက်ဆိုင်သူအာဏာပိုင် များ သည်ကလေးများကို သနားမိဖို့ပင်ဖြစ်သည်။

ယခင်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသည် ကလေးအလုပ်သမားအရေအတွက်ကို ထုတ်ဖော်ပေးသွားခဲ့ပြီ။ ယခုအစိုးရအဖွဲ့က ကလေးအလုပ်သမားအရေးကို ကိုင်တွယ်ဆောင်ရွက်ရပါတော့မည်။ ဒီမိုကရေစီနည်းကျ ဆောင်ရွက်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိသည်။ ယခုတော့ပြည်တွင်းရှိ ကလေး အလုပ်သမားများသည် ကျွဲလို နွားလို ရုန်းကန်ရင်း မိသားစုဝမ်းရေးကိုကျောင်းပေးနေရပြီး လူစင်စစ်က လူစဉ်မမီသောဘဝများဖြင့် အသက်ရှင်ရပ်တည်နေရပါကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။ ။

၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ၂၀၁၆ ခုနှစ်၊ ဧပြီ ၂၄ ရက်၊ တနင်္ဂနွေနေ့ထုတ် ကြေးမုံသတင်းစာမှ ကူးယူဖော်ပြသည်

Subscribe Us