Thursday, August 06, 2015

ပရဟိတကုသိုလ်‬


လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်းတည်းဟူသော အကြောင်းတရားအားလုံးသည် အလှူဒါနပြုလုပ်ခြင်း ပင်ဖြစ်ပါသည်။ မြင့်မြတ်သော သူတော်စင်ရဟန်းသံဃာများအား ပြုလုပ်သောဒါနသည် လှူဒါန်းခြင်းဖြစ်ပါ သည်။ လူပုဂ္ဂိုလ်အချင်းချင်း(ဝါ)မိမိနှင့်တန်းတူ လူပုဂ္ဂိုလ်များအား ပေးကမ်းခြင်းသည်လည်းဒါနဖြစ်ပါသည်။ 
မိမိထက်နိမ့်သောသူများအား ပေးကမ်းခြင်းသည်လည်း ဒါနဖြစ်ပါသည်။

ဤသို့ ဒါနအမျိုးမျိုးရှိရာတွင် မိမိက ပြုလုပ်လိုသော ဒါနထက် အများကအလိုရှိသော အချိန်၌ပြုလုပ်သော ဒါနသည်မွန်မြတ်သော အလှူပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အများကအလိုရှိနေချိန်တွင် ပေးကမ်း လှူဒါန်းရခြင်းသည် အမြတ်ဆုံးအလှူ အမြတ်ဆုံးကုသိုလ်ပင် ဖြစ်ပါသည်။ ရေဘေးသင့်ပြည်သူ များအား
 ပေးကမ်း လှူဒါန်းနေကြခြင်းသည် အမွန်မြတ်ဆုံးအလှူပင်ဖြစ်ပါသည်။ ဤအလှူသည် အများကအလို ရှိနေချိန်တွင်လှူဒါန်းပေးကမ်းရသော အလှူဒါနပင်ဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံတစ်ဝန်း မြစ်ရေကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ထောင်ပေါင်းများ စွာသောပြည်သူများ ရေဘေးဒုက္ခခံစားနေကြရပါသည်။ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ရှိနေကြပါသည်။ ယင်းတို့အား နိုင်ငံတော်အပိုင်းကအစားအစာ၊ ဆေးဝါး၊ အဝတ်အထည် အစရှိသဖြင့် ထောက်ပံ့လှူဒါန်း မှုများ ပြုလုပ်နေသလို ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက ပေးကမ်းလှူဒါန်းမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။

ဤသို့လှူဒါန်းမှုများပြုလုပ်ရာတွင် လူအား၊ ငွေအား၊ပစ္စည်းအားဖြင့် ဝိုင်းဝန်းကူညီ လှူဒါန်းနေကြခြင်းဖြစ် ပါသည်။ရေဘေးကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေကြသော တပ်မတော် သားများ၊ ပြည်သူ့ ရဲတပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီများ၊ စေတနာ့ဝန်ထမ်းများသည်လည်း အလှူဒါနပြုလုပ်နေခြင်းဖြစ်ပါသည်။ ပုညကြိယာ ဝတ္ထု (၁၀)ပါးတွင် သူတစ်ပါး၏ အလှူကိစ္စတွင် ပါဝင်ကူညီလုပ်ဆောင်ခြင်းကို ဝေယျာဝစ္စ အလှူဟုခေါ် ဆိုပါသည်။

ယနေ့ နိုင်ငံနှင့်အဝန်းဖြစ်ပေါ်နေသော ရေဘေးကယ်ဆယ်ရေးစခန်းများအတွက် မြို့အသီးသီး၊ရပ်ကွက် အသီးသီး တို့တွင် အလှူငွေများ လှည့်လည်အလှူခံပေးနေခြင်း၊ ရေဘေးသင့် ပြည်သူများအား နေ့ညမပြတ် ချက်ပြုတ်ကျွေးမွေးပြုစုခြင်း၊ စောင့်ရှောက်ပေးခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်
ခြင်းတို့သည် ဝေယျာဝစ္စအလှူကို ပြုလုပ်နေကြခြင်းပင်ဖြစ်ပါသည်။ 

တစ်နည်းအားဖြင့် မွန်မြတ်သော ပရဟိတကုသိုလ်အလုပ်ကို လုပ်ကိုင်ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ ဤပရဟိတကုသိုလ်ပြုလုပ်ခြင်းဖြင့် ရရှိသောကုသိုလ်သည် ဒါနပြုခြင်းကြောင့်ရရှိသောကုသိုလ်နှင့် အတူ တူပင် ဖြစ်ပါသည်။

သို့ပါ၍ မွန်မြတ်သောအလှူဖြစ်သည့် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ငွေအား၊ ပစ္စည်းအားသာမက မိမိတို့တတ်စွမ်းသမျှ ကိုယ်ကာယလုပ်အားကို စိုက်ထုတ်၍ ပရဟိတကုသိုလ်များလည်း ရရှိနိုင်ကြမည်ဖြစ် ပါကြောင်း။ ။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၆ ရက်၊ ၂၀၁၅ ခုနှစ်၊ ဩဂုတ်၆ ရက်၊ ကြာသပတေးနေ့ထုတ်

 မြန်မာ့အလင်းသတင်းစာမှ ထပ်ဆင့်ဖော်ပြသည်..........
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Subscribe Us