လူသားမှန်သမျှ မွေးဖွားပြီးစကာလဝယ် အမိနို့ ရည်၊ တိရစ္ဆာန်နို့ရည်၊ လူလုပ်နို့မှုန့်ပစ္စည်း စသည်တို့ ကိုမှီဝဲပြီး အသက်ဆက်လက်ရှင်သန်ရသည်။ ချို ချဉ် စပ် ဖန် ခါး အငန် ခြောက်တန်အရသာဟူ၍ အရသာ ခြောက်မျိုးရှိသည့်အနက် ငယ်စဉ်တောင်ကျေး ကလေး ဘဝတွင် အချိုအရသာနှင့် စတင်ထိတွေ့ရသည်။ တဖြည်းဖြည်းကြီးပြင်းလာသည်နှင့်အမျှ မိဘဆွေမျိုး များ ကျွေးမွေးသော အရသာများကို စားသုံးဖြစ်ကြ သည်။ ပထမဦးဆုံးစားသုံးရသော အချိုအရသာကို မကြိုက်သူဟူ၍ မရှိသလောက်ရှားပါးကြသည်။ အရွယ် ရလာသည်နှင့်အမျှ အချဉ်ကြိုက်သူ၊ အစပ်ကြိုက်သူ၊ အဖန်ကြိုက်သူ၊အငန်ကြိုက်သူများ အထိုက်အလျောက် ရှိလာတတ်သော်လည်း အခါးကြိုက်သူ နည်းပါးနေ သည်ကို လေ့လာတွေ့ရှိရသည်။
ဤသို့ဖြစ်ရခြင်းမှာ မိဘဆွေမျိုးများ ကိုယ်တိုင်က အခါးအရသာအစားနည်းပါးခြင်းကြောင့်လည်းကောင်း၊ ကလေးစားလိုသည့်တိုင်အောင် 'ခါးတယ်၊ မစားနဲ့'ဟု တားမြစ်တတ်ခြင်းကြောင့်လည်းကောင်း အခါးကြိုက် သူ နည်းပါးနေရခြင်းဖြစ်နိုင်ပါသည်။
လူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရဆိုလျှင် အရသာ ခြောက်မျိုးစလုံး သင့်တင့်လျောက်ပတ်အောင် စားသုံး ပေးရန်လိုအပ်မည်ဖြစ်ပါသည်။
ဒေသနာနယ တိုင်းရင်း ဆေးပညာအလိုအရ-
- အချို(အဆိမ့်)ဓာတ်သည် ခွန်အားဗလကို ဖြစ် စေနိုင်သည်။
- အဖန်နှင့် အငန်(အအေး)ဓာတ်သည် စိမ့် ဝင်ပြန့်နှံ့ရေးတွင် အထောက်အကူပြုနိုင်သည်။
- အချဉ်နှင့် အစပ်(အပူ)ဓာတ်သည် ကြီးထွား ရင့်ကျက်ခြင်းကို ဖြစ်စေနိုင်သည်။
- အခါးဓာတ်သည် လှုပ်ရှားထောက်ကန်မှုကို ဖြစ်စေနိုင်သည်။
နရသုခိဆေးကျမ်းတွင်မူ-
- ဗာဟုဗလ စသည်မပျက်၊ ကြမ်းခက်မာ ကြော၊ တင့်မောကျက်သရေ၊ ဖြစ်စေသမှု မြေ ဓာတ်ပြု၏။(ပထဝီဓာတ်-ဆိမ့်ချိုအရသာ)
- ပေါင်းစုဗန္ဓနာ၊ ဆင်းဝါရုပ်ရည်၊ တည်ကြည် စေမှု၊ ရေဓာတ်ပြု၏။ (အာပေါဓာတ်- ချို အေး၊ ငန်အေး အရသာ)
- ပူသန်ကြီးမြင့်၊ ရင့်ခြင်းကစ၊ အာဟာရကို၊ ကြေမွစေမှု၊ မီးဓာတ်ပြု၏။(တေဇောဓာတ်- ပူစပ် ချဉ်ဖျဉ်း အရသာ)
- သုခကာရီ ဉာဏ်သညီနှင့် ဝစီစကား လှုပ် ရှားစေမှု လေဓာတ်ပြု၏။ (ဝါယောဓာတ်- အခါး အရသာ)
နရသုခိ ဆေးကျမ်းအလိုအရ အခါးအရသာကို ကြီးစိုးသော ဝါယောဓာတ်သည် လူ၏ ဉာဏ်ရည်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စကားပြောရာတွင် ပီသ ကြည်မြစေခြင်း၊ သွားလာလှုပ်ရှားရာတွင် ပေါ့ပါးသွက် လက်စေခြင်း၊ လူ့ခန္ဓာကိုယ်ကို အေးမြလန်းဆန်းစေ ခြင်းဟူသောကောင်းကျိုးများ ပေးစွမ်းနိုင်မည် ဖြစ်ပါ သည်။
ဉာဏ်ကို များများသုံးနေရသော ဉာဏလုပ်သား များ၊ အငြိမ်မနေရဘဲ သွားလာလှုပ်ရှားလုပ်ကိုင်နေရ သော ကာယလုပ်သားများ၊ စကားများများ ဟောပြော ရသော ကျောင်းဆရာ၊ သင်တန်းဆရာ၊ ဗေဒင်ဆရာ များအနေဖြင့် ခန္ဓာကိုယ်တွင်းရှိ ဝါယောဓာတ်ကို အမြောက်အမြား အသုံးပြုနေရပေလိမ့်မည်။ အခါး အရသာရှိသော အစားအသောက်များကို မကြာ ခဏစားသုံးမှီဝဲရန် လိုအပ်မည်ဖြစ်သည်။ အဝင်နှင့် အသုံး မမျှမတဖြစ်လာသောအခါ မှတ်Óာဏ်လျော့နည်း သွားခြင်း၊ တစ်ဆက်တည်း စကားကြာကြာမပြောနိုင် တော့ခြင်း၊ လှုပ်ရှားသွားလာရာတွင် လေးလံထိုင်းမှိုင်း လာခြင်းတို့ဖြစ်လာနိုင်ပါသည်။ ရောဂါကြီးလျှင် အိပ်ရာ ထဲ လဲလျောင်းနေရသော လေပြတ် (လေအားပြတ် ခြင်း) လူနာဘဝသို့ရောက်သွားပါလိမ့်မည်။
အခါးဓာတ် စားသုံးမှီဝဲမှု အားနည်းလျှင် အခြား အခြားသောရောဂါများဖြစ်ပွားနိုင်ခြေလည်း ပိုမိုများပြား လာတတ်သည်။ သို့အတွက်ပင် ရောဂါအများစု အတွက်သက်သာပျောက်ကင်းစေနိုင်သော ဆေးဝါးများ အားလုံးလိုလို အခါးအရသာကြီးစိုးနေသည်ကို တွေ့ရှိရ သည်။ အခါးဓာတ် ဆေးဖက်ဝင်နေခြင်းမှာ လူ့ခန္ဓာ ကိုယ်တွင် အခါးဓာတ် အလိုပြနေ၍ဖြစ်ပါသည်။
အခါးဓာတ် ဖြည့်ပေးနိုင်စွမ်းရှိသော အစား အစာ အသီးအရွက်များမှာ- မဲဇလီ၊ ခွေးတောက်၊ ရှားစောင်းလက်ပတ်၊ကြက်ဟင်းခါး၊ဂန့်ဂလာ၊ကနဖော့၊ ငါးရံ့ပတူ၊ ကတက်၊ ဧကရာဇ်၊ မလွှပွင့်၊ သခွတ်ပွင့်၊ ဖန်ခါးသီး၊ ခရမ်းကစော့သီး၊ လက်ဖက်၊ တမာ၊ ကြောင် လျှာ၊ ရဲယို စသည်တို့ ဖြစ်ပါသည်။ ခါးသက်သက်ရှိ သောအသီးအနှံ၊ အသီးအရွက်များတွင်လည်း ဝါယော ဓာတ် အထိုက်အလျောက်ကြွယ်ဝစွာပါဝင်သဖြင့် ဆေး ဖက်ဝင်ဓာတ်စာများပင် ဖြစ်ပါသည်။
အခါးမှန်သမျှကို လေစာဟုပြောဆိုလေ့ရှိကြသည်။ ဝါယောဓာတ်ကိုလည်း လေဓာတ်ဟု မြန်မာမှုပြုထား ကြသည်။ လေ၏သဘောသဘာဝကို ထုထည်အကြီး အသေး၊ သိပ်သည်းဆ အများအနည်းတို့ဖြင့် နားလည် ထားရန် လိုအပ်ပါသည်။ လေသည် အပူဓာတ်နှင့်ပေါင်း စပ်သည့်အခါတွင် ပွလာသဖြင့် ထုထည်ကြီးမားလာ တတ်လိမ့်မည်။ ပေါ့လာသဖြင့် အပေါ်သို့ ဆန်တက် ခြင်း၊ ဘေးဘယ်ညာသို့ ကန်ထွက်ခြင်းတို့ ဖြစ်လာနိုင် သည်။ လေသည် အအေးဓာတ်နှင့် ပေါင်းစပ်သော အခါ ကျစ်လျစ်သိပ်သည်းသွားသဖြင့် ထုထည်ကြုံ့သွား တတ်လိမ့်မည်။ လေးလံလာသဖြင့် အောက်သို့စုန်ဆင်း သက်လျှောခြင်း ဖြစ်တတ်ပါသည်။ လူ့ခန္ဓာကိုယ်တွင် လေ၏ အခြင်းအရာများကို ခြောက်မျိုးတွေ့ရှိရသည်။
အထက်ဆန်လေ၊ အောက်စုန်လေ၊ ရင်ခေါင်းတွင်း အောင်းလေ၊ အစာအိမ်နှင့် အူမကြီးတွင်းအောင်းလေ၊ အင်္ဂါကြီးငယ်တို့ကို အကွေးအဆန့်ဖြစ်စေသောလေ၊ ထွက်သက်ဝင်သက်လေတို့ ဖြစ်ကြသည်။ ထိုလေ ခြောက်မျိုးကိုပင် အနုစိတ်ထပ်ခွဲပါက လေမျိုး(၈ဝ) ရှိသည်ဟု ဗိန္ဓောဆေးကျမ်းများတွင် ပြဆိုထားကြ သည်။
လေအထက်ဆန်ခြင်းနှင့်ပတ်သက်၍ ဆံပင်ကျွတ် ခြင်း၊ ခေါင်းမူးဝေခြင်း၊ ဇက်ကြောတက်ခြင်း၊ မျက်စိ အခိုးဝေခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ကြို့ထိုးခြင်း၊ သန်းဝေခြင်း၊ နားလေထွက်ခြင်း၊ လေချဉ်တက်ခြင်း စသည်ဖြင့် လေဆန်ခြင်းလက္ခဏာသည်ပင် အမျိုး ပေါင်း (၃ဝ)ခန့် ပြဆိုထားသည်ကို တွေ့ရသည်။
အထက်ပါ လက္ခဏာများသည် ဝါယောဓာတ် အားနည်းခြင်း လက္ခဏာဖြစ်သည်။ ထုထည်ပွလာခြင်း ကို ဝါယောဓာတ်အားကောင်းသည်ဟု မဆိုရပါ။ ကျစ်လျစ်သိပ်သည်းမှုရှိခြင်းကိုသာ ဝါယောဓာတ် အား ကောင်းသည်ဟု ဆိုရပါသည်။
အခါးဓာတ်အားကောင်းသော ကြောင်လျှာ၊ တမာ၊ ရဲယို အသီးအရွက်များတွင် အပူဓာတ်ပါ အားကောင်း သဖြင့် အစားမတော်ပါက လေထိုးလေအောင့်ဖြစ်ခြင်း၊ အကြောတက်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင် သည်။ အပူဓာတ်နည်းပါးသော ကြက်ဟင်းခါးသီးကို ပင် ဆီများများနှင့်ကြော်စားခြင်း၊ငရုတ်သီးအပူအစပ်နှင့် တွဲစားခြင်း၊ လက်ဖက်ချဉ်စပ်နှင့်အကြော်စုံစားခြင်း ပြု လုပ်ပါက အထက်ဆန်လေလွန်ကဲပြီး နေထိုင်မကောင်း ဖြစ်လာတတ်သည့်အတွက်'လေစာတွေမစားနဲ့၊ လေ ထိုးလေအောင့်ဖြစ်လိမ့်မယ်'ဟု ပြောဆို တားမြစ် တတ်ကြသည်။ ထို့ကြောင့်လည်း အခါးအစားနည်း ခြင်း ဖြစ်ရပြန်ပါသည်။
ဆေးဖက်ဝင်သော
အခါးစားနည်း၊ အသုံးပြုနည်းများ
- ခွေးတောက်၊ မဲဇလီ၊ ပေါက်ပန်းဖြူတို့ကို ဟင်းရည်ချက်သောက်ပါ။
- ကြက်ဟင်းခါးသီးကို နှပ်စား၊ ချက်စား ပြုတ် တို့စားပါ။
- မုန်ညင်းစိမ်းကို မန်ကျည်းမှည့်ဖြင့် ချဉ်ရည် ဟင်းချက်သောက်ပါ။ ရေစပ်စပ်ကြော်စားပါ။
- ကနဖော့၊ ဂန့်ဂလာတို့ကို ပြုတ်တို့ပါ။ ပြုတ် ရည်ဖြင့် ရေပတ်တိုက်ခြင်း၊ ရေချိုးခြင်းပြုလုပ် ပါ။
- ငါးရံ့ပတူရွက်၊ ကတက်ရွက်၊ မလွှပွင့်၊ သခွတ် ပွင့်တို့ကို ပြုတ်ပြီးသုတ်စားပါ။
- ရှားစောင်းလက်ပတ်ကို မန်ကျည်းမှည့်နှစ်၊ ထန်းလျက်တို့ဖြင့် ချက်ဆေးချက်စားပါ။
- လက်ဖက်ကို ဆားနှင့်နယ်ပြီး အဖန်ကုန် အောင်ညှစ်ကာ ဆီအနည်းငယ် စိမ်ပြီး အကြော်လွတ်၊ ငရုတ်သီးလွတ်စားပါ။
- ရေနွေးကြမ်းကို လက်ဖက်ခြောက်ခါးခါး ခပ်ပြီး ဆားအနည်းငယ်ထည့်သောက်ပါ။
- ပဲစင်းငုံဟင်း ချက်စားပါ။
- ပဲဟင်းရည်တွင် ရှမ်းဆေးခါးမှုန့်ခပ်သောက်ပါ။
- ကော်ဖီမှုန့်ကို ထန်းလျက်ဖြင့် နို့ဆီလွတ်ခါးခါး ဖျော်သောက်ပါ။
- သနပ်ခါးရည်ကျဲ၊ ကရမက်ရည်ကျဲဖြင့် တစ် ကိုယ်လုံး လိမ်းပေးပါ။
- အပူကြီးကြီး ဖျားနာလျှင် သနပ်ခါးရည်ကျဲ တွင် ကြက်ဟင်းခါးသီး၊ ကြက်ဟင်းခါးရွက် သတ္တုရည်တစ်ဇွန်းခန့်စပ်ပြီး ခြေဖမိုးမှ အပေါ် သို့ တက်လိမ်းပါ။
- ဝမ်းချုပ်လျှင် အခါးများများနှင့် မန်ကျည်းမှည့် ချဉ်ရည်ဟင်း တွဲစားပါ။
အခါးဓာတ်သည် ရောဂါပိုးတချို့ကို သတ်နိုင်စွမ်းရှိ သကဲ့သို့ အဆီဓာတ်ကိုလည်း ခြေဖျက်နိုင်စွမ်းရှိပါ သည်။ ပွေး၊ ဝဲ၊ ယားနာများကို အခါးရွက်သတ္တုရည် 'တို့'လိမ်းပေးသင့်ပါသည်။ အဝလွန်သူများ အချို အဆိမ့်လျှော့စားပြီး အခါးပိုစားလျှင် အဆီကျ အသား ကျစ်လာပြီး သွက်သွက်လက်လက် သွားလာလှုပ်ရှား လာနိုင်မည် ဖြစ်ပါသည်။
အထက်ဖော်ပြပါများအတိုင်း အခါးအရသာနှင့်ပတ် သက်၍ ဆောင်ရန်ရှောင်ရန်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ပေးလျှင် မုချဆေးဖက်ဝင်ပြီး ကျန်းမာ ပကတိ၊ ချမ်းသာစွာရှိမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
ဆရာဦးကျော်မြင့်၏
ဆေးနှင့်ဘေး စာအုပ်မှ ကောက်နှုတ်ချက်
ပင်လုံစာပေ