Monday, May 11, 2015

၃ ရက်ကြာ အစာရေစာ ပြတ်နေသည့် မြန်မာ ၇၀ ကျော်ကို ထိုင်းကယ်တင်


ထိုင်းနိုင်ငံတောင်ပိုင်း ချုဖောင်းမြို့နယ်ထဲက တောထဲမှာ ၃ ရက်ကြာ အစာရေစာပြတ်လပ်နေတဲ့ တရား မဝင် မြန်မာနိုင်ငံသား ၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ကယ်တင်လိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ချူးဖောင်းမြို့နယ်ထဲက နိုင်ငွမ့်ရွာနားက တောထဲတနေရာမှာ အထောက်အထား မဲ့ မြန်မာနိုင်ငံ သား ၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။မေ ၈ ရက်နေ့က ၂၈ ယောက် ရှာဖွေတွေ့ရှိခဲ့ပြီး ၉ ရက်နေ့မှာတော့ နောက်ထပ် ၄၆ ယောက်ကို ထပ်တွေ့ခဲ့တယ်လို့ ရွာသားတဦး က ပြောပါတယ်။


“မနက်က အဲ့နားမှာ သူတို့ ၆ ယောက် ဆင်းလာပြီး ထမင်းဆာတယ်လို့ပြောတယ်။ စားစရာတွေ ရှာပြီး သူတို့တွေကို ပေးလိုက်တယ်။ ဘယ်နှယောက်လာလဲ မေးတော့ ဟိုအပေါ်မှာ နောက်ထပ် ၄၉ ယောက်
လောက်ရှိသေးတယ်လို့ ပြောပါတယ်။ထိုင်းပွဲစားက သူတို့တွေကို ရနောင်း ဘက်ကနေခေါ်လာပြီး လမ်းမှာ ၃ ရက် ၃ ကြာတယ်လို့ ပြောပါတယ်။


တောထဲရောက်တဲ့ အချိန်မှာ ပွဲစားက သူတို့ကို ၃ ရက်လောက် ပစ်ထားခဲ့ပြီး စားစရာတွေ မရှိတော့ဘဲ ငတ်
ပြတ်နေတာကြောင့် အနီးနားရွာကို ဆင်းပြီး တောင်းရမ်းခဲ့တာပါ။အဲဒီအချိန်မှာ ရွာသားတွေက သူတို့ကို ထမင်းကျွေးခဲ့ပေမယ့် ရွာသူကြီးက ထိုင်းအာဏာ ပိုင်တွေကို ဖုန်းဆက် တိုင်ကြားခဲ့ပြီးမှာအာဏာပိုင်တွေက အင်အား ၅၀ လောက်နဲ့ရောက်လာပြီး သူတို့တွေရှိတဲ့နေရာကို ရှာဖွဲ့ခဲ့တာဖြစ်ပါတယ်။

သူတို့တွေအားလုံး အစာရေစာပြတ်တာ ၃ ရက်ရှိသွားပြီလို့ ပြောပါတယ်။မောင်းပြန် သေနတ်ရှည်တွေ ကိုင်ဆောင်ထားတဲ့ ထိုင်းပွဲစား ၄ ယောက်နဲ့ သူတို့ကို ခေါ်လာ တာဖြစ်ပြီး ပွဲစားခ တယောက်ကို ဘတ်ငွေ ၇ ထောင် ပေးရတယ်လို့ မြန်မာနိုင်ငံ သားတွေ က ပြောပါတယ်။

သူတို့တွေအထဲက ၁၇ ယောက်ဟာ မလေးရှားကိုသွားမှာဖြစ်ပြီး ကျန်သူတွေက ထိုင်းနိုင်ငံတောင် ပိုင်း ဖသိုက်ကိုပို့ဖို့ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အသက် ၁၂ နှစ်ကနေ ၄၄ နှစ်ရွယ်ရှိသူတွေဖြစ်ပြီး မိန်းကလေး ၆ ယောက်ပါဝင်တယ်။

၈ ရက်နေ့က တွေ့ရတဲ့ ၂၈ ယောက်အသုတ်မှာတော့ မိန်းကလေး ၄ ဦးဟာ အဓမ္မပြုကျင့်ခံခဲ့ ရတယ်လို့ ထိုင်းအာပိုင်တွေက ပြောပါတယ်။ပွဲစားတဦးကတော့ အသက် ၃၂ အရွယ် အမျိုးသမီးနဲ့ သူ့ရဲ့ ၇လကလေး ကို ခေါ်ပြီးထွက်ပြေးသွားတယ်လို့ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက လူကုန်ကူးမှုမှာ ပါဝင်မယ့်သူကို သိရှိနိုင်ဖို့ မေးမြန်း မှုတွေပြု လုပ်နေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ စုံစမ်းဖော်ထုတ်နိုင်မယ်လို့ ပြောပါတယ်။ဒါ့အပြင် ထိုင်းနယ်စပ် ရနောင်းမြို့အနီးက တောထဲမှာလည်း လူကုန်ကူးသူတွေက ထိန်းသိမ်းထားတဲ့သူတွေ ရာနဲ့ချီပြီး ရှိနိုင်သေးတယ်လို့  ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

Subscribe Us