Monday, May 11, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၉)



အုန်းမှုတ်ခွက်နင်း၍ လက်ခံယုံကြည်ကြသူများ

၁၈။ လက်ခံယုံကြည်ပါတယ်
ကျုပ်ဆေခန်းကို ရောက်လာတဲ့ လူနာတွေကို လူနာတွေ ရောဂါအလိုက် ကြည့်ရှုစမ်းသပ်ပါတယ်။ အုန်းမှုတ် ခွက်နင်းသင့်တဲ့လူဆိုရင် အုန်းမှုတ်ခွက်ပါ နင်းဖို့ ကျကျနန တိုက်တွန်းလိုက်ပါတယ်။ အုန်းမှုတ်ခွက်နင်း လေ့ကျင့်ခန်းကို အခုလို အများသိအောင် ဖော်ထုတ်ရေးသားတာဟာ အင်မတန် အကျိုးများပါတယ်။ အားလုံးသော သတ္တဝါတွေ ကျန်းမာ ချမ်းသာ အသက်ရှည်ဆေး တစ်ခုပေါ့။

အုန်းမှုတ်ခွက် နင်းတဲ့ ကိစ္စ လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ပထဝီကြော ဖွင့်ပေးတာကိုး။ ငယ်ငယ်တုန်းက ကျုပ်တို့ ဆရာတော်ကြီးတွေကို ညတိုင်း နင်းခဲ့ နှိပ်ခဲ့ဘူးပါတယ်။နှိပ်တဲ့အခါ “ ခြေဖဝါးကို တံတောင်ဆစ်နဲ့ နာနာထောက်စမ်း- ထောက်စမ်းဟ ” လို့ ခိုင်းလေ့ရှိပါတယ်။ ဒါကြောင့်တံတောင်ဆစ်တွေ ပွန်းပဲ့နေအောင် ထောက်ခဲ့ နှိပ်ခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းကတော့ ခြေဖဝါးကို တံတောင်ဆစ်နဲ့အထောက် ခိုင်း တာဟာ သဘောမပေါက်ဘူးပေါ့ဗျာ။ အခုမှ သဘောပေါက်ပေတော့တယ်။

ပထဝီကြောကို ဖွင့်ပေးလိုက်တာနဲ့ တက်နေတဲ့ သွေးတွေ ကျလာနိုင်ကြောင်းကို ရန်ကုန် သိမ်ဖြူအကြော ဘက်ဆိုင်ရာ ဆေးကုဌာနက တာဝန်ခံ ဆရာထွန်းက ပြောဖူးတယ်ခင်ဗျ။ ဒါကြောင့် အုန်းမှုတ်ခွက်နင်း ရင် သွေးတိုးပျောက်နိုင်ကြောင်း လက်ခံယုံကြည်ပါတယ်။ သဘာဝလဲ ကျပါတယ်။

ဦးပဉ္ဇင်း ဦးမြဖူး
ဘိက္ခုပရမသုတ(မဟာဒု ၂)
နိုင်ငံတော်အစိုးရ(တ၊ ဆဂုဏ်)
သိမ်ဖြူဆေးပေးဌာန တာဝန်ခံ
ရွှေဘုံသာ ဗောဓိကျောင်း၊ ရေနံချောင်း



၁၉။ အင်္ဂလန်ကနည်းနဲ့ ဘာထူးလို့လဲ
ကျွန်တော်တို့ဟာ မန္တလေး အမျိုးသား ကျောင်းထွက်တွေပါ။ ဒါကြောင့် ဆရာကြီး ဦးရာဇတ်( ကွယ်လွန်သူ အာဇာနည် ခေါင်းဆောင်)ရဲ့ တပည့်ရင်းတွေ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ သွန်သင်လမ်းညွှန်မှုကြောင့် “ လက်ဝှေ့- ချစ်အုံး” ဆိုပြီး လူသိများစေခဲ့ပါတယ်။

ငယ်ငယ်တုန်းက လက်ဝှေ့နဲ့ ပတ်သက်ပြီး ကြမ်းကြမ်းတမ်းတမ်း လေ့ကျင့် ကစားစေခဲ့ပါတယ်။ အားကစား နည်း မျိုးစုံ လေ့ကျင့်ခဲ့ပါတယ်။(၁၉၄၄၊ ဂျပန်ခေတ် အာရှလူငယ်စည်းရုံးရေးလုပ်ငန်းကို ရွှေဘိုနယ် ကျေးရွာ အထိ ဆင်းပြီး မြောက်အောက် တော်လှန်ရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ရင်း) တစ်ဖက်က အားကစားစား နည်း ပြရပါသေးတယ်။အဲဒီတုန်းက ကျေးလက်လူငယ်တွေ အားကစားအမြင့်ခုန် နည်းပြရာမှာညာဘက်ခြေထောက်ဒဏ်ရာရခဲ့ပါတယ်။ တော်လှန်ရေး ကာလမို့ ဆေးမကုသနိုင်ပါဘူး။ ဒါပေမယ့် အနာက ပျောက်သ လိုလိုနဲ့ မြုံနေတာကိုး။ စစ်ပြီး ကာလကျမှ အင်္ဂလန်သွား ဆေးကုသခဲ့ရပါတယ်။

ကျွန်တော့် ခြေထောက်ကို အင်္ဂလန်က ဆရာဝန်တွေက ဘာဆေးမှ မလိမ်းပါ၊ ဘာဆေးမှလည်း ထိုးမပေး ပါ။ ကျွန်တော့်ခြေထောက်ရဲ့ ရောဂါဇာတ်မြစ်က အကြောနဲ့ ပတ်သက်နေတာကိုး။သူတို့ ဆေးကုပုံက ကျွန်တော်စီးတဲ့ ရှူးဖိနပ် ညာဘက် ခြေထောက်သားရေအလွှာတစ်လွှာရဲ့ အောက်ကို ဆီးဖြူသီးလောက် ရှိ တဲ့ အလုံးက ကလေးတစ်ခု ပေးလိုက်ပါတယ်။လမ်းလျှောက်တဲ့ အခါ ခိုးလိုးခုလုတစ်မျိုးကြီးပဲ၊ နှစ်လ
လောက် စီးမိတော့ ခြေထောက်အနာ တော်တော်သက်သက်သွားပါတယ်။ ဒါဟာ အကြောကို ပြင်နည်း
တစ်ခုပါပဲ။

ဒါနဲ့ ဗမာပြည်ရောက်ပြီး အင်္ဂလန်က လုပ်ပေးလိုက်တဲ့ ရှူးဖိနပ် မေ့မေ့လျော့လျော့ ထားပြီး မစီးဖြစ်တော့ပါ ဘူး။တစ်လောက ခြေထောက်ပြန်နာလာပါတယ်။ ခြေထောက်ကလမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့ နဲ့ ဖြစ် လာပြန်တယ်။မန္တလေးက ကိုကြီးကျော်( ဦးဘကျော်)က ကျွန်တော့်အဖြစ်မြင်တော့ အုန်းမှုတ်ခွက်နင်းခိုင်းပါတော့တယ်။ ဒါကြောင့် နင်းပါတယ်။ ခြေထောက်တွင် မကပါ။ အညောင်းအကိုက်ပါ ပျောက်ပါတယ်။

အင်္ဂလန်က ရှူးဖိနပ်အောက် အလုံးကလေးခုပြီး ဖိနပ်စီးခိုင်းသလိုပဲပေါ့။ အုန်းမှုတ်ခွက်နင်းတာဟာလဲ အင်္ဂလန်က နည်းနဲ့ဘာထူးလို့လဲ။ကျုပ်တို့ မြန်မာတွေရဲ့ အုန်းမှုတ်ခွက် နင်းနည်းက ပိုလို့တောင် ကောင်းပါသေးတယ်။ဒါကြောင့် အုန်းမှုတ်ခွက် နင်းကြည့်ပါ။ အကြောနဲ့ပတ်သက်တဲ့ ရောဂါတွေ မုချပျောက်ကင်းပါ တယ်။
ဦးချစ်အုံး(ခေါ်) ဦးတင်ထွန်း
တိုင်းအားကစားမှူး၊ မကွေးတိုင်း၊ မကွေးမြို့



၂၀။ ဒူးနာပျောက်တယ်၊ မျက်စိလည်း ကြည်တယ်။

ရပ်ဝေးရပ်နီးက ဧည့်သေည်တွေ အိမ်မှာ မပြတ်ပါဘူး။ ဓမ္မမိတ်တွေ တွေပေါ့။ ဒီမိတ်ဆွေတွေက တရားဓမ ္မအကြောင်း ဆွေးနွေးရတာမို့ မိုးလင်းကနေ မိုးချုပ်ထိအောင်ပါပဲ။ တစ်ခါတစ်ရံတော့လည်း မိုးစင်စင်လင်း ပါသေးတယ်။ ဒါကြောင့် အညောင်းမိပါတယ်။ ဇာတ်ကြောတွေတက်၊ သွားဖုံးတွေနာ၊ ဒူးတွေပါ နာလာပါ တယ်။
တစ်နေ့တော့ ကိုလေး (ကိုတင်ထွဋ်) ရန်ကုန်က အပြန် အုန်းမှုတ်ခွက်နှစ်လုံးကို လွယ်အိတ်ထဲ ထည့်လာပါ တယ်။ ခရီးရောက်မဆိုက် ဝမ်းသာအားရနဲ့ “ မ- ဇာက်ကြောတက်၊ ညောင်းတာ၊ ကိုက်တာတွေ ပျောက်ချင် ရင် ဒါနင်း ” ဆိုပြီး နင်းပုံနင်းနည်း ပြပါတယ်။ ဒါကြောင့် ကျွန်မ အုန်းမှုတ်ခွက်ပေါ်တက်ပြီး ဘယ်၊ညာ အကြိမ်တစ်ရာတိတိနင်းပါတယ်။

သုံးရက်လောက် နင်းတာလေးနဲ့ကို သွားနာတာတွေ ကြက်ပျောက်ငှက်ပျောက်ဆိုသလို ပျောက်သွားပါတော့ တယ်။ ဒူးနာလဲ သက်သာသွားပါတယ်။ ဒါတင် မကပါဘူး။ ကျွန်မ အိပ်ရာထဲ လှဲတဲ့အခါ မိုက်ခနဲ မူးတတ် ပါတယ်။ ခု အဲဒီ အမူးရောဂါလဲ မပေါ်လာတော့ပါဘူး။ဟိုတုန်းက ညစာကြည့်ရင် စာကြည့်မျက်မှန်နဲ့မှ မြင်ပါ တယ်။ အပ် နဖားပေါက်ထိုးဖို့ ကိစ္စဆိုတာကော့ မလွယ်တဲ့ ကိစ္စပဲ။ ခု အုန်းမှုတ်ခွက်နင်းပြီး နောက်ပိုင်းမှာ အပ်ပေါက်ကို မျက်မှန် မပါဘဲ ထိုးနိုင်အောင် မျက်စိကြည်လင်လာတယ်။

ဒေါ်တင်ဦး
တိုင်းအားကစားမှူး ၊ ဦးတင်ထွဋ်၏ ဇနီး
မကွေးတိုင်း၊ အားကစားမှူးရုံး
မကွေးမြို့



၂၁။ ဆီးချိုရောဂါရှင် ကိုယ်တွေ့

ကျွန်မအသက် ခြောက်ဆယ်ရှိပါပြီ။ ဆီးချိုရောဂါစွဲကပ်လာတာလည်း ရှစ်နှစ်လောက်ရှိပါပြီ။ ဆီးချိုရောဂါ
ပျောက်ဆေးတွေလည်း အမျိုးမျိုးစားခဲပါတယ်။ သက်သာရုံပါပဲ။ မပျောက်ပါဘူး။ တလောက ကျွန်မ ခင်ပွန်း မကွေးကို အလည်သွားပါတယ်။ အလည်သွားရင်းက အပြန်ကျတော့ မကွေးက မိတ်ဆွေအချို့ ဆီးချိုရောဂါရှိသူတွေအုန်းမှုတ်ခွက်နင်းကြောင်း ပြောပြပါတယ်။ 

နင်းကြလို့ ပျောက်ကင်းကြောင်းလဲ ပြောပြပါတယ်။ ကျွန်မလဲ သိပ်ဝမ်းသာသွားတာပေါ့။ဒါကြောင့် ကျမလဲ ည အိမ်ယာဝင်ခါနီးမှာ အုန်းမှုတ်ခွက်နင်းပါတယ်။ တစ်ကြိမ်နင်းရင် လေးဆယ့်ငါးမိနစ်ကြအောင် နင်းပါ တယ်။ ဟိုတုန်းက ကျွန်မ ချွေးမထွက်ခဲ့ပါဘူး။ အုန်းမှုတ်ခွက်နင်းလို့ သုံးလေးရက် အကြာမှာ ချွေးတွေ ထွက်လာပါတယ်။ နေလို့ထိုင်လို့လည်း အင်မတန် ကောင်းလာပါတယ်။ (ကန်တော့ပါရဲ့) ဟိုတုန်းက ဆီးသွားတဲ့အခါ ဆီးကို ပုရွက်ဆိတ်တက်ပါတယ်။ ခု မတက်တော့ပါဘူး။

ဒေါ်သိန်းတင်
အမှတ် ၄-က ရပ်ကွက်၊ မေယု ၆ လမ်း၊
မြောက်ဥက္ကလာပ။


၂၂။ နာတာရှည် ရောဂါကြီး ပျောက်ပါပြီ
လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းက ဦးဇင်းတိုက်ကျောင်းပေါ်က လိမ့်ကျတယ်။ လိမ့်ကျတာမှ ပြင်းပြင်းထန် ထန်ကို ကျတာ ဒါကြောင့် ဆေးရုံတက်ရတယ်။ ဆေးရုံက တတ်ကျွမ်းနားလည်ကြတဲ့ ဆရာဝန်ကြီးများက ဓာတ်မှန် ရိုက်ကြည့်ကြတယ်။ အရိုးကျိုးခြင်း၊ အက်ခြင်း မရှိဘူးတဲ့။ တစ်လလောက်အကြာမှာ ဆေးရုံက ဆင်းခွင့်ပြုပါတယ်။ ဒါပေမယ့် ခါးနာတာက လုံး၀ မပျောက်ဘူး။ ခါးဆစ်ရိုးထဲက သိပ်ကိုက်တာပဲ။ ဦးဇင်းရဲ့ ဒကာ ဒကာမတွေက ဆေးနည်းအမျိုးမျိုးနဲ့ လိမ်းပေးကြတယ်။ မရပါဘူး ။ သက်သာရုံပါပဲ။ ဒီလိုနဲပဲ ခါးနာရောဂါကြီးကြောင့် ခြောက်နှစ်ကြာ နာတာရှည် ရောဂါကြီး ခံစားနေရပါတယ်။

လွန်ခဲ့တဲ့ တန်ဆောင်းမုန်းလက ဒကာရေးတဲ့ “ အုန်းမှုတ်ခွက်နင်း ရောဂါကင်း” ဆောင်းပါးတွေ့ရလို့ ဖတ် ကြည့်တယ်။ သဘောကျမိတယ်။ ဒါကြောင့် ဦးဇင်းရောဂါ သက်သာလို သက်သာငြား နင်းကြည့်တာပေါ့။ ဟုတ်သဗျ။ နင်းတာကလည်း အုန်းမှုတ်ခွက်ပေါ် ခြေစုံတက်ပြီး ဘယ်ညာအကြိမ်ပေါင်း သုံးထောင်ပြည့်
အောင် နင်းတာနော်။ နေ့တိုင်း တစ်ရက်မှ မပျက် နင်းလာလိုက်တာ ခြောက်လ အကြာမှာ သိသိသာ သာ
 ပျောက်ကင်းသွားပါတော့တယ်။ မနေနိုင် ၊ မထိုင်နိုင် ခါးနာတဲ့ နာတာရှည် ရောဂါကြီးဟာ ခုဆိုရင် ရှင်းရှင်း ကြီး ပျောက်သွားပါပြီ။ အုန်းမှုတ်ခွက်ဟာ ကြားရင် အထင်သေးစရာ လိုလို ဖြစ်ပေမယ့် တကယ့်ကောင်းတဲ့ နည်းပါပဲ။

နောက်တစ်ခု ပြောချင်တာက ဦးဇင်းမျာ ကိုရင်ဘဝကတိုင် စွဲကပ်လာတဲ့ ခေါင်းကိုက် ရောဂါအကြောင်း ပါ ပဲ။ ခေါင်းကိုက်တာဟာ မနေနိုင်မထိုင်နိုင်အောင် ကိုက်တာ။ အဲဒီရောဂါလဲ ဘာဆေးမှ မစားရဘဲ အုန်းမှုတ် ခွက်နင်းတာကြောင့် ပျောက်သွားတာပါပဲ။အဲဒီအကြောင်းတွေကို ဒီကျောင်းတိုက်မှာ နေတဲ့ ကိုရင်တွေ ၊ ဦးဇင်းတွေ အကုန်သိကြပါတယ်။ သူတို့ ထင်တာက ဒီဦးဇင်းတော့ ကျောင်းတိုက်ပေါ်က လိမ့်ကျတဲ့ ဒဏ်ရာ နဲ့ ချည့်နဲ့သွားပြီလို့ တွေးထင်နေကြတာကိုး ။ ခုတော့ မျက်စိအောက်တွင်ပဲ လူဟာ ချည့်နဲ့သွားတော့မယ့် ဆဲဆဲ အုန်းမှုတ်ခွက်နင်းတာကြောင့် သန်သန်မာမာ ဖြစ်လာတာကို သူတို့ သိပ်အံ့သြနေကြတယ်။ ဒီနည်း ဟာ ကောင်းပါတယ်။ မြန်မာသာမက ကမ္ဘာပါသိအောင် ဆက်ပြီး ကြိုးစားသင့်ပါတယ်။

ဦးဇာဂရ
ဘယဝိသုဒ္ခိကျောင်း၊ သွေးဆေးကန်
ရန်ကုန်မြို့



၂၃။ ကုသိုလ်လဲရ ရောဂါလဲပျောက်
 ဒေါ်ဒေါ့်မှာ လေငန်းရောဂါကလဲ ရှိနေတော့ မောင်ဝင်းမြင့်ရဲ့ အုန်းမှုတ်ခွက်နင်း ရောဂါ ဆောင်းပါးကို ဖတ်ပြီး အချိန်ကစပြီး ညအိပ်ရာ မဝင်မိ အုန်းမှုတ်ခွက်ကို မိနစ်နှစ်ဆယ် နာရီဝက်လောက် မှန်မှန်နင်းနေ တာ ပါပဲ။ ဒေါ်ဒေါ်က အုန်းမှုတ်ခွက် နင်းတဲ့အခါမှာ စိတ်က တစ်ခြား ရောက်မသွားအောင် ဓမ္မစကြာသုတ် တို့၊ ၏ဓာရဏပရိတ်တို့ကို နှုတ်က အသံထွက် ရွတ်ဆိုပူဇော်နင်းပါတယ်။ အဲဒီတော့ ဒေါ်ဒေါ့် နည်းက ကုသိုလ်လဲရ ရောဂါလည်း ပျောက် ဆိုသလိုပေါ့လေ။

ဒါနဲ့ မောင်ဝင်းမြင့်ကို ပြောရအုံးမယ်။ ဒေါ်ဒေါ်တို့အိမ်က ရဟန်း အာဂန္တုနဲ့ လူဧည့်သည်တွေ မကြာခဏ
 ရောက်လာလေ့ရှိတော့ အုန်းမှုတ်ခွက် နင်းတဲ့ အကြောင်း ပြောပြရင်း အုန်းမှုတ်ခွက် လက်ဆောင်ပေးရ
ပါတယ်။ အုန်းမှုတ်ခွက်လိုနေရင် ပုဇွန်တောင်ဈေး၊ ရေကျော်ဈေးမှာရှိတဲ့ အုန်းသီးခြစ်၊ အုန်းနို့ညစ်နေတဲ့ စက်သမား မိတ်ဆွေတွေ ဆီမှာ သွားတောင်းရတာပေါ့။
ဒေါ်သန်းသန်း
၃၂၊ မဟာသုခလမ်း၊
ပုဇွန်တောင်
ကျီတော်ရပ်၊ ရန်ကုန်မြို့



၂၄။ လူသာဓုခေါ် နတ်သာဓုခေါ်
အုန်းမှုတ်ခွက်နင်းတာကို ကျုပ်သဘောလဲကျ သဘောလဲပေါက်ပါတယ်။ ကျုပ်အဖြစ်က တစ်မျိုးဗျ။ အိပ်ရာထဲ အိပ်တဲ့အခါ ဘယ်ညာလှည့်စောင်းလို့ မရဘူး၊ တစ်ဘက်ကို စောင့်အိပ်တော့မယ်ဆိုရင် အတော်ဒုက္ခခံ ကြိုးစားပြီး လှည့်ရတယ်။ ဒါနဲ့ မိတ်ဆွေ တစ်ယောက်က အုန်းမှုတ်ခွက် နင်းဖို့ တိုက်တွန်းတယ်။ ဒါနဲ့ ရက် သတ္တပါတ် နှစ်ပတ်လောက် နင်းကြည့်တယ်ဆိုပါတော့။ အိုး - ဟိုဘက်၊ ဒီဘက် လှည့်မအိပ်နိုင်တဲ့ ဒုက္ခဝေဒနာကြီး ရှင်းရှင်း ပျောက်သွားပါတယ်။

အသက်လေးဆယ်ကျော်လောက်ကတည်းက အိပ်ရာဝင် ဟိုဘက်ဒီဘက် လှည့်အိပ်မရအောင် ဖြစ်၏လာခဲ့တဲ့ရောဂါဟာ အသက်ခြောက်ဆယ်ကျော်လို့ အုန်းမှုတ်ခွက် နှစ်ပတ်နင်းအကြည့်မှာ သက်သာပျောက် ကင်းသွားလို့ အံ့လဲအံ့သြ ဝမ်းလဲ ဝမ်းသာဖြစ်မိပါတယ်။အမောင့်အနေနဲ့ ဒီနည်းကို ရှာဖွေဖော်ထုတ်လိုက် တာဟာ လူသာဓုခေါ် နတ်သာဓုခေါ်ပါတယ် အမောင်ရယ်။

ဦးဖေတင် (အငြိမ်းစား)
ယစ်မျိုးအင်စပက်တော်
ဆားစည်ရပ်၊ မကွေးမြို့



၂၅။ သွေးတိုးပျောက်ပြီတဲ့
ပဲခူးက မိတ်တွေတစ်ယောက် သွေးတိုးရောဂါဖြစ်နေတာကြာပြီ။ အခု သူအုန်းမှုတ်ခွက်နင်းလို့ သွေး တိုး
ရောဂါရှင်းရှင်းပျောက်ဖူးတဲ့အကြောင်း ဝမ်းသာစကား ကြားရပါတယ်။

ဦးသိန်းအောင်
အမှုဆောင်လူကြီး၊ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်
သာသာနာ့ရိပ်သာ၊ ရန်ကုန်မြို့



တိုက်တွန်းလို့ ပျောက်ကင်းသူတွေ

ကျွန်တော့် မိတ်ဆွေ တစ်ယောက်ရှိတယ်။ မန္တလေး တမ္မဝတီရပ်မှာ နေပါတယ်။ ရှေ့နေ ဦးဝင်းရှိန်တဲ့။
 ခြေဖဖိုးကြီး ရောင်နေတယ်။ ဒါနဲ့ ကျွန်တော်သွားပြီး အုန်းမှုတ်ခွက် နှစ်လုံးပို့ပြီး နင်းခိုင်းတယ်။ သုံးရက်နဲ့ အကောင်းပကတိ ဖြစ်သွားတယ်။နောက်တစ်ယောက်ကတော့ ရန်ကုန်က ပို့ဆောင်ရေး အင်စပက်တော် ဦးဘခင်တဲ့။ သူက ညာခြေတစ်ဖက်ဆွဲနေတယ်။ ကြာရင် လေငန်းဆွဲ သွားတော့မယ့် အခြေအနေပဲ။ အဲဒါ ကို အုန်းမှုတ်ခွက်နင်းခိုင်းလိုက်တာ အကောင်းပကတိ ဖြစ်သွားတော့တာပါပဲ။ အဲဒါ ကျွန်တော်ကိုယ်တိုင် တိုက်တွန်းပြီး ပျောက်ကင်းတဲ့ ပုဂ္ဂိုလ်တွေပါပဲဗျာ။
ဦးသောင်းတင်
၁၉၂ အေ၊ မီးရထားဝင်း၊ ရန်ကုန်မြို့။




အုန်းမှုတ်ခွက်ကတော့ သိပ်ရောင်းကောင်းတာပဲ
အုန်းမှုတ်ခွက်နင်းလို့ ကျန်းမာရေးအတွက် ဘယ်လောက်အထောက်အကူပြုတယ်၊ မပြုဘူးဆိုတာကိုတော့ ခုထိ အလုပ်မအားလို့ နင်းမကြည့်ရသေးလို့ မပြောတတ်ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးလလောက်က စပြီး ကျုပ်တို့ဆိုင်က အုန်းမှုတ်ခွက်တွေ လာဝယ်လိုက်ကြတာ မနည်းဘူး။ ခုထိ ရောင်းနေရတုန်းပဲ။

ဘသက်ပေါ
အုန်း-ငှက်ပျောအရောင်းဆိုင်
အရှေ့ဘက်တန်း၊ ဈေးကြီးအတွင်း၊
မကွေးမြို့


၂၆။ အထိုင်အထ မလေးတော့ဘူး
ကျွန်တော် အသက်(၇၈)နှစ်ရှိပါပြီ။ ဟိုတုန်းက သတင်းရေး၊ သတင်းစာဖတ်ရာမှာ မျက်မှန်ပါမှ ဖတ်ရပါ တယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်က အုန်းမှုတ်ခွက်ကို နံနက် အိပ်ရာထ တစ်ကြိမ်၊ ည အိပ်ရာဝင် တစ် ကြိမ်၊ မှန်မှန်နင်းလာတော့ ခုဆိုရင် မျက်မှန်မလိုတဲ့ အပြင် လူုငယ် သတင်းထောက်တွေနဲ့ အတူ သတင်း များကို ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက် ယူနိုင်ခဲ့ပါတယ်။နေ့စဉ်နေ့တိုင်း ကျွန်တော်နေ ထိုင်တဲ့ အိမ်နဲ့ ပြည်သူ့ တရားရုံး အသွားအပြန် လေးမိုင်ကျော်ရှိပါတယ်။ အဲဒီခရီးကို ခြေကျင် သွားနိုင်ပါတယ်။ မမောပါဘူး။ အထိုင်အထလည်း မလေးတော့ပါဘူး။ အုန်းမှုတ်ခွက်နင်းတာဟာ ကျန်းမာရေးအတွက် အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုပါပဲ၊ ပြည်သူတွေ အဲဒီလေ့ကျင့်ခန်းမျိုး များများ လုပ်ပေးသင့်ပါတယ်။

မောင်အုန်း
ဟံသာဝတီ သတင်းထောက် အမှတ်(၁၄၃)

ဆက်လက်ဖော်ပြပါမည်.....

တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
 ရွှေလမ်းငွေလမ်းဝင်းကြည်
 


Subscribe Us