Saturday, July 05, 2014

ဒီကွေ့ဒီတက်နဲ့လှော်၊ ဟိုကွေ့ဟိုတက်နဲ့လှော်


လူရယ်လို့ မဖြစ်လာခင် လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာတုန်းက ကမ္ဘာပေါ်မှာ စားစရာရှားပါးတဲ့ ကပ်ကြီးတွေ ဖြစ်ခဲ့တယ်လို့ ယူဆကြပါတယ်။ အဲဒီတုန်းက တိရစ္ဆာန်မျိုးစုံ သေကြေပျက်စီးကြရာမှာ အစားအစာရှားပါးမှုကိုခံနိုင်ရည်ရှိတဲ့ မျိုးရိုးဗီဇရှိတဲ့ သတ္တဝါအချို့ အသက်ရှင်ကျန်ရစ်ပြီး အဲဒီသတ္တဝါတွေထဲက အချို့ ကနေ အခုခေတ်လူတွေ ဆင်းသက်ပေါက်ပွားလာတယ်လို့ဆိုပါတယ်။ အစား အစာ ရှားပါးမှုကို ခံနိုင်ရည်ရှိတဲ့ နည်းလမ်းကတော့ စားလိုက်တဲ့ထဲက လက် ငင်းမလိုအပ်သေးတဲ့ အာဟာရဓာတ်တွေကို အဆီအဖြစ်ပြောင်းလဲပြီး ခန္ဓာ ကိုယ်ထဲမှာ စုဆောင်းထားတာပါ။ 

စားစရာမရှိတော့တဲ့ အချိန်တွေမှာ ခန္ဓာ ကိုယ်က သိုလှောင်ထားတဲ့ အဲဒီအဆီတွေကို အသက်ဆက်နိုင်လောက်ရုံ အတိုင်းအတာနဲ့ နည်းနည်းချင်းတဖြည်းဖြည်း ထုတ်သုံးပါတယ်။ နောက်ပြီး အာဟာရဓာတ် များများပေးနိုင်တဲ့ ဥပမာ ချိုတဲ့အစား အစာတွေကိုကြိုက်တတ် တဲ့စိတ်၊ လိုတာထက်ပိုပြီး နင်းကန်စားသောက်ချင်တဲ့ စိတ်တွေလည်း ပေါ်ပေါက်လာပါတယ်။ အဲဒီလို စိတ်မျိုးမရှိတဲ့ သတ္တဝါတွေက အစားအစာ ပေါများတုန်းမှာ သိပ်မစားထားတော့ အစားအစာ ရှားပါးတဲ့ ကာလနဲ့ ကြုံရတဲ့အခါ ငတ်မွတ်မှုကို ကြာကြာမခံနိုင်ဘူး။ အာဟာရဓာတ် များများပေးတဲ့ အစားအစာတွေကိုလည်း ကြိုက်တတ်တယ်၊ လိုတာထက်ပိုပြီး နင်းကန်စားတတ်တဲ့ အကျင့်လည်း ရှိတယ် ဆိုတဲ့သတ္တဝါတွေကတော့ငတ်တဲ့ အခါပိုပြီးခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။

အခုခေတ် အသက်ရှင်နေတဲ့ လူတွေအားလုံးက အဲဒီလို အာဟာရ ဓာတ်များများပေးတဲ့ အစားအစာတွေကိုလည်း ကြိုက်တတ်တယ်၊ လိုတာ ထက်ပိုပြီး နင်းကန်စားတတ်တဲ့ အကျင့်လည်း ရှိတယ်ဆိုတဲ့ သတ္တဝါတွေက ဆင်းသက်လာတာချည်းဘဲလို့ ဆိုပါတယ်။ ဒါပေမဲ့ အခုလို ရုပ်ဝတ္ထုပိုင်း ဘက်ပေါင်းစုံက တိုးတက်တဲ့ခေတ်မှာ လူတွေက လက်လှုပ်မှ ပါးစပ် လှုပ်ရ တဲ့ အနေအထားမျိုးက ကျော်လွန်ပြီး စားနိုင်သောက်နိုင် စုဆောင်းနိုင် လှူနိုင်တန်းနိုင်အဆင့်ကို ရောက်လာပြီဆိုရင် စားစရာကို အချိန်မရွေး လိုတာ ထက်ပိုပြီး ရနိုင်ပါတယ်။ အဲဒီအခါ ဟိုးရှေးခေတ်က အငတ်ဘေးကို ကျော် လွှားဖို့ အသုံးဝင်ခဲ့တဲ့ ချိုတာတွေရွေးစား၊ ဗိုက်ဝပြီးလည်း ထပ်စား၊ ကြိုက်တာတွေ့ရင် နင်းကန်စားတတ်တဲ့ အကျင့်တွေဟာ ပြဿ နာဖြစ်လာပါ တယ်။ အစားအစာက ဖြစ်လာတဲ့ လက်ငင်းမလိုအပ်သေး တဲ့ အာဟာရ ဓာတ်တွေကို ခန္ဓာကိုယ်က အားပါးတရ အဆီအဖြစ် စုဆောင်းပါတယ်။ အဲဒီအဆီတွေကြောင့် ဗိုက်ရွှဲ၊ တစ်ကိုယ်လုံး ပုံပျက်ပန်းပျက် ဝဖီးလာပြီး အသည်းမှာ အဆီဖုံးတာတို့၊ သွေးတိုး ဆီးချို ဖြစ်တာတို့၊ နှလုံးရောဂါတို့ တန်းစီပြီး ဖြစ်လာပါတယ်။ အစားပုပ်လို့ ရောဂါဖြစ်တယ်ဆိုတာ သိပြီး အစားလျှော့စားပြန်တော့လည်း ဝိတ်က မကျပြန်ဘူး၊ ဘယ်ကျမလဲ။ ခန္ဓာကိုယ်က စားတဲ့အစာ မလုံလောက်တာနဲ့ငတ်တော့မယ်ထင်ပြီး အဆီတွေကို နည်းနည်းချင်း တဖြည်းဖြည်း အသက်ဆက်နိုင်လောက်ရုံ အတိုင်းအတာနဲ့ပဲ ထုတ်သုံးတာကိုး။ ဝပြီးသား ခန္ဓာကိုယ်ပြန်ပိန်ဖို့ ခက် သလောက် ပြန်ဝဖို့ အင်မတန်လွယ်တာကို ဝဖူးသူတိုင်း သိကြပါတယ်။ ဆိုလိုတာကတော့ တစ်ချိန်က အသက်ရှင်ဖို့ မရှိမဖြစ် လိုအပ်ခဲ့တဲ့ အရည် အသွေးတွေဟာ အခုတော့ ရောဂါမျိုးစုံဖြစ်ပြီး မြန်မြန်သေဖို့ ဖြစ်လာပါတယ်။

အဲဒီလို နှစ်သန်းပေါင်းများစွာအတွင်းမှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်ကြီး မျိုးကို လူတစ်ယောက်ရဲ့ အလုပ်အကိုင် သက်တမ်းဆယ်စုနှစ် သုံးလေး ငါးခုအ တွင်းမှာလည်း တွေ့ရတတ်ပါတယ်။ အင်တာဗျူးဝင်တဲ့အခါ လိုအပ်တဲ့ အရည်အချင်းတွေက အလုပ်ထဲမှာမြဲဖို့နဲ့ အောင်မြင်တိုးတက်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ မတူပါဘူး။ အင်တာဗျူးမှာ အမြင် ကောင်း၊ အတင်ပြကောင်း၊ အပြောကောင်း၊ CV အရေးကောင်း၊ ဘွဲ့ လက်မှတ်ကောင်းတဲ့သူတွေ အသာစီးရတတ်ပါတယ်။ အလုပ်ထဲလည်း ရောက်ရော၊ အနှေးနဲ့ အမြန် အရည်အချင်းတွေ ပေါ် လာတော့တာပဲ။ အလုပ်လုပ်တယ်ဆိုတာ တာတိုပြေးတာထက် မာရသွန်ပြေး ရတာနဲ့ ပိုပြီးတူပါတယ်။ အချိန်တန်တဲ့အခါ အရည်အချင်းရှိရင် ရှိကြောင်း မိမိနဲ့ ထိတွေ့ဆက်ဆံနေရသူတွေက သိသွားမှာဖြစ်ပြီး အရည်အချင်း မရှိရင် လည်း မရှိကြောင်းဘူးပေါ်သလို ပေါ်လာစမြဲ ဖြစ်ပါတယ်။

 နုစဉ်အခါက အမှား အယွင်းနည်းအောင် သတိထား၊ အထက်လူကြီးအကြိုက် လိုက်လုပ်၊ အလုပ် ထဲမှာပဲ ကိုယ်ရော စိတ်ပါ နှစ်ထားပြီး ရာထူးတက်လာတဲ့ လူတစ်ယောက် ဟာ ကိုယ်တိုင်လူကြီးဖြစ်လာတဲ့အခါ အမှန်များအောင်လည်း မလုပ်တတ်၊ ဘယ်သူ့အကြိုက် လိုက်ရမှန်းလည်း မသိတော့ဘဲ ကြိုးစားသမျှ အရာမထင် အပေါက်မတည့် ဖြစ်သွားတတ်ပါတယ်။ တပည့်ဘဝက အင်မတန် အသုံး တည့်ခဲ့တဲ့ မမှားအောင်၊ အပြောမခံရ အောင်၊ စည်းကမ်းနည်းလမ်းတွေနဲ့ ကိုက်ညီအောင် လုပ်တတ်တာတွေဟာ အချို့အလုပ်တွေမှာ ဆရာလည်းဖြစ်ရော သုံးမရတော့တာ ဖြစ်တတ်တယ်။ ဆရာဖြစ်လာပြီဆိုတာ နဲ့ အမြော်အမြင်ကြီးမှု၊ အရေးမပါတဲ့ အမှား အရာအထောင်ကို ဖြတ်သန်း ပြီး သေရေးရှင်ရေး အရေးကြီးတဲ့ အမှန်ကြီးတစ်ခုကိုရအောင် ယူတတ်မှု၊ ကျွမ်းကျင်သူတွေ အမျိုးမျိုး ပြောနေကြတဲ့အထဲက ဘယ်ကျွမ်းကျင်သူကို ယုံပြီး ဘာတွေကို ပေါင်းစပ်၊ ဘာတွေကို ဖယ်ထုတ်ရမယ်ဆိုတာ ထိုးထွင်းသိမြင်မှု၊ စည်းကမ်း နည်းလမ်းတွေကို လိုသလို ပြင်ဆင်ပြောင်းလဲ ပယ်ဖျက် အသစ်ဖော် ထုတ်တတ်မှုတွေက အဖိုးတန်လာတတ်ပါတယ်။ 

ဒါပေမဲ့ တပည့်ဘဝမှာ ဆရာပြောတာကို ဘေးချိတ်ပြီး ကိုယ့်အမြော်အမြင်နဲ့ကိုယ် လုပ်လို့ မရပါဘူး။ သေရေးရှင်ရေး အရေးကြီးတဲ့ အမှန်ကြီးတစ်ခုကို ရအောင် အမှားပေါင်း အရာအထောင်ကို ဖြတ်သန်းမယ် ဆိုရင်လည်း အမှား တစ်ခုနှစ် ခု၊ လေးငါးဆယ်ခု စသည်ဖြင့် လုပ်ပြီးတာနဲ့ အထက်လူကြီးက ဖြုတ်ပစ်လိုက် ဖို့များပါတယ်။ အထက်လူကြီး ပြောတာတွေထဲက လိုသလို ပေါင်း စပ်ဖယ် ထုတ်ပြီး လုပ်မယ်ဆိုရင်လည်း ချက်ချင်းပြဿနာတက်မှာပါ။ စည်းကမ်းနည်း လမ်းတွေကို လိုသလို ပြင်ဆင်ပြောင်းလဲ ပယ်ဖျက် အသစ် ဖော်ထုတ်မယ် ဆိုရင်တော့ အလုပ်ထဲမှာ မိုးမီးလောင်သလို ခံစားသွား ရနိုင်ပါတယ်။

“ဒီကွေ့ ဒီတက်နဲ့လှော်၊ ဟိုကွေ့ ဟိုတက်နဲ့လှော်” ဆိုတဲ့ စကားဟာ အလုပ်ထဲမှာ အင်မတန် လိုက်နာသင့်တဲ့ စကားပါ။ ဒီကွေ့မှာ ဒီတက် နဲ့လှော်ပြီး အဆင်ပြေနေပေမယ့် “ဟိုကွေ့ကို ရောက်တဲ့အခါ ဒီတက်နဲ့ ဆက်လှော်လို့ရဦးမှာလား။ ဟိုကွေ့မှာ လှော်ဖို့ အကောင်းဆုံးတက်မျိုး ငါ့ဆီမှာ ရှိနေပြီလား၊ ရှိအောင် ဘယ်လိုလုပ်ရမလဲ” ဆိုပြီး အင်တာဗျူး ဝင်ချိန်ကစ၊ အလုပ်က အနားယူတဲ့အချိန်အထိ စဉ်းစားရမှာ ဖြစ်ပါတယ်။

Subscribe Us