Saturday, July 05, 2014

ဘဝအောင်မြင်ဖို့အတွက်ပြောင်းလဲတိုးတက်ခြင်း

 

ပြောင်းလဲခြင်း (Change) ဟာတိုးတက်အောင်မြင်ဖို့အတွက် အရေးအကြီး ဆုံးအချက်ဖြစ်ပါတယ်။ ထိပ်တန်းရောက် အောင်မြင်နေသူတွေ၊ တိုးတက်ဖွံ့ ဖြိုးနေတဲ့ တိုင်းပြည်နိုင်ငံတွေကို ကြည့်လိုက်ရင် ပြောင်းလဲခြင်းကို မပြတ် လုပ်ဆောင်နေကြတာပါပဲ။ ကျွန်တော်အရမ်းသဘောကျတဲ့ ရိုးရိုးရှင်းရှင်း စကားစုလေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ “ပြောင်းလဲမှ -ပြောင်းလဲမယ်” တဲ့။ သိပ်မှန်တဲ့ စကားလေးပါ။

လူတစ်ယောက်က “ကျွန်တော့်ဘဝကြီးပြောင်းလဲချင်ပါတယ်။ ကျွန်တော်ဘာလုပ်ရမလဲ” လို့မေးရင် အဖြေကတော့ “မင်းဘဝကြီးပြောင်းလဲ ချင်ရင် မင်းလုပ်ရမှာကတော့ ပြောင်းလဲခြင်းပါပဲ””လို့ ပြန်ဖြေရုံပါပဲ။ ဒါဆို ဘာတွေကို ပြောင်းလဲရမှာလဲ။ ဘယ်လိုတွေ ပြောင်းလဲရမှာလဲ။ ပြောင်းလဲ ရမယ့်နည်းလမ်းတွေက ဘာတွေလဲ။

လူတစ်ယောက် ဘဝတစ်ခုကို အောင်မြင်စွာ ပြောင်းလဲနိုင်ဖို့ဆိုရင် ဘယ်ကနေ စတင်ပြောင်းလဲသင့်သလဲ။ ဒီလို ပြောင်းလဲမှုနဲ့ ပတ်သက်လို့ T.E.A ဆိုတဲ့ နိယာမ ဥပဒေသလေးကို မျှဝေပေးပါရစေ။ T.E.A ဆိုတာ ကတော့...
T = Thought (အတွေးအခေါ်)
E = Emotion (စိတ်ခံစားမှု) နဲ့
A = Action (လုပ်ဆောင်မှု) တွေပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အတွေးအခေါ် (Thought) တွေကြောင့် စိတ်ခံစားမှု (Emotion) တွေဖြစ်လာပါတယ်။ ဒီစိတ်ခံစားမှုတွေက လုပ်ဆောင်မှု (Action) တွေဖြစ်လာစေပါတယ်။ မကောင်းတာတွေ တွေးနေမိရင် မကောင်း တဲ့ခံစားချက်တွေဖြစ်လာပြီး မကောင်းတဲ့လုပ်ရပ်တွေ လုပ်တော့တာပဲ။ မကောင်းတာတွေ လုပ်နေရင်တော့ မကောင်းတဲ့ ရလဒ် (Bad Result) တွေပဲ ထွက်လာတော့မှာပေါ့။

ကောင်းမွန်မှန်ကန်တဲ့ အတွေးအခေါ်တွေဟာ ကောင်းမွန်တဲ့ စိတ်ခံစား ချက်တွေဖြစ်လာစေပြီး ကောင်းမွန်တဲ့ လုပ်ရပ်တွေကို ဖြစ်လာစေ ပါတယ်။ ကောင်းမွန်တဲ့ လုပ်ရပ်ဟာ ကောင်းမွန်တဲ့ “ရလဒ်” တွေပဲ ရရှိလာ မှာပေါ့။

ဒါကြောင့် ကျွန်တော်တို့ဘဝရဲ့ “ရလဒ်” တွေဟာ ကျွန်တော်တို့ရဲ့ “လုပ်ရပ်”တွေပေါ်မှာ မူတည်နေပါတယ်။ “လုပ်ရပ်”တွေကောင်းရင် “ရလဒ်” တွေလည်းကောင်းမှာပါ။ “လုပ်ရပ်”တွေပြောင်းရင် “ရလဒ်” တွေ လည်းပြောင်းလာမှာဖြစ်ပါတယ်။“လုပ်ရပ်” တွေကောင်းဖို့၊ ပြောင်းဖို့ ဆိုရင် ကျွန်တော်တို့ရဲ့ အတွေးအခေါ်နဲ့ စိတ်ခံစားမှုတွေဟာ ပြောင်းလဲဖို့လိုပါတယ်။

အောင်မြင်သူတွေဟာ အောင်မြင်စေမယ့် အတွေးအခေါ်တွေ၊ စိတ်ဓာတ်တွေနဲ့ လုပ်ရပ်တွေကြောင့် အောင်မြင်လာတာ ဖြစ်ပါတယ်။ ရှုံးနိမ့်သူတွေဟာလည်း ရှုံးနိမ့်စေမယ့် အတွေးအခေါ်တွေ၊ စိတ်ဓာတ်တွေ နဲ့ လုပ်ရပ်တွေကြောင့် ရှုံးနိမ့်နေတာဖြစ်ပါတယ်။ ဒီ (T.E.A = R) ဆိုတဲ့ ဘဝပြောင်းပုံသေနည်းလေးကို သိရှိသွားပြီဆိုလို့ရှိရင် သင့်ဘဝကြီးတစ်ခု လုံးကို သင်ကိုယ်တိုင်ပြောင်းလဲပစ်နိုင်ပါတယ်။

ပြုပြင်-ပြောင်းလဲခြင်း

“ပြုပြင်မှ ပြောင်းလဲမှာ” ဖြစ်ပါတယ်။ မပြုပြင်ဘဲ ပြောင်းလဲလာမှာ လုံး၀ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ မိမိဘဝကို ပြောင်းလဲချင်တယ် ဆိုရင် အမြဲ တမ်းလုပ်နေရမှာက မိမိကိုယ်ကို အမြဲ “ပြုပြင်” နေရမှာ ဖြစ်ပါတယ်။ လုပ်ငန်း တစ်ခု၊ အဖွဲ့အစည်းတစ်ခု“ပြောင်းလဲ” ဖို့ဆိုရင်လည်း “ပြုပြင်” နေရမှာပါ ပဲ။ ပြုပြင်တယ်ဆိုတာ ပိုကောင်းလာအောင် လုပ်တာပါ။ ချို့ယွင်းချက်တွေ ကို ပြုပြင်မှ ကောင်းမွန်လာမှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ဟာ အောင်မြင်တဲ့ဘဝတစ်ခုကို တည်ဆောက်ချင် တယ်ဆိုရင် ကိုယ့်မှာ ပြုပြင်စရာ ဘာအားနည်းချက်၊ ဘာချို့ယွင်းချက် တွေရှိ သလဲဆိုတာ ဆန်းစစ်လေ့လာဖို့လိုပါတယ်။ အားနည်းချက် (Weakness) တွေကို ပြုပြင်ပြီး အားသာချက် (Strength) တွေအဖြစ် ပြောင်း လဲ နေခြင်းဟာ မိမိကိုယ်ကို “ပြုပြင်-ပြောင်းလဲ” နေတာပါပဲ။

“ပြုပြင်” လိုက်ရင် “ပြောင်းလဲ” သွားတယ်ဆိုတာကို သာဓက တစ်ခု လောက်ပြပါရစေ။ ကိုးအပေါင်းကိုး (၉+၉) ဆိုတဲ့ ရလဒ်အဖြေဟာ (၁၈) ဖြစ်ပါတယ်။

အပေါင်းလက္ခဏာ (+) ကို အမြှောက်လက်္ခဏာ (x)အဖြစ် “ပြုပြင်” လိုက်တဲ့ အခါမှာ ရလဒ်အဖြေဟာ (၈၁) အဖြစ် လုံးဝတိုးတက်ပြောင်းလဲ သွားပါတော့တယ်။ “မှန်ကန်တဲ့ ပြုပြင်မှု” ဟာ “ကောင်းမွန်တဲ့ ပြောင်းလဲ မှု” တွေကို ဖြစ်ပေါ်လာစေမှာ အမှန်ပါပဲ။ ဒါကြောင့် မိမိကိုယ်ကို မှန်ကန် စွာ ပြုပြင်နိုင်ရင် ပြောင်းလဲမှုတွေ အများကြီး ဖြစ်ထွန်းလာမှာပါပဲ။

“သူငယ်ချင်းရ...မင်းအများကြီးပြောင်းလဲသွားတယ်နော်”လို့ မိတ်ဆွေတွေကပြောတဲ့အခါမှာကျွန်တော်အမြဲပြောဖြစ်တဲ့စကားကတော့ “ဟုတ်တယ်၊ ငါ ပြုပြင်လိုက်လို့ ပြောင်းလဲလာတာပေါ့” ဆိုတာပဲ ဖြစ်ပါတယ်။ ရုပ်ကို ပြုပြင်ရင် ရုပ်ပြောင်းလဲလာမယ်။ စိတ်ကို ပြုပြင်ရင် စိတ်ပြောင်းလဲလာ မယ်။ အတွေးအခေါ်ပိုင်းကို ပိုကောင်းသထက်ကောင်းလာ အောင်ပြုပြင်ရင် အတွေးအခေါ်တွေ ပြောင်းလဲလာလိမ့်မယ်။ လုပ် ဆောင်ချက်တွေကို ပြုပြင် ရင် လုပ်ဆောင်ချက်တွေ ပြောင်းလဲလာမှာပေါ့။ ဒါကြောင့် ပြောင်းလဲချင်ရင် လုပ်ကိုလုပ်ရမယ့် အချက်ကတော့ ပြုပြင်တာဖြစ်ပါတယ်။

ပြောင်းလဲခြင်း (Change) နဲ့ ပတ်သက်လို့ စီမံခန့်ခွဲမှု ဘာသာရပ် မှာ ပေးထားတဲ့ ဥပမာလေးတစ်ခုက အရမ်းကောင်းပါတယ်။ “ရေခဲတုံးကြီး တစ်တုံးကို ဘယ်လို ပုံစံပြောင်းမလဲ” တဲ့။ ဒီရေခဲတုံးကြီးကို ပြောင်းလဲဖို့ ဆိုရင် ပြုပြင်ရမှာဖြစ်ပါတယ်။ ဒီလိုပြုပြင်ဖို့အတွက် အရင်ဆုံးလုပ်ရမယ့် ပထမအဆင့်ကတော့ “အရည်ဖျော်ခြင်း (Unfreeze)” ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ “ပုံသွင်းခြင်း (Shape)” ပါ။ အရည်မဖျော်ဘဲ ပုံသွင်းဖို့ မလွယ်ကူပါဘူး။ အရည်လည်းဖျော်ပြီးပြီ၊ လိုချင်တဲ့ ပုံစံကိုလည်း သွင်းယူပြီးပြီဆိုရင် နောက်ဆုံးလုပ်ရမှာကတော့ “ပြန်ခဲခြင်း (Refreeze)” အဆင့်ပါပဲ။ ကိုယ်လိုချင်တဲ့ ပုံစံသွင်းပြီးရင် တည် တံ့ခိုင်ခံ့နေအောင် လုပ်ဖို့လိုအပ်ပါတယ်။

ဒီလိုပါပဲ။ လူတစ်ယောက်ဟာ ပြောင်းလဲချင်တယ်ဆိုရင် ဒီရေခဲတုံး အသွင်ပြောင်းဥပမာအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ သူတော်ကောင်း ဖြစ်ချင် ရင် သူယုတ်မာ ပုံစံတွေ၊ အတွေးတွေ၊ စိတ်ဓာတ်တွေ အားလုံးကို အရည်ဖျော် ပစ်၊ ပြီးရင် သူတော်ကောင်းတရားတွေဖြည့်ကျင့်ပြီး ပုံသွင်း၊ နောက်ဆုံးမှာ သူတော်ကောင်းတရားတွေ ကိုယ့်ဆီမှာတည်တံခိုင်မြဲနေ ကောင်းလုပ်ဆောင် ရမှာပါ။

အောင်မြင်သူတစ်ယောက်ဖြစ်ချင်ရင် မအောင်မြင်နိုင်မယ့် စိတ်ဓာတ်၊ အတွေးအခေါ်၊ လုပ်ရပ်တွေကို အရည်ဖျော်ပစ်၊ အောင်မြင်သူ တစ်ယောက် အဖြစ် ပုံသွင်း၊ တည်တံ့အောင်လုပ်။ ခေါင်းဆောင်ဖြစ်ချင်ရင်လည်း ဒီအတိုင်း ပါပဲ။ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ချင်ရင်လည်း ဒီအတိုင်းပါပဲ။ သူရဲကောင်းတစ်ယောက်ဖြစ်ချင်ရင်လည်း ဒီအတိုင်းပါပဲ။ သင်လုပ်ရမယ့် အချက်ကတော့ “ပြုပြင်-ပြောင်းလဲ” လိုက်ဖို့သာဖြစ်ပါတယ်။

ပြောင်းလဲ-တိုးတက်ခြင်း

“ပြုပြင်” လိုက်ရင် “ပြောင်းလဲ” လာတာပေါ့။ ပြောင်းလဲတော့ ဘာဖြစ် သလဲဆိုရင် “တိုးတက်” လာတယ်တဲ့။ ဟုတ်ပါတယ်။ ပြောင်းလဲ မှ တိုးတက် တာပါ။ “ပြုပြင်-ပြောင်းလဲ”တဲ့ သူတိုင်းဟာ “ဖွံ့ဖြိုးတိုးတက်” ပါတယ်။ “ပြုပြင်-ပြောင်းလဲ” မှုတွေပြုလုပ်တဲ့ အဖွဲ့အစည်းတိုင်း၊ တိုင်းပြည်နိုင်ငံတိုင်း ဟာ “ဖွံ့ဖြိုးတိုးတက်” ပါတယ်။ “ခေတ်မီ ဖွံ့ဖြိုးတိုးတက် တဲ့ နိုင်ငံတော် ကြီး” ဖြစ်ဖို့ ဆိုရင်လည်း “ပြုပြင်-ပြောင်းလဲခြင်း” ဟာ အရေးကြီးတဲ့ အစိတ် အပိုင်းပါပဲ။

“ဖွံ့ဖြိုးတိုးတက်ခြင်း” ဟာ “အောင်မြင်ခြင်း” ပါပဲ။ တိုးတက်မှုမရှိတဲ့ သူဟာ အောင်မြင်သူဖြစ်မလာနိုင်ပါဘူး။ တိုးတက်မှုမရှိတဲ့ အဖွဲ့အစည်း ဟာ အောင်မြင်တဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ တိုးတက်မှုမရှိတဲ့ တိုင်းပြည် ဟာ အောင်မြင်တဲ့ တိုင်းပြည်လို့ ပြောလို့မရနိုင်ပါဘူး။ ဒါကြောင့် မိမိကိုယ် ကို တိုးတက်အောင် နေ့စဉ်လုပ်ဆောင်နေခြင်းဟာ မိမိဘ၀ အောင်မြင် အောင် လုပ်ဆောင်နေခြင်းပါပဲ။ မိမိအဖွဲ့အစည်း၊ မိမိနိုင်ငံတော်ကို တိုးတက်မှု ရှိအောင် လုပ်ဆောင်နေခြင်းဟာလည်း အောင်မြင်အောင် လုပ်ဆောင် နေ တာပါပဲ။

ဒီတော့ အနှစ်ချုပ်ရရင် လူတစ်ဦးချင်းပဲဖြစ်စေ၊ အဖွဲ့အစည်းပဲ ဖြစ်စေ၊ တိုင်းပြည်နိုင်ငံတစ်ခုပဲ ဖြစ်စေ “အောင်မြင်” ချင်ရင် “တိုးတက်”အောင် လုပ်ဆောင်ဖို့လိုပါတယ်။ “တိုးတက်” ချင်ရင် “ပြောင်းလဲ ” ဖို့လိုပါတယ်။ “ပြောင်းလဲ” ချင်ရင် “ပြုပြင်” ဖို့လိုပါတယ်။ ဒါကြောင့် “ပြုပြင်-ပြောင်းလဲ” ခြင်းဖြင့် “အောင်မြင်-တိုးတက်” ဘဝကို ဖန်တီး လုပ်ဆောင်နိုင်ပါစေလို့ အကြံပြုဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave)

Subscribe Us