Saturday, July 05, 2014

ပြင်မရသောအမှားများ

 

လူဟူသည်မှာအမှားမကင်းသောသတ္ထဝါဖြစ်သည်။ “နောင်တ” ဆိုသည်မှာ လည်း အမှားတစ်ခုခု ကျူးလွန်မှုကြောင့် နောင်သောအခါမှ ယူကြုံးမရခြင်းဖြစ် ပါသည်။ “အမှားမကင်းနိုင်” ဟုဆိုခြင်းသည် အမှားကျူးလွန်းရန်အတွက် အားပေးခြင်းမဟုတ်ချေ။ အမှားဆိုသည်မှာ မိမိတို့၏ ရင့်ကျက်မှု၊ အတွေ့ အကြုံ၊ ပညာမြော်မြင်မှုတို့၏များစွာတိုက်ရိုက် အချိုးကျရှိနေသောအရာဖြစ် ပါ၏။ အသက်အရွယ်ချင်းတူလင့်ကစား ဘာမှမဟုတ်သော အလုပ်မရှိ အကိုင် မရှိသူတစ်ဦးနှင့် တရားသူကြီး တစ်ဦးတို့ အမှားကျူးလွန်ခြင်း မတူသင့်ပေ။ မိမိတို့ထမ်းဆောင်ရသော တာဝန်၊ မိမိတို့၏ပညာအရမှားသင့်သောအမှားနှင့် မမှားသင့်သော အမှားဟူ၍ ခွဲခြားတတ်ရန်တော့လိုပါလိမ့်မည်။ ယေဘုယျ အားဖြင့် မှားနိုင်သောအမှား၊ မှားသင့်သော အမှားမှာ လူ့အဖွဲ့အစည်းက ခွင့်လွှတ်နိုင်သောအမှားဟုဆိုနိုင်ဖွယ်ရာရှိပြီး၊ မမှားသင့်သောအမှား၊ မပြု ရသော အမှားများမှာမူ လူ့အဖွဲ့အစည်းက ခွင့်မလွှတ်နိုင်သောအမှား၊ လူ့အဖွဲ့ အစည်းကို ထိခိုက်စေနိုင်မည့်အမှားမျိုးဟုခွဲခြားနိုင်ပါလိမ့်မည်။

အမြင်သွေလွဲ၊ ဆန္ဒဦးစားပေးခြင်းဖြင့်

အမှားနှင့်ပတ်သက်၍ သင်ခန်းစာပါသော ဖြစ်ရပ်တစ်ခုကို ဖတ်မိရ သည်။ မိမိ၏ဆန္ဒနှင့် စိတ်ခံစားမှုကို ဦးစားပေးခြင်း၊ အခြေအနေအရပ်ရပ်ကို မသုံးသပ်နိုင်ခြင်းနှင့် မိမိမြင်လိုသည်ကို သတိမထားနိုင်ခြင်းတို့ ကြောင့်ဖြစ် ခဲ့ရသောအမှားဖြစ်သည်။ မြန်မာ့အကူးအပြောင်းကာလတွင် အတုယူဖွယ်ဖြစ် သည်ဟုမြင်သည်။ ဖြစ်ရပ်မှာ ...

တစ်နေ့သောအခါ အမျိုးသမီးတစ်ဦးသည် ခရီးထွက်ရန် လေဆိပ် သို့ရောက်ခဲ့သည်။ လေယာဉ်တက်ရန် စောင့်ဆိုင်းခန်းမ၌ စောင့်ဆိုင်းနေ ဆဲဖြစ်၏။ အချိန်အတော်အသင့် စောင့်ဆိုင်းရဦးမည်ဖြစ်သဖြင့် ကွတ်ကီး တစ်ထုပ် သွားဝယ်လိုက်သည်။

ထို့နောက် သူမနေရာသို့ ပြန်လာပြီး စာအုပ်တစ်အုပ်ကို ထုတ်၍ ဖတ် လိုက်သည်။ သူမ၏ဘေးတွင် အမျိုးသားတစ်ဦးက မဂ္ဂဇင်းတစ်စောင် ကိုဖွင့်၍ စတင်ဖတ်နေသည်ကို တွေ့ရသည်။

နံဘေးတွင်ချထားသော ကွတ်ကီးအထုပ်ထဲမှတစ်ခုကို သူမက စား လိုက်သည်။ ဘေးမှ မဂ္ဂဇင်းဖတ်နေသူကလည်း ကွတ်ကီးတစ်ချပ်ကို ယူစားခဲ့ သည်။ ထိုသူကို သူမ-စိတ်ဆိုးသွားသည်။ သို့သော်လည်း ဘာမှ မပြောဖြစ်၊ ပိုင်စိုးပိုင်နင်းရှိလှသော ထိုသူကို သူမအနေဖြင့် ရန်တွေလိုသော်လည်း စိတ်ကို ထိန်းချုပ်ထားလိုက်နိုင်သည်။ သူမဖတ်နေသော စာအုပ်ထဲမှ အကြောင်းအရာတချို့ကို ဆက်၍ဖတ်ပြီး ကွတ်ကီးတစ်ချပ် ကို ထပ်ယူလိုက် ၏။ ဘေးမှအမျိုးသားကလည်း သူမ-တစ်ချပ်ယူစားတိုင်း သူကလည်းတစ်ချပ် လိုက်၍ စားနေပြန်သည်။ သူမအနေဖြင့် အတော်ပင် စိတ်ဆိုးလိုက်ရသည်။ ဖတ်လက်စ-စာထဲတွင် စိတ်မဝင်စားတော့၊ “ဘယ် လိုလူမျိုးလဲ” ဟုသာ စိတ်ထဲတွေးနေမိပြီး တစ်ချပ်ချင်းယူစားနေသော ထိုသူကို ရန်တွေ့ရန်သာ စိတ်စောနေ ဖြစ်သည်။ လေဆိပ်ထဲတွင်ဖြစ်၍ ရုတ်ရုတ်သဲသဲ ဖြစ်မှာ စိုးသောကြောင့်သာ မနည်းစိတ်ချုပ်တည်းထား နေရပါသည်။ ထိုသူအနေဖြင့် သူမကို ခွင့်မတောင်းဘဲ ကွတ်ကီးများကို တစ်ချပ်ချင်း ယူစားနေခြင်း အပေါ် ဒေါသအလိပ်လိုက်၊ အလိပ်လိုက် တက်နေသည်ကတော့ အမှန်ပင်၊ သို့နှင့် အထုပ်ထဲတွင် နောက်ဆုံး ကွတ်ကီးတစ်ချပ်သာ ကျန်တော့သည် ကို တွေ့ရသည်။ သူမက တစ်ချပ် ယူပြီးဖြစ်၍ ကျန်သောတစ်ချပ်ဖြစ် ၏။ ဘေးမှ အမျိုးသား မည်သို့လုပ်မည် ကို အမျိုးသမီးက စောင့်ကြည့်နေ သည်။

“ဒီကျန်တဲ့တစ်ချပ်ကို ဒီလူ ဘာလုပ်မလဲ”
သူမ တွေးနေသည်။ ဘေးမှလူက လက်ကျန်တစ်ချပ်ကို ကောက်ယူ လိုက်ပြီး တစ်ဝက်ခွဲကာ သူမကို တစ်ဝက်ပေးလိုက်ပါသည်။

နောက်ဆုံးကျန်သောတစ်ချပ်ကိုပင် ပိုင်ရှင်အတွက်ချန်မထားဘဲ တစ်ဝက်ဖဲ့ယူသွားသည်ဟု ယူဆကာ ဒီတစ်ခါတော့ အတော်ကို စော်ကား သူဟူ၍ သူမအနေဖြင့်ယူဆပြီး ဖတ်လက်စ-စာအုပ်ကိုပိတ်ကာ “ရှင်-ဘယ်လိုလူလဲ” ဟု တစ်ပိုင်းတစ်စ ရန်တွေ့လိုက်စဉ် လေယာဉ်ပေါ်တက်ချိန် အတွက် အသံချဲ့စက်မှ သတိပေးသံထွက်လာသဖြင့် ဆက်၍ မပြော ဖြစ်တော့ဘဲ ဆောင့်ကြီးအောင့်ကြီးဖြင့် ထိုနေရာမှ ထွက်ခွာလာခဲ့ပါ သည်။

လေယာဉ်ပေါ်ရောက်ပြီး သူမထိုင်ခုံတွင် မကျေနပ်စွာထိုင်ချလိုက်ပါ၏။ မပြောမဆို ကွတ်ကီးတစ်ချပ်ချင်း ယူစားသွားသော ထိုသူကိုလည်း မကျေမနပ် ဆက်၍ဖြစ်နေဆဲ ဖြစ်သည်။ ထိုလူအား ဘယ်လိုလူမျိုးလဲဟုလည်း တွေးပြီး နားမလည်နိုင်အောင်လည်း ရှိနေပါ၏။ နောက်ဆုံးစိတ်လျှော့၍ နေကာ မျက်မှန်တပ်ရန် သူမ၏အိတ်ကို ဖွင့်လိုက်ပါသည် ... အံ့သြလွန်း၍ သူမမျက် လုံးများ အဝိုင်းသား ဖြစ်နေရပါသည်။ ယူကြုံးမရ ခြင်းကြီးစွာဖြင့်လည်း မင်သက်နေမိပါ၏။သူမ၏ လက်ကိုင်အိတ်ထဲတွင် သူမဝယ်လာသော ကွတ်ကီးအထုပ်က အသစ်စက်စက်ရှိနေဆဲကို တွေ့ လိုက်ရသောကြောင့်ဖြစ်သည်။

ဟုတ်ပါသည်။ သူမ-ဝယ်လာသောကွတ်ကီးကို မဖောက်ရသေးပါ။ သူမအနေဖြင့် များစွာလည်း ရှက်မိလိုက်ရပါတော့သည်။ သူမအနေဖြင့် များစွာ မှားမိသွားသည်ကိုလည်း သိလိုက်ရပါသည်။ အလောတကြီးဖြစ် မိသော သူမ-ဝယ်လာသည့်ကွတ်ကီးကို စားနေခြင်းမဟုတ်ဘဲ၊ ဘေးမှ ထိုသူဝယ် လာသောကွတ်ကီးကို သူမ-စားနေခဲ့ခြင်း ဖြစ်သည်ကို သိလိုက်ရပါ၏။ တစ်ဆက်တည်းမှာပင် နောက်ဆုံးကျန်နေသော ကွတ်ကီးတစ်ချပ်ကိုပင် ထိုသူက ခွဲဝေပေးနေသည့်ပုံကိုလည်း ပြန်၍မြင်ယောင်လာပါတော့သည်။ ထိုသူက နောက်ဆုံးကျန်သောကွတ်ကီးကို ပြုံး၍ သူမအား ပေးခဲ့ခြင်းဖြစ် သည်။ သူမ တုန်လှုပ်သွားပါတော့သည်။ သို့သော်လည်း လေယာဉ်ထဲရောက် သွားခဲ့ပြီဖြစ်၍ ထိုသူကို တောင်းပန်ခွင့်မရလိုက်ခဲ့တော့ပါ။ ထိုခရီးတစ်ခုလုံး သူမအနေဖြင့် ဝမ်းနည်းခြင်း၊ ယူကြုံးမရခြင်း၊ သူမ၏ စိတ်ခံစားမှုနှင့် အမြင်သွေလွဲခဲ့ခြင်းအပေါ်ယူကြုံးမရ နောင်တ များကိုသာ တစ်လမ်းလုံး ဖြစ် လာခဲ့ပါ၏။

ထိုဖြစ်ရပ်လေး၏နောက်ဆုံး၌ သင်ခန်းစာတစ်ခုကို စာရေးသူက ထုတ်နှုတ်ပေးခဲ့ပါသည်။ လောက၌ ပြန်၍ပြုပြင်ခြင်းငှာမရသောအရာ (၄) ခုကို ဆိုထားပါသည်။

 ပထမအရာမှာ
"The stone ... after the throw"
ပစ်လိုက်ပြီးသော ကျောက်ခဲကို ပြန်၍ရယူရန် မတတ်နိုင်တော့ပါ။

ဒုတိယတစ်ခုမှာ ...
"The word ... after it's said"

ပြောခဲ့ပြီးသောစကား ဖြစ်ပါသည်။ မြန်မာ့စကားပုံ၌လည်း “စကား ကျွံ နှုတ်မရ” ဟူ၍ ရှိနေပါ၏။

တတိယတစ်ခုမှာ ...
"The occasion ... after the loss"
ဖြစ်ရပ်တစ်ခုဖြစ်ပြီး၊ ဆုံးရှုံးသွားသည့်အခါ ပြန်မရနိုင်ခြင်း ဖြစ်သည်။

နောက်ဆုံးတစ်ခုမှာ ...
"The time ... after it's gone"
ကုန်လွန်ပြီးသွားသောအချိန်အတွက် အစားပြန်မရခြင်း ဖြစ်ပါသည်။

ဘာတွေမှားခဲ့ကြသလဲ၊ ဘာကြောင့်မှားခဲ့ကြသလဲ

လူတိုင်း အမှားပြုဖူးခဲ့ကြပါသည်။ မည်မျှကြီးမားသော အမှားများပြုခဲ့ခြင်း၊ ခွင့်လွှတ်နိုင်သောအမှား၊ ခွင့်မလွှတ်နိုင်သောအမှားများဟုသာ ကွာခြားကြ သည်ဟုမြင်ပါ၏။ ပညာနှင့်အတွေ့အကြုံ မရင့်ကျက်သေး သော ငယ်စဉ် ကာလ၌ အမှားများတတ်ပြီး၊ ပညာနှင့်အတွေ့အကြုံ ရင့် ကျက်ချိန်၌ အမှား နည်းလာတတ်ပါ၏။ ဤယုတ်္တိသဘောကို လိုက်ပါကြပါ၏လော ... ဟူသောမေးခွန်း ဖြစ်လာပါသည်။ အချို့က “ကြီးမိုက်” ဟုဆိုကြသည် ကိုလည်း ကြားဖူးနိုင်ကြပါလိမ့်မည်။ များပြားလာသော အတွေ့အကြုံကို ပညာဖြင့် မထိန်းချုပ်နိုင်သောအခါ ထိုသူများ မှားမိသောအမှားက ပို၍လူ့အဖွဲ့ အစည်းကို ထိခိုက်စေတတ်ပါ၏။ အတွေ့ အကြုံများကြသောသူများ အမှား များများ လုပ်ခွင့်ရနေကြလျှင် ထိုလူမျိုး၊ ထိုနိုင်ငံ တိုးတက်မှုနှင့် ဝေးကွာတတ် ပါ၏။

များသောအားဖြင့် “အကျိုးစီးပွား” အခြေခံမှုကြောင့် မှန်ခြင်း၊ မှား ခြင်း ဟူ၍ ကွဲပြားခြားနားလာကြခြင်းဖြစ်သည်။ Maslow က လူသား တို့၏ လိုအပ် ချက်နှင့်ပတ်သက်၍ အခြေခံအားဖြင့် စားဝတ်နေရေး ပြည့်စုံရေးတွင် မိမိတို့၏ အကျိုးစီးပွားကို အခြေခံကြခြင်းမှာ မှားသည်ဟု မဆိုခဲ့ပါချေ။ သို့သော်လည်း မိမိတို့ “အသိအမှတ်ပြုခံရရေး” အတွက် လွန်ကျူးသော လောဘကြောင့် ဆိုလျှင်မူ ထိုတစ်ဦးတစ်ယောက်အနေဖြင့် အမှားများကို ကျူးလွန်လာနိုင် သည်ဟုဆိုပါ၏။

စားဝတ်နေရေးအတွက်၊ အာမခံချက်ရှိရေးအတွက် “ကိုယ်ကျိုးစီးပွား” ကို အခြေခံကြရမည်မှာ လူ့သဘာဝတရားတစ်ခု ဖြစ်ပါသည်။ထို့ထက်ပို၍ တစ်ဆင့်ချင်းတိုးတက်အောင် ကြိုးစားကြရမည်မှာလည်း သဘာဝကျလှ ပါသည်။ သို့သော်လည်း မှန်ကန်သောလမ်းကြောင်းဖြင့် တိုးတက်အောင် ကြံဆောင်ခြင်းထက် မိမိတိုးတက်ရေး၊ အများ၏အသိအမှတ်ပြုမှုကို ခံ သင့် သည်ထက်ပို၍ရရှိရေးအတွက် အများကိုထိခိုက်စေသော ကြိုးစားမှုမှာမူ “ကိုယ်ကျိုးစီးပွားအခြေခံလွန်” ဖြစ်သဖြင့် လူ့အဖွဲ့အစည်းက ခွင့် မလွှတ်နိုင်သောအမှား ဖြစ်လာပါလိမ့်မည်။

မြန်မာ့သမိုင်းကို ပြန်၍လှန်လှောခဲ့လျှင် ကုန်းဘောင်နောက်ဆုံး မင်း ဆက်၌ နန်းတွင်းရေးများစွာ ရှုပ်ထွေးခဲ့ပါ၏။ ကြိုးဆွဲရာ “က” နိုင်မည့် သီပေါ နန်းရရေးအတွက် “စုဖုရားလတ်”၏ ရက်စက်မှုများမှာ မြန်မာ့သမိုင်းကို များ စွာရိုင်းစေခဲ့ပါသည်။ ဖျက်မရသော မြန်မာ့သမိုင်းတွင် မင်းသား ပေါင်း (၄၀)ကျော် စတေးခံခဲ့ရပါသည်။ မင်းစည်းစိမ်၊ မင်းအာဏာ ရရှိရေးအတွက် ဟူသော အကျိုးစီးပွားကို အခြေခံလွန်ခဲ့သောကြောင့် ကုန်းဘောင် နောက်ဆုံး မင်းဆက်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း ဘာမျှ ဟုတ်တိပတ်တိ မတိုးတက် ခဲ့ဘဲ နောက်ဆုံး အင်္ဂလိပ်တို့၏ တိုက်ခိုက်သိမ်းပိုက်မှုကို ဒူးထောက်ခဲ့ရင်း မြန်မာနိုင်ငံတစ်ခုလုံး-လုံးလုံးလျားလျား သူ့ ကျွန်ဖြစ်ခဲ့ရသော သင်ခန်းစာကို မြန်မာတို့ အမြဲတမ်းနှလုံးသွင်းထားရန် လိုအပ်လိမ့်မည် ဟု မြင်မိပါသည်။

အမှားသည် Perception ဟူသော မြင်သိခံယူမှု သွေလွဲသည့်အခါ ဖြစ် တတ်သောအရာ ဖြစ်ပါ၏။ Illusion ဟူသော အမြင်သွေလွဲမှုအပေါ် အခြေခံ ပါသည်။ သူများကွတ်ကီးကို စားနေသူ အမျိုးသမီးကသူမ၏ ကွတ်ကီးဟု ယူဆသောအခါ ဒေါသထွက်ဖြစ်ခဲ့ရသလို ဖြစ်သည်။ အခြေ အနေအရပ်ရပ် ကို မစေ့ငုနိုင်လျှင် အမြင်သွေလွဲမှု ဖြစ်နိုင်ပါသည်။ Illusion ကြောင့် Perception ဟူသော မြင်သိခံယူစိတ် လွဲမှားရပါ၏။ မြင်သိခံယူစိတ် အမှားကြောင့် စိတ်ခံ (Mindset) တို့ ပြောင်းလဲကြရပြန်ပါသည်။ ဤသဘောကို ပညာဟူသော “အမှား-အမှန်” ခွဲခြားနိုင်သော အသိဖြင့်သာ ကျော်လွှားနိုင်ပါသည်။မိမိတို့၏ တစ်ဦးတစ်ယောက်ဆိုင်ရာ အကျိုးစီးပွားအပေါ်အခြေခံလွန်းခြင်းသည် မောဟကိုဖြစ်စေ၍ ထိုမှတဖန် ဒေါ သနှင့် လောဘတို့က လိုက်ပါကာ တွန်းအားအဖြစ် အမှားတို့ကိုကျူးလွန်ဖြစ် ကြရပါသည်။

တစ်ဦးချင်းစီ ကိုယ်ကျိုးစီးပွားကို ဖက်တွယ်လွန်ပါလျှင် အားနည်းသူ များကို လက်တွဲခေါ်နိုင်မည် မဟုတ်ပါ။ ထိုနိုင်ငံ၊ ထိုလူမျိုး နိမ့်ပါးတတ် သည်မှာ လည်း အဆန်းတကြယ်မဟုတ်ပါ။ တစ်ဦးချင်းစီ ကိုယ်ကျိုးစီးပွား စွန့်လွှတ်နိုင် ကြပါလျှင် အများအကျိုးကို တစ်စုံတစ်ရာ စတင်ထမ်းဆောင် နိုင်လာကြပါ လိမ့်မည်။မြန်မာ့ဘာသာရေးတွင် သင့်တင့်မျှတသော “တော် လောဘ”နှင့် လွန်ကျူးသော““မတော်လောဘ”” ဟူ၍ ဗုဒ္ဓက ခွဲခြားထားပေးပြီး ဖြစ်ပါသည်။

အကူးအပြောင်းကာလတွင် မြန်မာတို့တစ်ဦးချင်းအကျိုးစီးပွား စွန့် လွှတ်နိုင်ကြပြီး အားနည်းသူများကိုပါ လက်တွဲခေါ်ဆောင်နိုင်ကြ ရန် သွေလွဲနေသောအမြင်များကို ပြန်လည်၍ ထိန်းညှိနိုင်ပါက ပူးပေါင်း ဆောင်ရွက်နိုင်ကြမည်ဟု ရှုမြင်ပါ၏။

နေဇင်လတ်
၁၅-၃-၂၀၁၄ (၁၂၄၂)

Subscribe Us