Saturday, July 05, 2014

ပြည့်စုံအောင်မြင်သောသူဖြစ်ဖို့

 

လူတစ်ယောက်ရဲ့ ဘဝတိုးတက်အောင်မြင်ခြင်းမှာ သူ့မှာရှိတဲ့ ဘဝအရည် အသွေးတွေ ပြည့်စုံကောင်းမွန်လာခြင်းသာဖြစ်ပါတယ်။ လောကမှာလူတစ်ဦး နဲ့တစ်ဦး ဘဝအရည်အသွေးတွေမတူညီကြပါဘူး။ တချို့သူတွေဟာ ဘဝအစ မှာနိမ့်ကျပြီး ဆင်းရဲပင်ပန်းစွာမပြည့်မစုံနဲ့ ကျင် လည်ခဲ့ရပေမယ့်နောင်တစ်ချိန် မှာ ပြည့်စုံအောင်မြင်တဲ့သူတွေ ဖြစ်သွားကြပါတယ်။တချို့ကြတော့လည်းပြည့် စုံစွာမွေးဖွားလာပေမယ့် နောက်ပိုင်းမှာ သူဘဝဟာ ရှုံးနိမ့်မှုတွေနဲ့ နစ်မြုပ်ပျောက်ကွယ်သွားကြတယ်။

လောကမှာ ပြည့်စုံအောင်မြင်တဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်လိုသူအဖို့ အရေးကြီး ဆုံးမှာ မိမိကိုယ်မိမိနားလည်ဖို့ဖြစ်ပါတယ်။ ကိုယ်ဘာလုပ်နေသလဲ၊ ဘာကြောင့်လုပ်နေသလဲ၊ ကိုယ့်လုပ်ရပ်တွေ အပြုအမူအနေ အထိုင်တွေဟာ ဘယ်ကိုဦးတည်နေသလဲ အမြဲလေ့လာ သုံးသပ်နေရပါမယ်။ အများစုလောက မှာမပြည့်မစုံနဲ့ အောင်မြင်မှုတွေဝေးနေရခြင်းမှာ ကိုယ့်အကြောင်းကိုယ် မသိလို့ပါပဲ။ ကိုယ်ဘာဖြစ်ချင်သလဲတိတိကျကျ မရှိတဲ့သူ ပြည့်စုံဖို့အဝေးကြီး ပါ။ ကိုယ့်အကြောင်းကို သိမြင်နားလည်မှသာ ကိုယ့်ရဲ့တိုးတက်မှု လမ်းကြောင်းကိုပုံဖော်နိုင်မယ့် နည်းလမ်းတွေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။


ဘဝမှာပြည့်စုံအောင်မြင်လိုသူတိုင်းဟာကိုယ့်ဘဝပြည့်စုံ အောင်မြင်မှု အပေါ် မှာသာ တစ်သမတ်တည်းအာရုံစူးစိုက်ထားသူဖြစ်ရပါမယ်။ အချိန်တိုင်း ငါ့ဘဝပြည့်စုံအောင်ဘယ်လိုလုပ်ရမလဲ၊ အောင်မြင်မှုတွေကို ဘယ်လိုနည်းနဲ့ အရယူနိုင်မယ်၊ဘယ်လိုကြိုးစားအားထုတ်မလဲအမြဲကြံဆ တွေးတောနေရပါ မယ်။ ဒီလိုအာရုံစိုက်ထားသူအဖို့တိုးတက်အောင်ပြုလုပ်နိုင်မယ့်နည်းလမ်းတွေ ကို ထူးထူးခြားခြားတွေ့လာပါလိမ့်မယ်။

လူတိုင်းပြည့်စုံစွာအောင်မြင်လိုကြပေမယ့်လောကမှာ အောင်မြင်ပေါက်ရောက်သူ အရေအတွက်နည်းပါးနေခြင်းမှာ ကိုယ့်ရဲ့စိတ်အာရုံ စူးစိုက်မှုတွေကို ထိန်းချုပ်စေစားနိုင်စွမ်းမရှိလို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘဝဘယ်လိုဖြစ်ချင်သလဲ၊ ဘဝမှာဘာတွေကို အလိုရှိသလဲ၊ ကိုယ်ဖြစ်ချင် ရောက်ချင်တဲ့ ဘဝအခြေအနေ ကိုရရှိဖို့ကိုယ့်မှာရှိတဲ့စွမ်းရည်သတ်္တိတွေနဲ့ ဘယ်လိုအားထုတ်မလဲ စတာတွေ ကို မပြတ်အာရုံပြုထားရပါမယ်။ ဒီစာကိုဖတ်ရုံသာမဖတ်ပါနဲ့။ တကယ်လုပ် ကြည့်၊ ကိုယ့်ဘဝရဲ့ ပြီးပြည့်စုံမှုကို အာရုံစိုက်ကြည့်ပါ။ စတင်ထူးခြားလာ ကိုတွေ့ရပါလိမ့်မယ်။

များပြားလှတဲ့လူထုကြီးတွေဟာဘဝပြည့်စုံမှုကို အာရုံစူးစိုက်မှုမရှိ ကြဘဲ ဘ၀ ကိုအမှုမဲ့အမှတ်မဲ့ ဖြတ်သန်းကုန်ဆုံးနေကြသူတွေချည်းပါပဲ။ ဒီထဲမှာ စာဖတ် သူလည်း ပါဝင်နေပါသလား။ သမားရိုးကျဘဝထဲမှာ ရုန်းမထွက်ဘဲသာမန် ဘဝလေးကိုသာကျေနပ်ပြီး သာမန်သာဖြတ်သန်းနေကြတာပါ။ သူတို့ဟာ အနာဂတ်မှာလုံးဝပြည့်စုံအောင်မြင်မှုတွေရကို ရရမယ်လို့ ခိုင်မာတဲ့ ဆုံးဖြတ် ချက်၊ ရည်မှန်းချက်တွေ မတည်ဆောက်ထားကြပါဘူး။ ဘဝကို အမှုမဲ့အမှတ်မဲ့ သာဖြတ်သန်းသွားရင်သာမန်လူအဆင့်မှာသာ ဘဝကရပ်တန့်ကုန်ဆုံးသွား မှာ အသေအချာပါပဲ။

ဒါကြောင့်ဒီလို သမားရိုးကျဘဝလေးကနေ ပြည့်စုံအောင်မြင်တဲ့ ဘဝဖြစ်အောင်အားထုတ်လုပ်ဆောင်ဖို့ဒီနေ့ကစပြီး ဆုံးဖြတ်ချက်ချရပါ လိမ့်မယ်။ ပြည့်စုံတဲ့ဘဝဖြစ်ဖို့ပထမဆုံး လိုအပ်ချက်တစ်ခုကတော့ ကိုယ်ဖြစ် ချင်တဲ့ဘဝရဲ့ စံချိန်စံညွှန်းကို မြှင့်တင်သတ်မှတ်ခြင်းသာဖြစ်ပါတယ်။ စံချိန်မီ တဲ့ဘဝဖြစ်ရမယ်။ ပြည့်စုံတဲ့ဘဝဖြစ်ရမယ်။ အောင်မြင်တဲ့ဘဝဖြစ်ရမယ်။ လက်ရှိဘဝအခြေအနေထက်မြင့်မားပြီးကိုယ်လိုချင်တဲ့ဘဝမျိုးက ဘယ်လို ဘဝမျိုးလဲဆိုတာ ပြတ်ပြတ်သားသားသိအောင် လုပ်ရပါမယ်။ ကိုယ့်မျှော်မှန်း ချက်တွေကို မြင့်သည်ထက်မြင့်အောင်ပြောင်းလဲ သတ်မှတ်ရပါလိမ့်မယ်။

ဒီလိုဘဝမျှော်မှန်းချက်စံချိန်စံညွှန်းကို သတ်မှတ်မြှင့်တင်ပြီးတဲ့အခါ မှာ ကိုယ့် ဘဝအမှန်တကယ် ဒီလိုဘဝမျိုးရောက်ကိုရောက်ရမယ်ဆိုတဲ့ ယုံကြည်ချက် ရှိနေဖို့လည်းလိုပါတယ်။ ကိုယ့်ဘဝပြည့်စုံအောင် စွမ်း ဆောင်နိုင်မှာ မဟုတ်ဘူးဆိုပြီး သင့်အနေနဲ့အမှန်တကယ်ယုံကြည်မှု မရှိဘူးဆိုရင် ကိုယ့်ဘဝပြည့်စုံအောင်မြင်မှုတက်လမ်းကိုမိမိကိုယ်တိုင် ပြန်လည် ပိတ်ဆို့ ဖျက်ဆီးနေသလိုဖြစ်သွားနိုင်ပါတယ်။

ဘဝပြည့်စုံဖို့အတွက်ကြိုးစားဖို့မဆိုထားနှင့်၊ မိမိကိုယ်မိမိမှ လုပ်ဆောင်နိုင် ပါ့မလားလို့ မယုံမရဲဖြစ်နေရင် အောင်မြင်ဖို့မဖြစ်နိုင်ပါဘူး။ ဒါဟာယုံကြည်မှု အပြည့်အဝမရှိခြင်းပါပဲ။ ယုံကြည်ချက်ဆိုတာ စောဒက မတက်နိုင်တဲ့၊ ဆင်ခြေပေးလို့မရတဲ့အမိန့်အာဏာတစ်ခုလိုပါပဲ။ လုပ်မယ်ဆိုရင် လုပ်ကိုလုပ် ရပါမယ်။

ကိုယ်ရည်မှန်းထားတဲ့ပြည့်စုံတဲ့ဘဝတစ်ခုကို ကိုယ်တိုင်ပုံဖော် လုပ်ဆောင်နိုင် လိမ့်မယ်လို့ ယုံကြည်စိတ်ချတဲ့ စိတ်ကို မွေးမြူထားဖို့လိုပါတယ်။ ဒီလိုမှသာ ကိုယ်လိုချင်တဲ့ပြည့်စုံအောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်မှာပါ။

ခေါင်းဆောင်ကြီးမဟတ္တမဂန်္ဒီဟာ သူရဲ့အကြမ်းမဖက်ဆန့်ကျင်ရေး စွမ်းအား အပေါ်ယုံကြည်စိတ်ချမှုသာမရှိခဲ့ရင်အခုလိုမျိုး ကမ္ဘာကျော် ခေါင်းဆောင်ကြီး တစ်ဦးအဆင့်ကို ရောက်လာမှာမဟုတ်ပါဘူး။ ယုံကြည် ချက်ခိုင်မာပြင်းထန် မှုကြောင့်သာကိုယ်တွင်းမှာရှိတဲ့စွမ်းအားတွေ ထုတ်ယူသုံးစွဲပြီး ဘဝရဲ့စိန်ခေါ် မှုတွေကိုပြောင်မြောက်စွာ ရင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယုံကြည်မှုရှိသူ ဟာ ပြတ်သားတယ်။ ယုံကြည်မှုရှိခြင်းဟာ ကိုယ့်ဘဝကိုကိုယ်စိတ်ချနိုင်တယ်။ သမိုင်းတလျှောက်အောင်မြင်သူတွေ ရဲ့ပြည့်စုံမှုတွေ၊ ကြီးကျယ်တဲ့အောင်မြင် မှုတွေရဲ့အနောက်မှာအင်အားကြီးမားတဲ့စံချိန်စံညွှန်းတွေနဲ့ယုံကြည်ချက်တွေက တွန်းအားတစ်ခုအဖြစ် ရပ်တည်နေကြပါတယ်။

ဒါကြောင့်ကျွန်တော်တို့အားလုံးဟာကိုယ့်ဘဝရဲ့ ပြည့်စုံအောင်မြင်မှုကို ကိုယ်တိုင်စိတ်တိုင်းကျ မြင့်မားအောင်ပုံဖော်ဖို့လိုအပ်ပါတယ်။ ပုံဖော်စံသတ် မှတ်ပြီးရင်လည်းယုံကြည်မှုအပြည့်နဲ့တစိုက်မတ်မတ် အား ထုတ်လုပ်ဆောင် ရပါလိမ့်မယ်။ အခုအချိန်ကစတင်ပြီး ပြည့်စုံအောင်မြင်တဲ့ဘဝပိုင်ရှင်တွေဖြစ် ဖို့စတင်လိုက်ကြရအောင်ပါ။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave) —

Subscribe Us