Saturday, July 05, 2014

ရွိသူ၊ မရွိသူ


တစ်ခါက ရှိ၍ မရှိသူနဲ့ မရှိ၍ ရှိသူဆိုတဲ့ လူနှစ်မျိုးနှစ်စားအကြောင်းကို ရေးဖွဲ့ 

ထားတဲ့ဝတ္ထုတိုတစ်ပုဒ်ကို ဖတ်ဖူးပါတယ်။ လိုရင်းကတော့ ရုပ်ဝတ္ထု ပစ္စည်းတွေ ချမ်းသာကြွယ်ဝနေသူတွေဟာ တကယ်တမ်း စိတ်ချမ်းသာမှုနဲ့ ဘဝကို ကျေနပ်မှုမရှိဘူးဆိုရင် ရှိ၍မရှိသူ ဖြစ်တယ်၊ ရုပ်ဝတ္ထုု ပစ္စည်းပိုင်းမှာ ဆင်းရဲချို့တဲ့ပေမယ့် တကယ်တမ်းစိတ်ချမ်းသာမှုနဲ့ ဘဝကို ကျေနပ်မှု ရှိတယ် ဆိုရင်တော့ မရှိ၍ရှိသူ ဖြစ်တယ်လို့ ရေးဖွဲ့ထားတာပါ။ လောကမှာ အရာရာ ကို ရုပ်ဝတ္ထုပစ္စည်း ချမ်းသာကြွယ်ဝမှုတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတဲ့ အမှန်တရားကို ဖော်ပြတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်။


ဒါဆိုရင် ရုပ်ဝတ္ထုပစ္စည်း ချမ်းသာကြွယ်ဝဖို့ မလိုဘူး၊ စိတ်ချမ်းသာမှုနဲ့ ဘဝမှာ ကျေနပ်ဖွယ်ရာ အရည်အချင်းတွေ၊ ဆက်ဆံရေးတွေ၊ အသိအမှတ်ပြု ဂုဏ်ပြုနေရာပေးခံရတာတွေကသာ အရေးကြီးတယ်လို့ ယူဆရမှာလား ဆိုရင် အဲဒီလိုယူဆပြီး ပထမနဲ့ ဒုတိယအရွယ်တွေကို ကုန်လွန်ခဲ့သူတွေ ကို တွေ့ဖူးပါတယ်။ တကယ့်ကို ငွေရေးကြေးရေးအကြောင်း လုံး၀ ဂရုမစိုက် ဘဲ ပညာရပ်နယ်ပယ်နဲ့ လုပ်ငန်းအပေါ်မှာ သစ္စာရှိကြတဲ့သူတွေ ဖြစ်ပါတယ်။ 

သူတို့ရဲ့ အထူးပြုနယ်ပယ်မှာလည်း ဒိပ်ဒိပ်ကြဲအောင်မြင်မှုတွေရခဲ့ကြပါတယ်။ တကယ့်ကို မရှိ၍ရှိသူ စစ်စစ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့တတိယအရွယ် အိုမင်း မစွမ်းချိန်မှာ သူတို့ဟာ ပညာရပ်နယ်ပယ်နဲ့ လုပ်ငန်းမှာ ထိပ်ဆုံးမဟုတ် ကြတော့ဘူး။ လောကနိယာမအရ အဟောင်း အဟောင်းတွေရဲ့ နေရာကို အသစ်အသစ်တွေက ဝင်ရောက်လာစမြဲမို့ သူတို့လည်း တက်လူ လူတော်တွေ၊ လူငယ်လူစွမ်းကောင်းတွေကို နေရာဖယ်ပေးလိုက်ရတာပါပဲ။ အဲဒီအခါ မရှိ၍ ရှိသူဘဝက မရှိ၍မရှိသူဘ၀ ကို အိုမင်းမစွမ်းအချိန်မှာ ရောက် သွားကြတာကို တွေ့ရပါတယ်။


တစ်ခါ မိဘမျိုးရိုးက ချမ်းသာလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ကြိုးစားအား ထုတ်မှုနဲ့ ဉာဏ်စွမ်းကောင်းနေချိန်မှာ ကံတရားက အလှည့်ပေးလိုက် လို့ပဲဖြစ်ဖြစ် ရုပ်ဝတ္ထုပစ္စည်းတွေ ချမ်းသာချင်တိုင်း ချမ်းသာပြီး ဘယ်သူ့ကိုမှ လူမထင်ဘဲ ကိုယ်ဖြစ်ချင်တာ တစ်ခုတည်း သိသူ၊ ကိုယ့်ဖို့ တစ်ဖို့ တည်းရှိသူတွေနဲ့ ဆိုးချင် တိုင်းဆိုး၊ မိုက်ချင်တိုင်း မိုက်နေသူတွေဟာ တကယ်တမ်း စိတ်ချမ်းသာမှုနဲ့ ဘဝအပေါ် ကျေနပ်မှုကိုမရနိုင်ဘူး၊ ရှိ၍ မရှိသူတွေလို့ ဆိုနိုင်ပါတယ်။ သို့သော်လည်း မိဘမျိုးရိုးက ချမ်းသာသူ တွေ၊ ကိုယ့်ရဲ့ ကြိုးစားအားထုတ် မှုနဲ့ ဉာဏ်စွမ်းကောင်းနေချိန်မှာ ကံတရားက အလှည့်ပေးလိုက်လို့ပဲဖြစ်ဖြစ် ရုပ်ဝတ္ထုပစ္စည်းတွေ ချမ်းသာ ချင်တိုင်း ချမ်းသာသူတွေထဲမှာ တစ်ဖက်သားကို စာနာတတ်သူတွေ၊ အမြဲတမ်း သူ့ဘက်ကိုယ့်ဘက်မျှတအောင် စဉ်းစား ပြီး နှစ်ဘက်စလုံးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်တတ်သူတွေ၊ သူတော်မှ ကိုယ်ကောင်းတာမျိုး မဟုတ်ဘဲ ကိုယ့်ဘက်က အမြဲကောင်းစေရ မယ်ဆိုပြီး သူတစ်ပါးကို တတ်နိုင်တဲ့ဘက်က အကူအညီပေးချင်သူတွေလည်း ရှိမှာ ပါပဲ။ အဲဒီလို လူမျိုးတွေဟာ သူတို့ရဲ့ စိတ်ကောင်း စေတနာကောင်းတွေ ကို အပြောနဲ့ မဟုတ်ဘဲ လက်တွေ့ထိထိရောက်ရောက် အကူအညီ ပေးနိုင် တတ်ကြတယ်။ အဲဒီလိုလူမျိုးတွေကိုတော့ ရှိ၍ရှိသူလို့ ဆိုရမှာပါ။


လူငယ်တွေထဲမှာ ကြီးပွားတိုးတက်ချင်စိတ် အလွန်ပြင်းထန်တဲ့သူ တွေ ကို တစ်ခါတစ်ခါ တွေ့ဖူးပါတယ်။ သူတို့ စိတ်ထဲမှာ ဘယ်အသက် ဘယ် အရွယ်ရောက်ရင် ပညာရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေမှာ ဘယ်အ ဆင့်အတန်းလောက်ရောက်ရမယ်လို့ မှန်းထားတာရှိတယ်။ အဲဒီ အဆင့် အတန်းကို ရောက်အောင် ဘာမဆိုလုပ်မယ်ဆိုတဲ့စိတ်ရှိတယ်။ အဲဒီအဆင့် အတန်းကို ရောက်မယ်ထင်လို့ လုပ်ထားတဲ့အလုပ်တွေကို လည်း အဲဒီ အဆင့်အတန်းရောက်ဖို့ အထောက်အကူ မဖြစ်နိုင်လောက်ဘူးလို့ ထင်မြင် ယူဆလာတဲ့တစ်နေ့မှာ အရင်းအနှီးဘယ်လောက်ကြီးကြီး၊ မိသားစုဘဝကိုပဲ စတေးရ စတေးရ၊ ကိုယ့်အပေါ် သံယောဇဉ်ရှိသူတွေ၊ အကူအညီပေးဖူး သူတွေ၊ ကျေးဇူးရှိသူတွေကို ဘယ်လိုပဲ ထိခိုက်ထိခိုက် ရပ်တန့်ပစ်ဖို့၊ ပြောင်း လဲပစ်ဖို့ ဝန်မလေးသူတွေ ဖြစ်တယ်။ သူတို့ စိတ်ထဲမှာ ဆင်းရဲတဲ့ ဘဝ၊ အောက်ကျနောက်ကျ ဘဝမှာတော့ မနေဘူး။ သေမြေကြီး ရှင်ရွှေထီး အထက်တန်းစား ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သေတာကမှ ကောင်းသေးတယ်လို့ အတိအလင်း တွေးတောစဉ်းစားထားတာ ရှိချင်မှ ရှိပေမယ့် သူတို့ရဲ့ အပြု အမူကတော့ အဲဒီအတိုင်း ဖြစ်နေပါတယ်။


ဒီလိုလူမျိုးကို ရှိသူလား မရှိသူလား ခွဲခြားပြောဖို့ ခက်ပါတယ်။ မြင့်မားတဲ့ ရည်မှန်းချက်နဲ့ ပြင်းပြတဲ့ဆန္ဒရှိပေမယ့် အခြေအနေတွေနဲ့ ကံတရားရဲ့ အလှည့်အပြောင်းကို စောင့်ဆိုင်းနိုင်တဲ့ စိတ်ရှည်သည်းခံမှုမျိုးတော့ မရှိပြန် ဘူး။ စွန့်လွှတ် စွန့်စားတဲ့ စိတ်မျိုး ပြည့်ဝပြီး တကယ်တမ်း အထက်တန်း စားဖြစ်လာတဲ့အခါကိုယ့်ရဲ့အသိုက်အဝန်းကို သူမတူအောင် အကျိုးပြုနိုင် မှာဖြစ်ပေမယ့် မြေကြီးဘ၀ ရွှေထီးမဖြစ်ခင်စပ်ကြားမှာ ကိုယ့် အပေါ် သံယောဇဉ်ရှိသူတွေ၊ အကူအညီ ပေးဖူးသူတွေ၊ ကျေးဇူးရှိသူ တွေကို စိတ်ထိခိုက်အောင် အင်မတန် လုပ်တတ်သူတွေလည်း ဖြစ်နေတတ်ပါတယ်။ တစ်ချိန်တည်းမှာ ရှိသူလည်းဟုတ်တယ်၊ မရှိသူလည်း ဟုတ်တယ်လို့ ဆိုချင်ပါတယ်။


ဆရာသုတ JOB seekers Journal Vol.2,No.49

Subscribe Us