Saturday, July 05, 2014

သစ္စာလေးပါး သို့မဟုတ် အနတ္တ၀ါဒ ၏ အနှစ်သာရ



နေဇင်လတ်

JOB seekers Journal Vol.2,No.49

ဗုဒ္ဓသည် ဘုရားအဖြစ်သို့ ရောက်ရှိသည်မှစ၍ ပရိနိဗ္ဗာန်ပြုသည် အထိ (၄၅) ၀ါပတ်လုံး လောကသားတို့၏ လွတ်မြောက်မှုအတွက် မရပ်မနား ကြိုးပမ်းခဲ့ ၏။ ပြဿနာ အရပ်ရပ်တို့ကို ဖြေရှင်းကိုင်တွယ်အပြီး၌ သစ္စာ (၄)ပါးဖြင့် နိဂုံးချုပ် တတ်သည်။ မည်သို့မည်ပုံ လောကီသားတို့အား ချေချွတ်တော်မူသည်ကို အနီးကပ် အများဆုံးမြင်တွေ့ခဲ့ရသည်မှာ အရှင် အာနန္ဒာဖြစ်၏။ တစ်နေ့တွင် ဗုဒ္ဓက ပရိနိဗ္ဗာန်ပြုတော့မည့်အကြောင်း ထုတ်ဖော်ပြောဆိုသည့်အခါ ရှင်အာနန္ဒာက ရှိုက်ကြီးတငင် ငိုကြွေးတော် မူပြီး ...
“ဗုဒ်္ဓ ပရိနိဗ်္ဗာန်ပြုပြီးနောက်၊ နောက်ထပ်ဖြစ်လာမည့် ပြဿနာများ ကို မည်သူက ဖြေရှင်းပေးတော်မူပါမည်နည်း” ဟု မေးတော်မူခဲ့သည်။ ဗုဒ္ဓက အာနန္ဒာအား ...
“ယောခေါ အနန္ဒာမယာ ဓမ္မောစ ၀ိနယောစ ဒေသိတော ပည တ္တော၊ သောဝေါ မပစ္စယေန သတ္တာ” ဟူ၍ ဖြေဆိုတော်မူသည်။
““အာနန္ဒာ ... ငါဘုရားမရှိတော့သောအခါ၌ ငါ၏ ဓမ္မနှင့် ၀ိနယ တို့ သည် သင်တို့၏ဆရာအဖြစ်ဖြင့် ပြဿနာရပ်များကို ဖြေရှင်းပေးလိမ့် မည်” ဟူ၍ ဖြစ်သည်။

ယနေ့တိုင်အောင်ပင် ဗုဒ္ဓ၏ ဓမ္မတရားများ၊ အဆုံးအမများသည် လူသား တို့၏ လမ်းညွှန်အဖြစ်ရှိဆဲဖြစ်နေခဲ့သည်မှာ နှစ်ပေါင်း (၂၆၀၀) နီးပါးမျှတိုင် ခဲ့ပြီဖြစ်သည်။ အစဉ်အလာ ဗုဒ္ဓဘာသာအဖြစ်ထက်ပို၍ အတန်ငယ် တိုးဝင်လေ့လာပါက များစွာအကျိုးကျေးဇူးကြီးမားကြောင်း တွေ့ရပါလိမ့် မည်။ လောကီချမ်းသာမျှသာမက လောကုတ္တရာချမ်းသာ နှစ်ဖြာကို ရရှိနိုင်ပါ သည်။ ဆန့်ကျင်ဘက် ချမ်းသာမှုဖြစ်သော လောကီမှ သည် လောကုတ္တရာသို့ အနည်းဆုံး တစ်စိတ်စာမျှလောက် ကူးပြောင်း နိုင်လိမ့်မည်ဟု မြင်ပါသည်။

x x x x

ဗုဒ္ဓသည် ပြဿနာအရပ်ရပ်တို့ကို ဖြေရှင်းတော်မူရာ၌ (၄)မျိုးသော အရင်းခံအပေါ် အခြေခံလေ့ရှိသည်။ ယခု ခေတ်စကားနှင့်ဆိုသော် မူဘောင်လေးခုအတွင်း မှ ဖြစ်သည်။ ဤသည်မှာပင် မှန်ကန်မှုဖြစ်၍ သစ္စာ (၄) ပါးဟု ဆိုသည်။ အတ္တ၏ ဆန့်ကျင်ဘက် အနတ္တတရားလည်း ဖြစ်သည်။ ဗုဒ္ဓမတိုင်မီခေတ်က “အတ္တ” အယူအဆကြီးမားစွာ လွှမ်းမိုးခဲ့ရာမှ ဗုဒ္ဓခေတ်တွင် သိမ်မွေ့စွာဆန့် ကျင်သော အနတ်္တတရားကို ထုတ်ဖော်ခဲ့ပါသည်။

(၁) ပြဿနာများဖြစ်ပွားရခြင်း၏ ဆင်းရဲမှု
(၂) ထိုဆင်းရဲမှု မြစ်ဖျားခံရာအကြောင်း
(၃) ထိုဆင်းရဲမှုမှလွတ်မြောက်ရာ (နိဗ္ဗာန်)
(၄) ထို လွတ်မြောက်ရာ (နိဗ္ဗာန်)သို့ ရောက်ရာလမ်းစဉ်...ဟူ၍ဖြစ်သည်။

လောကီမှ လွတ်မြောက်ရာလမ်းစဉ်မှာ မဂ္ဂင်ရှစ်ပါးဖြစ်ပြီး ...
(၁) သမ္မာဒိဋ္ဌိ (အမှန်မြင်ခြင်း)
(၂) သမ္မာသင်္ကပ (အမှန်ကြံစည်ခြင်း)
(၃) သမ္မာဝါစာ (အမှန်ပြောခြင်း)
(၄) သမ္မာကမန္တ (အမှန်လုပ်ခြင်း)
(၅) သမ္မာအာဇီဝ (အမှန်အသက်မွေးခြင်း)
(၆) သမ္မာဝါယာမ (အမှန်အားထုတ်ခြင်း)
(၇) သမ္မာသတိ (အမှန်အောက်မေ့ခြင်း)
(၈) သမ္မာသမာဓိ (အမှန်တည်ငြိမ်ခြင်း)
ခွဲခြားလိုက်လျှင် ပညာအခြေခံ၊ သီလအခြေခံ၊ သမာဓိအခြေခံဟူ ၍ သုံးအုပ်စုကို တွေ့ရပါလိမ့်မည်။

မဂ္ဂင်ရှစ်ပါးသည် လောကုတ္တရာအကျိုးအတွက်မျှသာ-မဟုတ်။ လောကီ အကျိုးအတွက်လည်း သက်ဆိုင်ပါသည်။ လောကီ၊ လောကုတ္တရာသည် ရှင်သန်နေဆဲလူသားတို့အတွက် ဆက်စပ်နေသောကြောင့် ဖြစ်၏။ တစ်စုံတစ်ရာ ရင့်ကျက်၍ အမှန်ကို စတင်မြင်တွေ့လာလျှင် လောကီအရေး အရာများ၌ မဂ္ဂင်ရှစ်ပါးကို အခြေခံနိုင်ပြီး၊ လောကုတ္တရာ သို့ တဖြည်းဖြည်းချင်း ကူးသွားနိုင်ခွင့်ရှိပါသည်။

ရှေးကုသိုလ်ကံ ကြီးမားခဲ့ကြ၍ ရခဲလှသောလူ့ဘ၀ကို ယနေ့ပိုင်ဆိုင်ခဲ့ ကြပါသည်။ ထိုကုသိုလ်၊ အကုသိုလ်တို့၏ အဟုန်ပမာဏဖြင့် ချမ်းသာ လာသော လူတန်းစား၏ ၀မ်း၌ ၀င်စားခွင့်ရကြသူများ၊ ဆင်းရဲသောလူတန်း စား၏၀မ်း၌ ၀င်စားကြသူများ၊ ကိုယ်လက်အင်္ဂါ အစုံအလင်ပါနိုင်ကြသူများ၊ ကိုယ်လက်အင်္ဂါချို့ယွင်းစွာဖြင့် လူဖြစ်လာခဲ့ကြရသူများ ဟူ၍ ကွာခြားနေပြန်သေး သည်ကို သတိပြုနိုင်ကြရာဖြစ်ပါသည်။ ကောင်းသော အမှုကို စေတနာအမှန်ဖြင့် ပြုနိုင်ခြင်းသည် ကုသိုလ်အကျိုးတရားများကို ရရှိစေပြီး၊ မကောင်းသောအမှုကို စေတနာအမှားဖြင့်ပြုခြင်း အတွက်လည်း အကုသိုလ်အကျိုးပေးကို လွှဲရှောင်နိုင်ကြမည် မဟုတ်ပါ။

ကံကောင်းထောက်မ၍ လူဖြစ်ခဲ့ကြရသော ကျွန်တော်တို့သည် ထို ပိုင်ဆိုင်သောဘ၀၏ အချိန်တစ်ခုကို ဖြတ်သန်းကြရပြန်သည်။ မွေးစက အတိတ်ကံတစ်ခုတည်း၏ အကျိုးတရားဖြင့် လူဖြစ်ခဲ့ကြသော်လည်း ကြီး ပြင်းလာသည့်အခါ ပတ်ဝန်းကျင်က မိမိတို့၏စိတ်ကို အရောင်ဆိုးပေး ကြတော့၏။ ပညာနည်းပါးကြသူတို့က ပတ်ဝန်းကျင်ဆိုးသမျှအရောင်ကို အလွယ်တကူ လက်ခံတတ်လေ့ရှိပြီး၊ တစ်စုံတစ်ရာ ပညာရှိကြသူတို့က ခွဲခြားလက်ခံနိုင်ခဲ့ကြသည်။ ပညာရှိကြလျှင် မဂ္ဂင်ရှစ်ပါးကို ဗုဒ္ဓအဟော အတိုင်းလိုက်နာကျင့်ကြံနိုင်ကြမည်ဖြစ်ပြီး၊ ပညာနည်းပါး၍မောဟကြီးမား သူများအနေဖြင့်မူ ဆန့်ကျင်ဘက်ဖြင့် လက်ခံကျင့်သုံးကြမည်သာဖြစ်ပါ၏။

ဗုဒ္ဓ၏ မဂ္ဂင်ရှစ်ပါးသည် အကြောင်းတရား၊ လမ်းစဉ်ဖြစ်၍ လိုက်နာကျင့် ကြံမှုမှတစ်ဆင့် အကျိုးတရားများကို ပြန်လည်ခံစားရမည် ဖြစ်ပါသည်။ တစ်ဘ၀နှင့် နိဗ္ဗာန်မရောက်နိုင်ကြသေးလျှင် အနာဂတ်၌ ဘ၀ပေါင်းများစွာကို ထပ်မံဖြတ်သန်းကြရပါဦးမည်။ မည်သို့သော ဘ၀မျိုး၊ မည်မျှအသိရှိသော ဘ၀မျိုးဖြင့် ပိုင်ဆိုင်ဖြတ်သန်းကြရမည်ကို မည်သူမျှ တပ်အပ်သေချာစွာ မသိနိုင်ကြသေးပါချေ။ ထို့ကြောင့် ဖြစ်ခဲသော လူ့ဘ၀၊ ရခဲသော ဗုဒ္ဓ၏ အဆုံးအမများနှင့် တိုက်ဆိုင်သော အချိန်၌ ရှိ သမျှအသိ၊ရှိသမျှပညာတို့ကို ညှစ်ထုတ်ကာ လိုက်နာကျင့်ကြံသင့်သည်ဟု မြင်ပါသည်။

x x x x

အပ္ပမာဒ

လောကီ၊ လောကုတ်္တရာ ပြဿနာပေါင်း အသိန်းအသောင်းတို့ကို ရဟန်း ရှင်၊ လူ၊ နတ်၊ ဗြဟ္မာတို့ မဝေဖန် မဆုံးဖြတ်နိုင်ချေ။ အလုံးစုံကို သိတော် မူသော မြတ်ဗုဒ္ဓတစ်ပါးတည်းသာ ဖြေရှင်းနိုင်တော်မူ၏။ တစ်နေ့ သ၌ ပုဏ်္ဏားတစ်ဦးက ဗုဒ္ဓထံ ရောက်လာကာ . .
“အရှင် ဂေါတမ၊ မျက်မှောက်အကျိုး၊ တမလွန်အကျိုး၊ ထိုအကျိုး နှစ်မျိုး လုံးကိုယူ၍ တည်သော၊ ပွားများအပ်သော၊ ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုတည်းသောတရားရှိပါသလော””ဟူ၍ မေးမြန်းလျှောက်ထားခဲ့သည်။

ဗုဒ္ဓက ...

“ပုဏ္ဏား၊ မျက်မှောက်အကျိုး၊ တမလွန်အကျိုး၊ အကျိုးနှစ်မျိုးလုံးကိုယူ၍ တည်သော၊ ပွားများအပ်သော၊ ကြိမ်ဖန်များစွာ အထပ်ထပ် ပြုအပ်သည့် တစ်ခုတည်းသောတရားဟူသည် မမေ့မလျော့မှု အပ္ပမာဒ တရားပင်တည်း” ဟုဖြေဆိုတော်မူခဲ့သည်။

ကိလေသာတို့တွင် ညွှတ်လွယ်သောစိတ်ရှိသည့်အတွက် အမြဲတမ်း မမေ့မလျော့ ဆင်ခြင်ခြင်းဖြင့် မိမိတို့၏ဘ၀ကို အနည်းဆုံး ဆိုးဆိုးဝါးဝါး မဖြစ်အောင် ပဲ့ပြင်နိုင်မည်ဟု ယူဆပါသည်။

အတိတ်၏ ရှည်လျားသောသံသရာတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဘ၀ အမျိုးမျိုးကို မရေမတွက်အောင် ဖြတ်သန်းခဲ့ရဖူးခဲ့ပြီဖြစ်သည်။ အနာဂတ် တွင်လည်း မည်မျှအရေအတွက်ရှိသောဘ၀များကို ထပ်မံဖြတ်သန်းရမည် ကိုလည်း သိနိုင်ခြင်းမရှိပြန်ချေ။ သို့သော်လည်း ကောင်းသောအမှု ကိုပြုခြင်းကြောင့် ကောင်းသောအကျိုးကို ခံစားရမည်ဟူသော အခြေခံ သဘောတရားနှင့် ကုသိုလ်၊ အကုသိုလ်တို့၏ အကျိုးပေးကို ရှောင်လွဲ၍ မရဟူသောသဘောကိုတော့ ခံယူထားနိုင်ကြပါက အနည်းဆုံးဘ၀ တို့ဖြင့် လောကီမှ လွတ်မြောက်နိုင်ပါလိမ့်မည်။ အကျိုးတရားများသည် အလိုလို မိုးပေါ်မှကျလာသည်မဟုတ်။အကြောင်းတရားကြောင့်သာ အကျိုး တရား တို့ ဖြစ်လာခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် အကျိုးတရားကောင်းရန် အကြောင်းတရား ကောင်းများကို ဆောင်ရွက်နိုင်ကြရန်လိုသည်။ ဤအတွက် ဗုဒ္ဓချမှတ်ပေးခဲ့သောလမ်းစဉ်က မဂ္ဂင်ရှစ်ပါး ဖြစ်လာပါတော့သည်။

ဝန်းကျင်သည် အလိုလောဘတို့အတွက် ပြည့်လျှမ်းနေတတ်လေ့ ရှိသည်။ လောကီချမ်းသာက မြင်သာထင်သာရှိ၍ လောကီချမ်းသာ နောက် မမောမပန်း လိုက်ပါကြသည်က များလှသည်။ လောကီချမ်းသာ တစ်စုံတစ်ရာ ရရှိပြီးသော်လည်းမတင်းတိမ်နိုင်ကြပြန်။ လောဘဟူသည်မှာ မထိန်းသိမ်းနိုင် သမျှ ကာလပတ်လုံး ဖြည့်၍မပြည့်သောအိုးကဲ့သို့ ဖြစ်သည်။ အမှန်တ ကယ်ဖြည့်၍မပြည့်သောအိုး ဖြစ်သင့်သည်က ပညာအရာသာဖြစ်သည်။ သင့်တော်သည့် လောဘအဆင့်လား၊ မတော်မ လျော်လောဘအဆင့်လား ဟူသည်ကိုပင် မဝေခွဲနိုင်၊ မစဉ်းစားနိုင်သည် အထိ ဖြစ်လေ့ရှိကြသည်မှာ လည်း လောကသားတို့၏ အရာ ဖြစ်ရပြန်သည်။ ဆင်ခြင်သတိထားမှုမရှိခြင်း သည်ပင်လျှင် အပ်္ပမာဒ ဖြစ်ရပြန်ပါ၏။

စိတ်သည် အကုသိုလ်တို့၌ မွေ့ထုံသည့်သဘောရှိသည့် အားလျော် စွာ မြန်မာတို့သည် သူတစ်ထူး တိုးတက်ကောင်းစားသည်ကို တွေ့ရမြင်ရ ကြားရပင်လျှင်မုဒိတာမပွားနိုင်ခြင်းသည် ကုသိုလ်ဖြစ်ရမည့်အစား အကုသိုလ် ကို ဖိတ်ခေါ်နေသလို ဖြစ်နေသည်ဟု ယူဆပါ၏။ မုဒိတာပွားနိုင်ခြင်း၊ မေတ္တာ ထားနိုင်ခြင်းသည် ငွေကုန်ကြေးကျမရှိဘဲ အလကားရ သောကုသိုလ် ဖြစ်လင့် ကစား၊ သူများ၏ တိုးတက်မှုအပေါ် မရှုစိမ့်မှုဖြင့် အကုသိုလ်ရယူခြင်း သည် မြန်မာတို့အတွက် ၀မ်းနည်းစရာ ဖြစ်ရပါ တော့သည်။ မိမိတို့၏ အလုပ် အခြေအနေ၊ မိမိတို့၏ စိတ်အခြေအနေကို ကောင်းစွာ ဆင်ခြင် ထိန်းသိမ်းနိုင်ခြင်းသည် အပ္ပမာဒဖြစ်၍ ကောင်းရာသို့ ပဲ့ပြင်နိုင်သော်လည်း၊ မဆင်ခြင်မိ၊ သတိမမူမိကြ၍ နေ့စဉ်နှင့်အမျှ အကုသိုလ်တို့ ၀င်ရောက်နေ သည်ကို သတိမူမိ သူတို့ ရှားပါးလှသည်ကို တွေ့ရပါ၏။

ဗုဒ္ဓ၏အဆုံးအမသည် လောကုတ်္တရာသက်သက်အတွက် မဟုတ်ချေ။ လောကီမှ မလွတ်မြောက်နိုင်သေးသူများအတွက်လည်း လိုက်နာ နိုင်သင့်သောလမ်းစဉ်ဖြစ်၍၊ လောကီကောင်းကျိုးများကို ရရှိကြမည့် အပြင် လောကီမှ လောကုတ်္တရာသို့ ကူးပြောင်းနိုင်မှုနှင့် လွတ်မြောက်ရာ လွတ်မြောက်ကြောင်းတို့အတွက်လည်း တစ်ခုတည်းသောလမ်းစဉ် ဖြစ်ပါ သည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရခဲ့ကြပါသည်။ ဤလွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် အချို့က တလွဲသုံး နေ ကြသည်ကိုလည်း တွေ့ရပြန်သည်။ မည်မျှအကုသိုလ်နှင့်ယှဉ်၍ ရေးသား၊ ထုတ်ဖော်ကြသည်ကိုလည်း သတိထားမိပါ၏။ အချို့က ကျင့် ၀တ်ကိုမသိ ၍ ရေးကြသည်။အချို့မှာ ကျင့်ဝတ်ကိုသိသော်လည်း မိမိတို့၏ ဒေါသ၊ မောဟ၊ အကျိုးစီးပွားများကြောင့် ထိန်းသိမ်းမှုမရှိဘဲ ရှေ့ဆက် တိုးကြသည်ကို လည်း တွေ့ရသည်။ အချို့က ပုဂ်္ဂိုလ်ရေးကို သက်သက် ရည်စူးတိုက်ခိုက် ကြ၏။ တူသောအကျိုးပေးကို လက်တွေ့ ပြန်၍ခံလိုက် ကြရသည်ကို လည်းတွေ့ရ၏။ ဗုဒ္ဓဘာသာလောက် လောကီ၊ လောကုတ္တရာနှစ်ဖြာအတွက် အကျိုးကျေးဇူးကြီးမားသည့် အဆုံးအမများကို အခြား၌ မတွေ့ရတတ်သော် လည်း ၀မ်းနည်းစရာကောင်းသည်မှာ အနီးမှာရှိ သော မြန်မာတို့ အနေဖြင့် ပြန်၍အသုံးမပြုနိုင်ကြခြင်းမှာ ၀မ်းနည်းစရာ ဖြစ်နေပါသည်။ ဣဿာ မစ္ဆရိယ အားကြီးသူတို့မှာ ဘယ်သောအခါမှ မကြီးပွားတတ်၊ မကြီးပွားသည့် အပြင် ပို၍နိမ့်ပါးတတ်ပါသေးသည်။ တူသောအကျိုးပေးကြောင့်ဖြစ်သည်။

ကိုယ့်လုပ်ရပ်၊ ကိုယ့်စိတ်ဓာတ်များကို ပြန်၍ဆန်းစစ်သင့်ကြသည်။ မဂ္ဂင်ရှစ်ပါးနှင့် ညီညွှတ်ပါရဲ့လား။ ဤအတွက်ပြန်၍ ဆင်ခြင်မိပါရဲ့လား ဟု သတိထားမိရန် လိုပါလိမ့်မည်။ အကျိုးတရား သို့မဟုတ် အကျိုးပေး ဆိုသည် မှာ မည်သည့် နတ်သိကြားမှ ဖန်တီးပေးသည်မဟုတ်၊ မိမိတို့ပြု လိုက်သော အကြောင်းတရားပေါ်မှ ဖြစ်လာသော အသီးအပွင့်သာဖြစ်၏။ ကောင်းသော အကျိုးတရားအတွက် ကောင်းသော အကြောင်း တရားကိုသာ ပြုသင့်ပါသည်။ မကောင်းသောအကြောင်းတရားကို ပြုပြီး မှ ကောင်းသောအကျိုးတရား အတွက် ဘုရားတွင် ဆုတောင်း၍ ပြည့် ၀မည်မဟုတ်ပါ။ ဗုဒ္ဓက “အတ္တာဟိ အတ္တာနော နာထော”” ဟူ၍ မိမိကိုယ် သာကိုးကွယ်ရာဖြစ်ကြောင်း အတိအလင်း ဆုံးမပြီးသား ဖြစ်ပါသည်။ သို့သော်လည်း မြန်မာအများစု တို့သည် အရင်းအမြစ်ကို မလေ့လာဘဲ၊ မပြုပြင်ဘဲ ဒုက္ခရောက်သောအခါမှ ဘုရားတ၊ ဆုတောင်းကြလေ့ရှိပါသည်။ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးကို သာ နှလုံးသွင်းလိုက်နာကြလျှင် လိုချင်၍ပင် “နောင်တ” ကိုရမည် မဟုတ်ပါချေ။ မည်သည့်အရာကိုမျှ ဆုတောင်းရန်လည်း လိုအပ်မည် မဟုတ် ပါချေ။ မိမိတို့ပြုခဲ့သော အကု သိုလ်၏ အကျိုးပေးကိုသာ တစ်ချိန်ချိန်တွင် ပြန် လည်လက်ခံကြရသည့် သဘောကို သိရှိလက်ခံနိုင်ကြပါလျှင် မိမိတို့၏ စိတ်အခံကို ကောင်းစွာ ပြင်ဆင်နိုင်ကြမည်ဖြစ်ပြီး၊ ၀န်းကျင်သည် လည်းကောင်း၊ လောကသည် လည်းကောင်း ပို၍ သာယာလှပလာ လိမ့်မည်ဟု မြင်ပါ၏။
(မှီငြမ်း -ဒဂုန်ဦးစန်းငွေ၏ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ)

နေဇင်လတ်
၂၀-၃-၂၀၁၄ (၁၂၅၁)

Subscribe Us