Friday, September 08, 2017

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ခရီးစဉ်အတွင်း မြန်မာက ဘာတွေရလိုက်သလဲ


အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် မြန်မာသမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ မြန်မာနိုင်ငံသို့ ၃ ရက်ကြာခရီး လာရောက်လည်ပတ်ခဲ့သည်။
စက်တင်ဘာလ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်မိုဒီအား သမ္မတဦးထင်ကျော်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် အခမ်အနားဖြင့် ကြိုဆိုပြီး ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
စက်တင်ဘာ ၆ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်များထဲတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်များအပြင် အိန္ဒိယမှ မြန်မာသို့ အကူအညီများ ဆက်လက်ပံ့ပိုးပေးသွားမည့်အချက်များလည်း ပါဝင်ခဲ့သည်။
ထို့ကြောင့် အိန္ဒိယဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာရရှိခဲ့သည့် အကျိုးရလဒ်များကို အောက်ပါအတိုင်း ပြန်လည်ထုတ်နုတ်တင်ပြလိုက်သည်။






၁။ မြန်မာနိုင်ငံရှိ ဒီမိုကရက်တစ်အဖွဲ့အစည်းများ ခိုင်မာအားကောင်းလာစေရေးအတွက် အိန္ဒိယနိုင်ငံမှ ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မိုဒီက ထပ်လောင်းပြောကြားခဲ့သည်။

၂။ လူ့စွမ်းအားအရည်အသွေးဖွံ့ဖြိုးစေရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများတွင် အိန္ဒိယနိုင်ငံက ပံ့ပိုးကူညီသွားရန် ကတိကဝတ်ပြုမှုကို ထပ်လောင်းပြောကြားသည်။

၃။ အိန္ဒိယအကူအညီဖြင့် ပခုက္ကူနှင့် မြင်းခြံမြို့များတွင် စက်မှုသင်တန်းကျောင်းများ တည်ထောင်စဉ်က ရရှိခဲ့သည့် အတွေ့အကြုံကောင်းများဖြင့် မုံရွာနှင့် သထုံမြို့များတွင် သင်တန်းကျောင်းနှစ်ခု ထပ်မံကူညီတည်ထောင်ပေးမည်။ မြင်းခြံစက်မှုသင်တန်းကျောင်းအတွက် ငါးနှစ် ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်းအား ပံ့ပိုးကူညီပေးမည်။

၎။ မြန်မာနိုင်ငံတွင် သင့်လျော်သည့်နေရာ၌ နက္ခတ်တာရာပြခန်းတစ်ခု တည်ဆောက်ရေးအတွက် ဆက်လက်ဆွေးနွေးရန် နှစ်ဖက်လုံး သဘောတူလက်ခံခဲ့ကြသည်။

၅။ ရခိုင်ဒေသတွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဆက်စပ်လုပ်ငန်းများ၊ စိုက်ပျိုးထုတ်လုပ်မှု၊ လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်မှု၊ တံတားငယ်များ တည်ဆောက်ရေး၊ လမ်းများအဆင့်မြှင့်တင်ရေး၊ ဓာတ်အားပေးစက်ရုံငယ်များ၊ လေ့ကျင့်ရေးသင်တန်းကျောင်းများ၊ အိမ်တွင်းလက်မှုလုပ်ငန်း မြှင်တင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သွားရန် သဘောတူခဲ့သည်။ အိန္ဒိယ၏ အကူအညီပေးလိုမှုကို ကြိုဆိုခဲ့ပြီး လာမည့်လများအတွင်း အကောင်အထည်ဖော်မှုနည်းလမ်းများ ဖော်ထုတ်သွားရန် သဘောတူခဲ့ကြသည်။

၆။ မြန်မာ - အိန္ဒိယ သတင်းအချက်အလက်နှင့် နည်းပညာဗဟိုဌာနနှင့် မြန်မာ - အိန္ဒိယ အိုင်တီ ကျွမ်းကျင်မှုအရည်အသွေးမြှင့်တင်ရေးဗဟိုဌာနတို့တွင် ပံ့ပိုးမှုကာလ သက်တမ်းတိုးခဲ့သည်။ နယူးဒေလီမြို့ရှိ သံတမန်သင်တန်းကျောင်းတွင် မြန်မာသံတမန်များအတွက် ပုံမှန်သင်တန်းများ ကမ်းလှမ်းသွားရန် သဘောတူခဲ့သည်။ မြန်မာနိုင်ငံမှ နိုင်ငံ့ဝန်ထမ်း ၁၅၀ ကို အိန္ဒိယရှိ သင်တန်းကျောင်းများတွင် အင်္ဂလိပ်ဘာသာစကား ငါးနှစ်ထိ နှစ်စဉ်သင်ကြားပေးရန် နှစ်စဉ်မြန်မာသံတမန်နှစ်ဦးအား ဟင်ဒီဘာသာသင်တန်းကျောင်း (Kendriya Hindi Sangsthan) တွင် တက်ရောက်နိုင်ရေး အိန္ဒိယဘက်က ကမ်းလှမ်းမှုအား မြန်မာဘက်မှ ကြိုဆိုခဲ့သည်။

၇။ အိန္ဒိယ၏ နည်းပညာနှင့် ငွေကြေးအကူအညီဖြင့် မြန်မာနိုင်ငံ ရမည်းသင်းရှိ အမျိုးသမီးရဲလေ့ကျင့်ရေးသင်တန်းကျောင်းအား အဆင့်မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုင်နိုင်ခဲ့သည်။ ရန်ကုန်မြို့တွင် ရဲအရာရှိများအတွက် သင်တန်းကျောင်းတစ်ခု ကူညီတည်ထောင်ပေးရန် အိန္ဒိယ၏ ကမ်းလှမ်းမှုကို မြန်မာဘက်က ကြိုဆိုခဲ့ပြီး အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်ကို ပူးတွဲဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။

၈။ နေပြည်တော်တွင် ကမ္ဘာ့အဆင့်မှီ အဆင့်မြင့်ဆေးရုံတစ်ရုံ တည်ဆောက်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုစတင်ရန် နှစ်ဖက်သဘောတူညီခဲ့သည်။

၉။ အိန္ဒိယနိုင်ငံ၏ ထိပ်တန်းရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီများသည် မြန်မာနိုင်ငံ၌ ရုံးခန်းများဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း အိန္ဒိယဘက်က အသိပေးခဲ့သည်။ နယ်စပ်ကုန်းလမ်းကို ဖြတ်ကျော်၍ ဒီဇယ်တင်ပို့ရန် အိန္ဒိယနိုင်ငံ၏ Numligarh ရေနံချက်စက်ရုံနှင့် မြန်မာနိုင်ငံ ပါရမီစွမ်းအင်အုပ်စုတို့ကြား သဘောတူညီချက်အပေါ် ချီးကျူးခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ ပြည်သူများအတွက် ပိုမိုဈေးသက်သာ၍ ယုံကြည်စိတ်ချရသည့် လောင်စာဆီတင်သွင်းနိုင်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် ရေနံထုတ်ကုန်များ လက်လီရောင်းချသည့် ဈေးကွက်နှင့် သိုလှောင်မှု၌ ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခဲ့ကြသည်။

၁၀။ မြန်မာနိုင်ငံမှ သမာရိုးကျနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အခြေခံလျှပ်စစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် အသေးစိတ်ထောက်ပံ့မှုနှင့် နည်းပညာအကူအညီပံ့ပိုးရန် အိန္ဒိယနိုင်ငံမှ အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

၁၁။ နယ်စပ်ကုန်သွယ်ရေကော်မတီနှင့် နယ်စပ်ဈေးကော်မတီအစည်းအဝေးများ ဆက်လက်ကျင်းပရန် သဘောတူညီခဲ့ကြသည်။

၁၂။ မြန်မာနိုင်ငံမှ တင်သွင်းကုန်များအပေါ် (ပဲမျိုးစုံကုန်သွယ်မှုအပါအဝင်) ကန့်သတ်မှုများ ရုပ်သိမ်းပေးရန် အိန္ဒိယဝန်ကြီးချုပ်အား တောင်းဆိုခဲ့မှုကို အနာဂတ်တွင် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်မည့် ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ရန် အရေးကြီးကြောင်း ပြန်လည်ပြောကြားခဲ့သည်။

၁၃။ မြန်မာနိုင်ငံမန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံအင်ဖာမြို့များအကြား ပူးတွဲဘက်စ်ကားလိုင်းပြေးဆွဲရေး သဘောတူညီချက်ကို အမြန်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးရန် သဘောတူညီခဲ့သည်။

၁၄။ အိန္ဒိယ၏ ငွေကြေးနှင့်နည်းပညာအထောက်အပံ့ဖြင့် ပခုက္ကူလေဆိပ် (သို့မဟုတ်) ကလေးလေဆိပ်အား အဆင့်မြှင့်တင်ရန် အသေးစိတ်စီမံကိန်းအစီရင်ခံစာကို မြန်မာနိုင်ငံလေကြောင်းညွှန်ကြားမှုဦစီးဌာနနှင့် နီးကပ်စွားပူးပေါင်းဆောင်ရွက်၍ အိန္ဒိယလေဆိပ်အာဏာပိုင်များမှ ပြုစုရန် သဘောတူညီခဲ့သည်။

၁၅။ အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI) က တာဝန်ယူလုပ်ကိုင်နေသည့် ဂယာရှိ မင်းတုန်းမင်းနှင့် ဘကြီးတော် ကျောက်စာများကို ပြုပြင်မွမ်းမံထိန်းသိမ်းရေးကိစ္စမှာ တိုးတက်မှုရှိနေကာ ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု အိန္ဒိယဘက်က အသိပေးခဲ့သည်။

၁၆။ မြန်မာနိုင်ငံသားများအတွက် e-visa မှလွဲ၍ ကျန်ဗီဇာအမျိုးအစားအားလုံးကို ဗီဇာကြေးကင်းလွတ်ခွင့်ပေးရန် အိန္ဒိယအစိုးရ ဆုံးဖြတ်ခဲ့သည်။

၁၇။ အိန္ဒိယတွင် အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသား (၄၀) ဦးကို အထူးအစီအစဉ်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ဆုံးဖြတ်ခဲ့သည်။

စီးပွားရှင်
Photo : Myanmar State Counsellor Office

Subscribe Us