Friday, June 30, 2023

ကျေးဇူးပြု၍ မိနစ်နှစ်ဆယ်အချိန်ပေးပါ

တစ်ခါတုန်းက ဂေါတမလို့အမည်ရတဲ့ မထေရ်တစ်ပါး  ရှိခဲ့ဖူးပါတယ်၊ ဂေါတမမထေရ်ဟာ ပုဏ္ဏားမျိုးနွယ်စုကနေ မွေးဖွားလာသူပါ။ သမိုင်းကြောင်းအရဆိုရင် ရာဇဂြိုဟ်ပြည်မှာ ပုဏ္ဏားဇနီးမောင်နှံနှစ်ယောက်က တစ်နေ့တော့ သားလေး တစ်ယောက် မွေးဖွားပါတယ်။ ကလေးရဲ့အမည်ကို ''ဂေါတမ''လို့ အမည်ပေးလိုက်ကြပါတယ်။ ပုဏ္ဏားမျိုးရိုးမှာဖြစ်လို့ ပုဏ္ဏားတွေရဲ့ကျင့်စဉ်အတိုင်း ကျင့်ရပါတယ်။ 

 ခုနစ်နှစ်အရွယ်ရောက်လာတော့ ပုဏ္ဏားတို့ လျှောက်လှမ်းတဲ့ကျင့်စဉ်အတိုင်း ရွှေငွေအလှူခံ လှည့်လည်ပါတယ်။ လှည့်လည်ရင်းနဲ့ အသပြာတစ်ထောင် ရလာပါတယ်။ ရလာတဲ့အသပြာတစ်ထောင်ကို တစ်နေရာမှာ အပ်နှံထားလိုက်ပါ တယ်။ 

ဒီလိုနဲ့ ပုဏ္ဏားကျင့်စဉ်လည်းကျင့်၊ ရွှေငွေလည်း လှည့်လည်အလှူခံရင်း တစ်ဆယ့်ခြောက်နှစ်သား ရောက်လာတော့ မကောင်းတဲ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကာမဂုဏ်စိတ်တွေက ရုပ်ကောနာမ်ကော တစ်ကိုယ်လုံး ဖြစ်လာပါတယ်။ ကာမဂုဏ်စိတ်တွေ နှိပ်စက်နေလို့ ပြည့်တန်ဆာမတစ်ယောက်ရဲ့အိမ်ကို သွားပါတယ်။ ရထားတဲ့ အသပြာတစ်ထောင်ကိုပေးပြီး တစ်ညတာ နေလိုက်ပါတယ်။ သူကျင့်နေတဲ့ အကျင့်မြတ်ဆိုတာလည်း ပျက်သွားပါတယ်။ ပြည့်တန်ဆာမကလည်း ဂေါတမပုဏ္ဏာလေးရဲ့ပုံစံကို ကြည့်ပြီး ''ကာမဂုဏ်မှာ အစိမ်းသက်သက်ပဲ''ဆိုတာ အတွေ့အကြုံအရ သိရလို့ သိပ်ပြီး စိတ်မပါတဲ့ပုံစံကို ပြပါတယ်။ 



ဂေါတမသတို့သားလည်း ပြည့်တန်ဆာမက ပြုံးပြုံးရွှင်ရွှင်မရှိတာနဲ့ တစ်ညအလွန်မှာပဲ ငြီးငွေ့တဲ့စိတ်တွေ ဖြစ် သွားပါတယ်။ ပြီးတော့ ''ငါ ကျင့်နေတဲ့အကျင့်မြတ်လည်း ပျက်ရသေး၊ ပိုက်ဆံလည်း ကုန်ရသေး၊ ငါမသင့်တာ လုပ်မိပြီ'' ဆိုပြီး စိတ်ဆင်းရဲသွားပါတယ်။

ဂေါတမသတို့သားရဲ့စိတ်ဖြစ်နေပုံကို မြတ်စွာဘုရားရှင်က အဝေးက သိတော်မူပါတယ်။ အတိတ်ပါရမီတွေက လည်း ပြည့်စုံနေတာဖြစ်လို့ ဂေါတမသတို့သားရှိရာကို ကြွသွားပြီး ကိုယ်ထင်ပြပါတယ်။ 

ဂေါတမသတိုးသားက ဂေါတမဘုရားရှင်ကို ဖူးတွေ့လိုက်ရတော့ စိတ်ဆင်းရဲနေရာကနေ ကြည်လင်တဲ့စိတ်တွေ ပြန်ဖြစ်သွားပါတယ်။ ဒီတော့ မြတ်စွာဘုရားက ဂေါတမသတို့သားကို တရားဟောပြပေးပါတယ်။ တရားဟောကြားလိုက် တော့ သဒ္ဓါတရားတွေ ဖြစ်ပြီး ရှင်ပြုပေးဖို့ ခွင့်တောင်းပါတယ်။ အသက်မပြည့်သေးလို့ ရဟန်းတော့ ပြုလို့မရသေးပါဘူး။ 

ရှင်ပြုဖို့ ဆံချတဲ့အခါ ကမ္မဋ္ဌာန်းပွားများရင်း၊ ဆံချလို့ပြီးတာနဲ့ အရဟတ္တဖိုလ် ရသွားပါတော့တယ်။ 

(ဂေါတမထေရဝတ္ထု၊ ထေရအဋ္ဌကထာ ပထမတွဲ၊ စာမျက်နှာ ၃၂၄ )။

မထေရ်ရဲ့ နာမည်လေးက စာရေးသူတို့ မြတ်စွာဘုရားရဲ့နာမည်နဲ့ တူနေတာလေးရယ်၊ တရားရတာကလည်း တခြားနေရာမှာမဟုတ်ဘဲ ပြည့်တန်ဆာမအိမ်ထဲမှာပဲ သံဝေဂဖြစ်ပြီး တရားရသွားတာလေးရယ်က စိတ်ဝင်စားစရာလေးပါ။ တိုက်တိုက်ဆိုင်ဆိုင် မြတ်စွာဘုရားနဲ့ နာမည်တူနေတာလေးကိုက စာရေးဖို့ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ 

သံဝေဂဖြစ်လိုက်တဲ့ အရွယ်လေးရယ်၊ ဖြစ်တဲ့နေရာရယ်၊ တရားရလိုက်တဲ့အရွယ်ရယ်က စိတ်ဝင်စားဖို့နဲ့ အားကျဖို့ သိပ်ကောင်းတာပါ။ ဆယ်ကျော်သက် ဆယ့်ခြောက်နှစ်ဆိုတော့ အတော့်ကို ငယ်ပါသေးတယ်။ လူ့ဘဝမှာ ပျော်လို့ပါးလို့ အကောင်းဆုံးအရွယ်လေးပါ။ လူငယ်အားလျှော်စွာ ပျော်လိုက်တာပါပဲ။ ဒါပေမဲ့ အပျော်ရဲ့အဆုံးသတ်က သူများနဲ့မတူပါဘူး။ မကောင်းတဲ့အိမ်ကို သွားမိပေမယ့်၊ အဲဒီအိမ်မှာပဲ သံဝေဂဖြစ်ပြီး တရားရသွားတာပါ။ ပြည့်တန်ဆာမအိမ်သွားတဲ့ သူတိုင်းတော့ တရားရကြတာ မဟုတ်ပါဘူး။ ကလပ်တွေ၊ ကာရာအိုကေဆိုင်တွေတော့ ဝါသနာအားလျှော်စွာ သွားနေကြ တာပါပဲ။ ဒါပေမဲ့ တရားရသွားတယ်လို့တော့ မကြားမိသေးပါဘူး။ ရှိချင်တော့ ရှိနိုင်ပါတယ်။ တကယ်တော့ အတိတ် အတိတ်က ဖြည့်ကျင့်ခဲ့တဲ့ပါရမီတွေက အဓိကကျပါတယ်။ တရားရဖို့ ပါရမီပါလာတဲ့သူကတော့ ဘယ်နေရာမှာပဲဖြစ်နေ ဖြစ်နေ သူ့အတွက်တော့ အောင်မြေပါပဲ။ ဂေါတမသတို့သားလေးကတော့ ပြည့်တန်ဆာမအိမ်ဟာ သူ့အတွက် အောင်မြေ ဖြစ်သွားခဲ့ပါတယ်။

ဂေါတမမထေရ်လောင်းဟာ ဝိပဿီမြတ်စွာဘုရားကို ကိုယ်တိုင်ဖူးတွေ့ခဲ့ရပြီး ကြည်ညိုတဲ့ စိတ်အပြည့်နဲ့ ''အာမောဒ''ဆိုတဲ့ သစ်သီးလှူဒါန်းခဲ့ပါတယ်။ အဲဒီကုသိုလ်ကံကြောင့် သေလွန်တဲ့အခါ နတ်ပြည်မှာ ဖြစ်ရပါတယ်။ နတ်ပြည်က စုတေတော့ ကောင်းမြတ်တဲ့ ဘုံဘဝတွေမှာပဲဖြစ်ပြီး ကောင်းမြတ်တဲ့ပါရမီကုသိုလ်တွေကို ဘဝဆက်တိုင်း ဖြည့်ခဲ့ပါတယ်။ 

အဲဒီအတိတ်အတိတ်ပါရမီကုသိုလ်တွေကြောင့်ပဲ ပြည့်တန်ဆာမအိမ်ထဲမှာပဲ သံဝေဂဖြစ်ပြီး တရား ရသွား တာပါ။ ပါရမီမပါခဲ့ရင်တော့ သံဝေဂဖြစ်စရာလည်း အကြောင်းမရှိသလို တရားရစရာလည်း အကြောင်းမရှိပါဘူး။ 

ဒီတော့ ရောက်တဲ့ဘဝ၊ ရောက်တဲ့နေရာမှာ ပါရမီတွေတော့ ဖြည့်ကြရမှာပါ။ ပန်းတစ်ပွင့်ပဲလှူလှူ၊ ရေတစ်ခွက်ပဲ ကပ်ကပ်၊ တံမြက်စည်းတစ်ချက်ပဲလှဲလှဲ၊ ကော်ဖီတစ်ခွက်ပဲတိုက်တိုက်၊ လမ်းပျောက်နေတဲ့သူကို လက်ညှိုးတစ်ချောင်းပဲ ညွှန်ညွှန်၊ တွေ့တဲ့သူကို အပြုံးတချက်ပဲ ပြုံးပြုံး၊ အရာအားလုံးဟာ ပါရမီဖြည့်နေတာပါပဲ။ ရောက်နေတဲ့ဝန်းကျင်တစ်ခုမှာ ဝန်းကျင်ရဲ့ စိတ်ချမ်းသာစရာလေးတွေကို ပါရမီတစ်ခုအနေနဲ့ ဖြည့်နေကြရမှာပါ။ 

အမေရိကားမှာ ခရီးဝေးသွားပြီဆိုရင် လမ်းတစ်လျှောက်မှာ  ဆိုတာတွေ ရှိပါတယ်၊ အနားယူတဲ့နေရာလို့ ပြန်ရမယ်ထင်ပါတယ်။ တစ်ဧက တစ်ဧကခွဲလောက် ကျယ်ပါတယ်။ မြက်ခင်းတွေလည်း စိမ်းနေအောင် စိုက်ပေးထားပါ တယ်။ အဲဒီမှာ အမျိုးသမီးတွေအတွက် အိမ်သာ ခြောက်လုံး၊ အမျိုးသားတွေအတွက် အိမ်သာခြောက်လုံးဆိုပြီး စီစဉ်ပေး ထားပါတယ်။ အိမ်သာတွေကလည်းပဲ သန့်ရှင်းနေတာပါပဲ။ အိမ်သာတက်တဲ့သူတွေ သန့်စင်ခန်းကိစ္စပြီးတဲ့အခါ ခဏတဖြုတ်ထိုင်ရအောင် ပါလာတဲ့ စားစရာသောက်စရာတွေ ထိုင်စားလို့ရအောင်ဆိုပြီး ထိုင်ခုံစားပွဲတွေလည်း ပူးတွဲ လုပ်ပေးထားပါတယ်။

တစ်ခါတလေများ အိမ်သာလာတက်တဲ့လူတွေကို အဲဒီဒေသမှာ ရှိတဲ့လူတွေက ကွတ်ကီးမုန့်သုံးလေးမျိုးနဲ့ ကော်ဖီ တောင် တိုက်လိုက်ပါသေးတယ်။ အိမ်သာလာတက်တဲ့သူတွေကို ကော်ဖီနဲ့မုန့်တိုက်တယ်ဆိုတော့ ဗုဒ္ဓဘာသာ ရဟန်း တစ်ပါးအနေနဲ့ ဘယ်လိုသုံးသပ်ရမှန်းတောင် မသိတော့ပါဘူး။သူတို့ဟာ ဗုဒ္ဓဘာသာတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အပြုအမူတွေဟာ ဗုဒ္ဓဘာသာဆန်နေပါတယ်။ ပါရမီသဘောတွေကို မသိပေမယ့် သူတို့လုပ်တဲ့အလုပ်တွေက ပါရမီတွေဖြစ်နေတော့တာပါ။ 

ဒီလိုကုသိုလ်ကောင်းမှုတွေ ကြောင့်ပဲ အကျိုးပေးမှုတွေက ပေးချင်တိုင်းပေးနေသလား မပြောတတ်ပါဘူး။ သေလွန်တဲ့အခါမှာလည်း ကောင်းမြတ်တဲ့ ဘုံဘဝတွေကို ရောက်ကြရဦးမှာပါ။ 

 ခရီးသွားတဲ့အခါ အိမ်သာတက်ချင်တဲ့ဒုက္ခဟာ ခရီးသွားသူတိုင်းမှာ ရှိပါတယ်။ သန့်သန့်ရှင်းရှင်း ကျယ်ကျယ် ဝန်းဝန်း ပတ်ဝန်းကျင် ပသာဒအလှတွေနဲ့ တက်လိုက်ရတော့ အိုဘားမားကို ကျေးဇူးမတင်ဘဲကို မနေနိုင်တော့ပါဘူး။  ဒါမျိုးလေးတွေ 

မြန်မာပြည်ခရီးလမ်းတစ်လျှောက်မှာ ထားပေးနိုင်ကြရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးကို သူတို့အိမ်သာတွေ တက်တိုင်း တွေးမိပါတယ်။ 

 ပါရမီတွေကတော့ ကိုယ်နိုင်သလောက်လေး ဖြည့်ကြရမှာပဲ၊ ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ပန်းတိုင်ဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန်ရဖို့အတွက် အထူးသဖြင့် ဝိပဿနာတရားကို အားထုတ်ကြရမှာပါ။ အလုပ်ကတော့ ဘယ်သူမှ မအားကြပါဘူး။ မအားတဲ့ကြားထဲက အနည်းဆုံး တစ်နေ့ကို မိနစ်နှစ်ဆယ်လောက်တော့ အချိန်ယူအားထုတ်ကြရမှာပါ။ 

မိနစ်နှစ်ဆယ်ကတော့ ကိုယ်နဲ့အဆင်ပြေတဲ့အချိန်ကို ယူရမှာပါ။ မနက်အိပ်ရာထ အားထုတ်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ မနက်စောစောဆိုတော့ ဘာအာရုံမှ မတွေ့ရသေးတဲ့အတွက် စိတ်က ကြည်နေတာ များပါတယ်။ စိတ်ကြည်နေတော့ တရားမှတ်ရတာ ပိုလို့ကောင်းပါတယ်။ 

 ဒီတော့ တရားကို ဘယ်အချိန်စမှတ်မလဲဆိုရင် တရားမှတ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်က စမှတ်လိုက်ပါ။ 

ဥပမာ- မနက်ပိုင်း ကိုယ်လက်သန့်စင်ပြီး တရားမှတ်မယ်လို့ စိတ်ညွတ်လိုက်တာနဲ့ လှမ်းတဲ့ခြေလှမ်းကစပြီး မှတ်လိုက်ပါတော့။ မှတ်တော့မယ်ဆိုရင်  စိတ်ကို ခြေထောက်ကိုပို့လိုက်ပါ။ မျက်လုံးကို လေးထောင့်ပဲကြည့်ပါ။ ခြေလှမ်း စလှမ်းတာနဲ့မှတ်ပါတော့။ ''ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်'' ''ကြွတယ်၊ ချတယ်'' ''ကြွတယ်၊ လှမ်းတယ်၊ ချတယ်'' စသည်ဖြင့် ကိုယ်နှစ်သက်ရာ စင်္ကြံမှတ်တစ်ခုခုနဲ့ စမှတ်သွားပါ။ ခြေထောက်ပုံသဏ္ဌာန်ဒြပ်တွေကိုတော့ ခွာနိုင်သမျှ ခွာပြီး ခြေထောက်ရွေ့သွားတဲ့သဘောလေးကိုပဲ သတိကပ်ပြီး မှတ်ပါ။ ခြေထောက်ပုံသဏ္ဌာန်ဒြပ်တွေက ပညတ်တွေပါ။ ဝိပဿနာရှုဖို့ရာ မဟုတ်ပါဘူး။ ရွေ့ရွေ့ ရွေ့ရွေ့သွားတဲ့ သဘောလေးကိုပဲ သတိထားမှတ်ရမှာပါ။ 

ဘုရားခန်းထဲရောက်လို့ တရားထိုင်ရမည့်နေရာရောက်လို့ တရားထိုင်ရတော့မယ်ဆိုရင် ရပ်နေတာလေးကိုပဲ ''ရပ်တယ် ရပ်တယ်''လို့ အချက်နှစ်ဆယ် သုံးဆယ်လောက် မှတ်လိုက်ပါဦး။ ''ရပ်တယ်၊ ရပ်တယ်''လို့ မှတ်တဲ့နေရာမှာ ခေါင်းကနေ ခြေဖျားအထိ တောင့်တင်းနေတဲ့သဘောကို သတိကပ်ရပါမယ်။ ထိုင်ရတော့မယ်ဆိုရင်လည်း ချက်ချင်း မထိုင် လိုက်ပါနဲ့ဦး။ ထိုင်ချင်တဲ့စိတ်ကလေးကို အရင်အာရုံပြုလိုက်ပါဦး။ ထိုင်ချင်တဲ့စိတ်ကလေးက ထင်ရှားနေတတ်ပါတယ်။ အဲဒီထိုင်ချင်စိတ်ကလေးကို အာရုံပြုပြီး ''ထိုင်ချင်တယ်၊ ထိုင်ချင်တယ်'' ဆိုပြီး ထိုင်ချင်စိတ်ကလေးကို သတိကပ်ပြီး မှတ်ပါ။ ထိုင်ချင်တဲ့စိတ်မရှိဘဲ ထိုင်လို့မရပါဘူး။ 

 ထိုင်ပြီဆိုမှ ထိုင်ချင်တဲ့စိတ်ကြောင့်ဖြစ်တဲ့လေတွေက တွန်းချလိုက်တဲ့အတွက် အောက်ကို လေးလေးကျသွားတဲ့ သဘောလေးကိုပဲ သိနိုင်သမျှသိအောင် သတိကပ်ပြီး ''ထိုင်တယ်ထိုင်တယ်''လို့ ရှုမှတ်ရပါတယ်။ ထိုင်တယ်၊ ထိုင်တယ်လို့ ရှုမှတ်တဲ့ နေရာမှာလည်း ခေါင်း၊ ကိုယ်၊ ခြေ၊ လက် ပုံသဏ္ဌာန်ဒြပ်တွေကိုတော့ ခွာနိုင်သမျှ ခွာရပါတယ်။ တရွေ့ရွေ့နဲ့ လေးလေးကျ သွားတဲ့သဘောလေးကိုပဲ သတိကပ်ပြီး မှတ်ရပါတယ်။ မျက်လုံးလေးမှိတ်ပြီးမှတ်ရင် ပိုပြီး မှတ်လို့ ကောင်းပါတယ်။

 လက်ထောက်တော့ ''လက်ထောက်တယ်'' အားယူတော့ ''အားယူတယ်'' တင်ပါးနဲ့ကြမ်းပြင်နဲ့ထိတော့ ''ထိတယ်'' ဆိုပြီး မှတ်ရပါတယ်။ 

 ဦးချရတော့မယ်ဆိုရင်လည်း ချက်ချင်း မချပါနဲ့ဦး၊ ဦးချချင်စိတ်ကလေးကို အရင်အာရုံပြုလိုက်ပါဦး။ ဦးချချင် စိတ်ကလေးကို အာရုံပြုပြီး ''ဦးချချင်တယ်၊ ဦးချချင်တယ်''လို့ မှတ်ရပါတယ်။ ပြီးမှ ဦးချချင်တဲ့စိတ်ကြောင့်ဖြစ်တဲ့လေတွေက တွန်းချလိုက်လို့ အောက်ကိုလေးလေးကျသွားတာ၊ ညွတ်ညွတ်ကျသွားတာကိုပဲ ''ဦးချတယ်၊ ဦးချတယ်''လို့ မှတ်ရပါတယ်။ တရွေ့ရွေ့နဲ့ လေးလေးကျသွားတဲ့သဘောလေးကို သိရတာ ပရမတ်ပါပဲ။

 နဖူးနဲ့ကြမ်းပြင်နဲ့ ထိတော့ ''ထိတယ်''၊ ဘုရားအာရုံပြုပြီးလို့ ထူချင်တော့ ''ထူချင်တယ်''။ ထူတော့ ''ထူတယ်''လို့ မှတ်ရပါတယ်။

 ''ထူတယ်၊ ထူတယ်''လို့ မှတ်တဲ့နေရာမှာ ထူချင်တဲ့စိတ်ကြောင့်လေတွေက တွန်းတင်လိုက်တဲ့အတွက် တရွေ့ရွေ့နဲ့ ပေါ့ပေါ့တက်သွားတာကိုပဲ သိနိုင်သမျှ သိအောင် စူးစိုက်မှတ်ရပါတယ်။ လက်ကလေးနဲ့ နဖူးနဲ့ထိတော့ ထိတယ်။ လက်ပြန်ချတော့ ''ချတယ် ချတယ်''  တင်ပလ္လင်ခွေဖို့ရာ ခြေထောက်ကွေးတော့ ''ကွေးတယ် ကွေးတယ်''။ ထိုင်ဖို့လက်ကလေး ကို ရင်ခွင်ထဲယူတော့ ''ယူတယ် ယူတယ်'' လက်ချင်းထပ်တော့ ''ထပ်တယ် ထပ်တယ်''၊ လက်ချင်းထိတော့ ''ထိတယ်၊ ထိတယ်'' စသည်ဖြင့် မှတ်ရပါတယ်။

 ကိုယ်ထိုင်ချင်တဲ့ပုံစံအတိုင်း ရပြီဆိုရင်တော့ ကိုယ်အားထုတ်နေကျ ကမ္မဋ္ဌာန်းအတိုင်း ဝင်လေထွက်လေပဲဖြစ်ဖြစ်၊ ဖောင်းတယ် ပိန်တယ်ပဲဖြစ်ဖြစ် စမှတ်ရုံပါပဲ။ 

အချိန်စေ့လို့ ထရတော့မယ်ဆိုရင်လည်း ချက်ချင်း မထပါနဲ့ဦး၊ ထချင်တဲ့စိတ်ကလေးကို အရင်မှတ်လိုက်ပါဦး။ ''ထချင်တယ်၊ ထချင်တယ်'' ပြီးမှ ထချင်တဲ့စိတ်ကြောင့်လေတွေက တွန်းတင်လိုက်တဲ့အတွက် တရွေ့ရွေ့နဲ့ ပေါ့ပေါ့ တက်သွားတဲ့ သဘောလေးကိုပဲ ''ထတယ် ထတယ်'' လို့ စူးစိုက်မှတ်ရပါတယ်။  မတ်တပ်ရပ်တော့ ''ရပ်တယ် ရပ်တယ်'' မှတ်ရပါတယ်။ အဲဒီကျမှ တရားဖြုတ်ချင်လည်း ဖြုတ်ပါ။ ဒါမှမဟုတ် မိမိစလာခဲ့တဲ့နေရာအထိ ''ဘယ်လှမ်းတယ်၊ ညာလှမ်း တယ်'' စသည်ဖြင့် မှတ်သွားပြီး နေရာရောက်မှ တရားဖြုတ်ရုံပါပဲ။

 ဒီနေရာမှာ ထိုင်တာနဲ့ထတာလေးကို အထူးသတိထားမှတ်ရပါတယ်။ တိတိကျကျ ခွဲရင်တော့ ထိုင်ချင်တာရယ်၊ ထိုင်တာရယ်၊ ထချင်တာရယ်၊ ထတာရယ်ပါ။ ထိုင်ချင်တယ်၊ ထိုင်တယ်၊ ထချင်တယ်၊ ထတယ်၊ ဒီလေးချက်ကို မဖြစ်မနေ မှတ်ရပါတယ်။ ဒီလေးချက်ကို သေချာ သတိကပ်မှတ်ရင် ဥာဏ်စဉ်သဘောလေးတွေ သိရတတ်တာ များပါတယ်။

 ထိုင်ချင်တာက နာမ်၊ ထိုင်တာက ရုပ်ပါ။ ဒါဆို နာမ်နဲ့ ရုပ်ကို ပိုင်းခြားပြီး သိသွားပါတယ်။ နာမ် ရုပ်ကို ပိုင်းခြားသိတာဟာ နာမရူပပရိစ္ဆေဒဥာဏ်ပါ။

 ''ထိုင်ချင်တဲ့စိတ်က ရှေ့က ပေါ်ပေါ်ပေးနေလို့ မှတ်သိစိတ်က နောက်ကလိုက်လိုက် မှတ်နေရတယ်။ ထိုင်ချင်တဲ့ စိတ်က အကြောင်း၊ တရားမှတ်သိစိတ်က အကျိုးတရား''ဆိုပြီး အကြောင်းနဲ့အကျိုးကိုလည်း ခွဲခြားသိသွားပါတယ်။ အကြောင်းနဲ့အကျိုးကို ခွဲခြားသိသွားတာဟာ ပစ္စယပရိဂ္ဂဟဥာဏ်ပါ။

 ချင်စိတ်ကလေးကို သတိထားမှတ်လိုက်တဲ့ယောဂီဟာ ဥာဏ်စဉ်နှစ်ခုတော့ ရသွားကြတာ များပါတယ်။ ဒါကြောင့် ထိုင်တာ ထတာ မှတ်တဲ့နေရာမှာ ချင်စိတ်ကလေးပါ တွဲမှတ်တတ်တာလေးကို အထူးလေ့ကျင့်ထားရပါမယ်။ ထိုင်တယ်၊ ထတယ်မှတ်တဲ့နေရာမှာလည်း မျက်လုံးလေးမှိတ်ပြီးမှတ်ရင် ပိုကောင်းပါတယ်။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးကတော့ ခါးနာနေတဲ့ လူမမာလို မှတ်ရမယ်လို့ မိန့်ထားပါတယ်။ ခါးနာနေတော့ ဘယ်အလုပ်ပဲလုပ်လုပ် ကိုယ့်ခါးလေးကို ပိုနာသွားမှာစိုးလို့ ဖြည်းဖြည်းပဲ လုပ်လေ့ရှိပါတယ်။

 ထိုင်တယ်၊ ထိုင်တယ်လို့ မှတ်တဲ့နေရာမှာ သေချာသတိထားမှတ်ရင် လေးလေးကျသွားတာလေးကို တွေ့ရပါ တယ်။ လေးလေးကျသွားတာလေးကို တွေ့ရတာဟာ ပထဝီဓာတ်နဲ့ အာပေါဓာတ်ကို တွေ့လိုက်ရတာပါပဲ၊ ပထဝီဓာတ်က အမာဓာတ်၊ မြေဓာတ်၊ အလေးဓာတ်။ အာပေါဓာတ်က ရေဓာတ်၊ အလေးဓာတ်၊ ဓာတ်ကြီးနှစ်ပါးကို တွေ့လိုက်ရတာပါပဲ။ 

 ''ပနှင့်အာမှာ ဓာတ်နှစ်ဖြာ၊ လေးတာ ထင်ရှားသည်'' ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက်လည်း ရပါတယ်။ ပ,က ပထဝီဓာတ်၊ အာ,က အာပေါဓာတ်ပါ။

 ဒီလိုပါပဲ ထတယ်၊ ထတယ်လို့ မှတ်တဲ့နေရာမှာလည်း သေချာသတိထားမှတ်လိုက်ရင်၊ ပေါ့ပေါ့တက်သွားတာ လေးကို တွေ့လိုက်ရပါတယ်။ ပေါ့ပေါ့တက်သွားတာလေးကို တွေ့လိုက်ရတာဟာ တေဇောဓာတ်နဲ့ ဝါယောဓာတ်ကို တွေ့လိုက်ရတာပါ။ 

 တေဇောဆိုတာ အခိုးဓာတ်၊ အငွေ့ဓာတ်၊ အပေါ့ဓာတ်၊ ဝါယောဆိုတာ လေဓာတ်၊ အပေါ့ဓာတ်၊ ဓာတ်ကြီးနှစ် ပါးကို တွေ့လိုက်ရတာပါပဲ။

 ''တေနှင့် ဝါမှာ ဓာတ်နှစ်ဖြာ၊ ပေါ့တာထင်ရှားသည်''ဆိုတဲ့ လင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါ။ တေ,က တေဇောဓာတ်ပါ၊ ဝါ,က ဝါယောဓာတ်ပါ။

 အရပ်ထဲမှာ ပြောပြောနေကြတဲ့ ဓာတ်ကြီးလေးပါး၊ စာထဲမှာ တွေ့တွေ့နေရတဲ့ ဓာတ်ကြီးလေးပါးကို ဝိပဿနာတရား ရှုမှတ်ပွားများလိုက်တဲ့အခါ ကိုယ်တိုင်လက်တွေ့ တွေ့လိုက်ရတာပါပဲ။

 တရားမှတ်လို့ ရုပ် နာမ်ကွဲသွားတယ်၊ အကြောင်း အကျိုးသိသွားတယ်၊ ဓာတ်ကြီးလေးပါးကို သိလိုက်ရတယ် ဆိုရင် တရားအားထုတ်လိုက်ရတာ ကိုယ့်ကိုယ်ကို ကျေနပ်သွားတော့တာပါပဲ။ 

 ဒါကြောင့် တရားမှတ်တဲ့နေရာမှာ ထိုင်ခါမှ စမှတ်တာထက် တရားထိုင်ဖို့ ခြေလှမ်းစလှမ်းတဲ့အချိန်က စမှတ်တာ တော့ အကောင်းဆုံးပါပဲ။ ဒါဆို တရားမှတ်ချက်ရေလည်း ပိုများသွားပါတယ်။ စင်္ကြံမှတ်ချက်တွေကော၊ ချင်စိတ်မှတ်ချက် တွေကော တွက်လိုက်ရင် ပုံမှန်ထက် ပိုများနေပါတယ်။ တင်ပလ္လင်ခွေထိုင်ခါမှ၊ ကြုံ့ကြုံ့ကလေး ထိုင်ခါမှစမှတ်ရင် တရားမှတ်ချက်ရေ နည်းနေပါလိမ့်မယ်။ 

 တစ်နေ့မိနစ်နှစ်ဆယ်ဆိုတာ ဘယ်လောက်မှ မများပါဘူး။ ဒါပေမယ့် ရရှိလိုက်တဲ့ကျေနပ်မှုကတော့ ဘာနဲ့မှ ယှဉ်လို့မရပါဘူး။ အစမှာသာ ခက်ချင်ခက်နေမှာပါ။ အလေ့အကျင့်ရသွားလို့ စွဲသွားပြီဆိုရင်တော့ ပုံမှန်အလုပ်တစ်ခုလို ဖြစ်သွားပါလိမ့်မယ်။ 

 ဘဝမှာ ကိုယ့်ဇနီးအတွက်လည်း အချိန်တွေ ကျေနပ်လောက်အောင် ပေးခဲ့ပြီးပြီ၊ ကိုယ့်ခင်ပွန်းအတွက်လည်း အချိန်တွေ ကျေနပ်လောက်အောင် ပေးခဲ့ပြီးပြီ၊ ကိုယ့်သားသမီး၊ ကိုယ့်မိသားစုအတွက်လည်း ကျေနပ်လောက်အောင် ပေးခဲ့ပြီးပြီ၊ ကျန်ရှိနေတဲ့ သက်တမ်းလေးမှာ ကိုယ့်အတွက် မိနစ်နှစ်ဆယ်လောက်လေးတော့ အချိန်ပေးသင့်ပါတယ်။ သေဖို့ကလည်း တစ်နှစ်နဲ့တစ်နှစ်၊ တစ်လနဲ့တစ်လ၊ တစ်ရက်နဲ့တစ်ရက် တဖြည်းဖြည်း နီးနီိးလာပါပြီ။

 ဘာပဲဖြစ်ဖြစ်လေ.... ကျေးဇူးပြုပြီး မိနစ်နှစ်ဆယ်လောက်တော့ အချိန်ပေးလိုက်ပါ။ အဲဒီ မိနစ်နှစ်ဆယ်ဟာ သံသရာအတွက် ပါရမီကောင်းတွေဖြစ်သွားမှာတော့ အမှန်ပါပဲလေ......။

                                                                                       ရဝေနွယ်(အင်းမ)

ကျမ်းကိုး

 သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏ ဣနြေ္ဒထက်ကြောင်း(၉)ပါး

News Watch ဂျ ာနယ် ၃၀-၁၂-၂ဝ၁၄

Credit

Subscribe Us