Wednesday, December 20, 2023

ဝေဒနာနုပဿနာစစ်တမ်း



ဝေဒနာကို ဝိပဿနာရှုမယ့် ယောဂီတွေအတွက် ပထမ ဝေဒနာသုံးမျိုးရှိတယ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာဆိုပြီးတော့ပေါ့။ ဒါအကြမ်းစားအဖြစ်နော်။ နောက် သုခမှာ သောမနဿဝေဒနာ၊ ဒုက္ခမှာ ဒေါမနဿဝေဒနာဆိုပြီး နှစ်မျိုးစီခွဲလိုက်ရင်တော့ ဝေဒနာငါးမျိုးဖြစ်တယ်။ 

စေတသိကသုခဝေဒနာကို သောမနဿဝေဒနာလို့ သုံးတယ်၊ ကာယိကသုခကိုတော့ သုခဝေဒနာလို့သုံးတယ်။ စေတသိကဒုက္ခကို ဒေါမနဿဝေဒနာလို့ သုံးတယ်၊ ကာယိကဒုက္ခကြတော့ ဒုက္ခဝေဒနာလို့ သုံးတယ်။

အခုသုံးမျိုးအနေနဲ့ ပြောကြရအောင်နော်၊ အဲ့ဒီဝေဒနာသုံးမျိုးမှာ သတ္တဝါတွေသည် နေ့စဉ်ဘာနဲ့အနေများလဲ?၊ လယ်တီဆရာတော်ဘုရားကတော့ ဥပေက္ခာနဲ့ အနေများတယ်လို့ သတ်မှတ်ချက်ရှိတယ်။ ဒီတော့ သတ္တဝါတွေမှာ တစ်နေ့တာ အများဆုံးဖြစ်နေတာကတော့ ဥပေက္ခာဝေဒနာဖြစ်ပါတယ်။

ဒီဥပေက္ခာဝေဒနာကို ဆန်းစစ်ကြည့်ရင် တစ်နေ့တစ်နေ့မှာ ဝမ်းသာနေတဲ့ အချိန်ဘယ်လောက်ရှိလဲ၊ ဝမ်းနည်းပြီး ထိုင်ငိုကြွေးနေရတဲ့ အချိန်ဘယ်လောက်များသလဲ၊ ဝမ်းနည်းတယ်လည်းမဟုတ်ဘူး ဝမ်းသာတယ်လည်းမဟုတ်ဘူး အလယ်အလတ်မှာ နေနေတဲ့ အချိန်က ဘယ်လောက်ရှိသလဲ နှိုင်းစာကြည့်ပေါ့ ၊(၂၄)နာရီလောက် နှိုင်းစာပြီး ကြည့်လိုက်မယ်ဆိုရင်တော့ လယ်တီဆရာတော်ဘုရားရဲ့ မိန့်ကြားချက်ဟာ ခန့်မှန်းလို့ ရနိုင်ပါတယ်။

တစ်နေ့တာ အများဆုံးဖြစ်နေတဲ့ ဥပေက္ခာကြတော့ ဝေဒနာမှန်း မသိကြဘူး။ တစ်နေ့တာ ခရီးနဲ့ အနည်းအကျဉ်းလောက် ဖြစ်တဲ့ ဒုက္ခဝေဒနာကိုပဲ သိနေမယ်ဆိုရင် ဒီဝေဒနာရှုကွက် လုံလောက်ပါ့မလား?၊ မလုံလောက်ဘူးနော်။

ဒီဝေဒနာကို ရှုတဲ့အပိုင်းမှာ ခေတ်ကဘာပြောသလဲ?၊ ဝေဒနာကို ကုန်အောင်ရှုရတယ်တဲ့။ အချို့ကလည်း ဘာပြောသလဲ ❝ ဝေဒနာတွေကုန်သွားပြီ ဝေဒနာတွေ ချုပ်သွားပြီ၊ ဝေဒနာတွေ မရှိတော့ဘူး ❞ တဲ့။ မပြောကြဘူးလား။ ကဲကောင်းပြီ••• ဝေဒနာချုပ်လို့ရှိရင် အသိစိတ်ကော ရှိနေပါသေးသလားလို့ သူတို့ကို မေးကြည့်တော့ ❝ အသိစိတ်ကတော့ ရှိတယ်၊ ဝေဒနာကတော့ မရှိတော့ဘူး ချုပ်သွားပြီ ❞ တဲ့၊ ဒီတော့ ဗုဒ္ဓအဘိဓမ္မာမှာ အဲ့ဒီနည်းစနစ်မျိုး ရှိ မရှိ ဆန်းစစ်ရမယ်နော်။

ဗုဒ္ဓအဘိဓမ္မာမှာ ဝေဒနာသည် သဗ္ဗစိတ္တသာဓာရဏစေတသိက်လို့ ခေါ်တယ်။ သူက စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ဝေဒနာအမြဲပါတယ်၊ ထိုဝေဒနာသည် သုခဖြစ်ချင် ဖြစ်မယ်၊ ထိုဝေဒနာသည် ဒုက္ခဖြစ်ချင်လည်းဖြစ်မယ်။ ထိုဝေဒနာသည် ဥပေက္ခာဖြစ်ချင်လည်း ဖြစ်မယ်။ အမျိုးတော့ ကွဲချင်ကွဲမယ်။ စိတ်တိုင်း စိတ်တိုင်း ဖြစ်နေမယ်ဆိုရင် စိတ်တိုင်းစိတ်တိုင်း ဝေဒနာအမြဲဖြစ်နေမယ်၊ ဝေဒနာမပါစိတ် တစ်ခုမှ မရှိဘူး။ 

ဒီနေ့ခေတ်က ပြောနေတာ အသိစိတ်တော့ ရှိတယ်၊ ဝေဒနာကတော့ မရှိတော့ဘူးတဲ့။ ဘယ်ဟာကမှန်လဲ?၊ ဘုရားဟောတာပဲမှားသလား ဒီနေ့ခေတ်ကပဲ မှန်သလား။ ဒီနေ့ခေတ်ကပဲ မှားသလား ဘုရားဟောကပဲ မှန်သလား။ ဒါဆန်းစစ်ရမယ့်အပိုင်းဖြစ်နေတယ်နော်။ ဝေဒနာချုပ်ပြီးတော့ အသိစိတ်မချုပ်တဲ့ဟာက ဘုန်းကြီးတို့ သာသနာတော်မှာ မရှိပါဘူး။ ဝေဒနာချုပ်ရင် အသိစိတ်လည်းချုပ်တယ်။ ဝေဒနာချုပ်တာ ဘယ်သမာပတ်ရှိလဲ၊ နိရောဓသမာပတ်တစ်ခုဘဲ ရှိတယ်နော်။ နိရောဓသမာပတ်က ဘယ်လို ပုဂ္ဂိုလ်မျိုးတွေ ဝင်စားနိုင်သလဲ၊ အနာဂါမ်နဲ့ ရဟန္တာ နော်။ ဘယ်လို အနာဂါမ်နဲ့ ရဟန္တာလည်းဆိုတော့ စျာန်သမာပတ်ရှစ်ပါးကို ရရှိထားတဲ့ သူတော်ကောင်းတွေဖြစ်တယ်။ 

ဒီတော့ မိမိက ဘာသမာပတ်မှလည်းမရဘူး၊ အနာဂါမ်နဲ့ ရဟန္တာလည်းမဟုတ်ဘူး၊ ဝေဒနာတွေက ချုပ်ကုန်ပြီဆိုတော့ သမာပတ်ရှစ်ပါးကို ရထားတဲ့ အနာဂါမ်၊ ရဟန္တာတွေနဲ့ အတူတူပါပဲဆိုပြီး ပုခုံးခြင်းယှဉ်လိုက်တာနဲ့ တူမနေဘူးလား။ ဒါသတိထားပြောရမယ့် စကားနော်။ သူများချုပ်တာနဲ့ ကိုယ်ကပါလိုက်ချုပ်နေမယ်ဆို ကိုယ်ဟာဘယ်အဆင့် ရောက်နေပြီလဲ၊ အဲ့ဒီ ပုံစံမျိုးကတော့ သာသနာတော်မှာ မရှိသင့်ပါဘူး။

အသိစိတ်တော့ ရှိနေတယ် ဝေဒနာချုပ်တယ်ဆိုတာ သာသနာတော်မှာ မရှိပါဘူး၊ မရှိတာကို တစ်ဖက်က ဘာပြန်ပြောသလဲ၊ ❝ သူတို့တကယ်လက်တွေ့ အားထုတ်ဖူးတာမှ မဟုတ်ဘဲ ❞ တဲ့။ ဒါနဲ့ပြန်ချေတယ်။ ဒီတော့ ဒီစကားကို ဘုန်းကြီးတို့ဘက်က ပြန်ချေရမယ်၊ ❝ ဒီလိုဆိုရင် ဘုရားရှင်ကလည်း တကယ်လက်တွေ့ အားမထုတ်ဖူးလို့လား ❞ လို့ ပြန်မေးရပါမယ့် ပုံစံဖြစ်မနေဘူးလား?၊ စကားနော်၊ သာသနာတော်မှာ အတော်လေး အလေးနက်ထားပြီး စဉ်းစားရမယ့်စကားပါ။ 

ဝေဒနာသဘောကို ပုံစံမှန် မသိတော့ ကြည့်ပေါ့ ခေတ်အနေနဲ့ ပြောတာပါ ဘုန်းကြီး ဘယ်ပုဂ္ဂိုလ်ဆိုပြီး ပုဂ္ဂိုလ်ရေးဆိုလိုနေခြင်း မဟုတ်ပါဘူးနော်။ ဓမ္မအဓိဋ္ဌာန်အရသာ ပြောတာပါ။ နာတယ် နာတယ်လို့သာရှုနေတယ် အဲ့ဒီနာတာလေး ပျောက်သွားတဲ့အခါမှာတော့ သူက ဝေဒနာကုန်ပြီလို့ ပြောနေတာနော်။ အသိစိတ်ရှိပါလျှက် ဝေဒနာကုန်ပြီလို့ သူကဘာကြောင့် ပြောတာလည်းဆိုတော့ သူနားလည်နေတဲ့ ဝေဒနာက ဒုက္ခဝေဒနာတစ်ခုပဲ၊ ဒုက္ခဝေဒနာရဲ့ နောက်ဆွယ်မှာ ဖြစ်ပေါ်လာတဲ့ ဥပေက္ခာဝေဒနာကြတော့ သူက ဝေဒနာမှန်းမသိဘူး။ 

အဲ့ဒီဟာကို အဝိဇ္ဇာလို့ ပြောတာပါပဲ။ ဝိဇ္ဇာဆိုတာ ရုပ်နာမ်ပရမတ်ဓမ္မကို ဟုတ်တိုင်းမှန်စွာသိတာကို ခေါ်တော့ ဥပေက္ခာကို ဝေဒနာမှန်းမသိတော့ သူ့သန္တာန်မှာ အဝိဇ္ဇာနုသယဓာတ်လေး ကိန်းနေပါတယ်၊ ဒီဒုက္ခဝေဒနာလေး ချုပ်ငြိမ်းသွားရင် နောက်ထပ် ဆက်ဖြစ်လာမယ့် ဝေဒနာကို သူနားမလည်တော့ဘူးနော်။

ဒီတော့ ဒုက္ခဝေဒနာချုပ်ပြီး နောက်မှာ ဆက်ဖြစ်ပေါ်လာမယ့် ဥပေက္ခာ သို့မဟုတ် သုခဝေဒနာကို မသိဘူးဆိုရင် ထိုသုခဝေဒနာရဲ့နောက်ကွယ်မှာ ရာဂါနုသယ ကိန်းဝပ်နေပါတယ်။

ဥပေက္ခဝေဒနာရဲ့နောက်မှာ အဝိဇ္ဇာနုသယက ကိန်းဝပ်နေတော့ အဲ့ဒီအနုသယဓာတ်တွေကို ဘယ်လိုလို့ ပါယ်နှုတ်မလဲဆိုတော့ နှုတ်လို့ မရတော့ဘူး။ မသိလို့ နှုတ်မရတာနော််။ နှုတ်ရမယ့် နည်းစနစ်တွေက ရှိနေပါတယ်။

နောက်ကွယ်က သုခဝေဒနာဦးဆောင်နေတဲ့ နာမ်တရားတွေနဲ့ မှီရာဝတ္ထုရုပ်တွေကို လက္ခဏာရေးသုံးတန်တင်ပြီးတော့ ရှုရမယ်။

ရှုလိုက်တော့ ဒီသုခဝေဒနာရဲ့ ကိန်းဝပ်ရာဖြစ်တဲ့ ဒီရုပ်နာမ်ဓမ္မသင်္ခါရ တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မြင်တွေ့လိုက်ပါမှ ရာဂါနုသယကို ပါယ်နှုတ်ပြီး ဖြစ်သွားတယ်။

ဒုက္ခဝေဒနာရဲ့ နောက်ကွယ်က ကိန်းဝပ်နေတဲ့ ပဋိဃာနုသယကို ပါယ်နှုတ်ချင်တယ်ဆိုရင်တော့ ဒုက္ခဝေဒနာဦးဆောင်နေတဲ့ သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာ ရှုပွါးရပါမယ်။ ဥပေက္ခာဝေဒနာလည်း ထိုနည်း၄င်းပါပဲ နော်။

အဲ့ဒီလို ရှုပွါးမှသာလျှင် ဒီအနုသယဓာတ်တွေကို ချုပ်ငြိမ်းလို့ရမယ်၊ ဖြိုခွင်းလို့ ရပါမယ်။ အဲ့ဒါ နာတာလေးပျောက်သွားတဲ့ အခါမှာ ဝေဒနာကုန်ပြီလို့ ပြောနေတာကို စစ်တမ်းထုတ်ပြနေတာပါ။ ကမ္မဋ္ဌာန်းကျောင်းထဲဝင်လျှင် ဝင်ခြင်းကနေ အသက်ထက်ဆုံး နာတယ် နာတယ်လို့ ထိုင်ရှုနေရုံနဲ့ ကိစ္စမပြီး နိုင်ဘူးနော်။

🖋️ ဖားအောက်တောရဆရာတော်

Subscribe Us