Friday, July 06, 2018

တရားဝင်နည်းလမ်းဖြစ် သည့် MoU စနစ်ဖြင့်သာ ထိုင်း နိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ကြရန်လိုအပ်



ဘန်ကောက်  ၊  ဇူလိုင်  ၆ |အလုပ်သမားဟစ်တိုင်

                          ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံအစိုးရမှ  ဇူလိုင်  ၁ ရက် မှစတင်၍  ဖမ်းဆီးလျှက်ရှိရာ ယခုအခါ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ
 အနေဖြင့် နေရပ်သို့ပြန်ကြရန်အတွက် မြန်မာသံရုံးအလုပ်သမားသံအရာရှိထံလာရောက်အကူအညီတောင်းခံလျှက်ရှိကြောင်းသိရပြီး ယနေ့ တွင် မြန်မာအလုပ်သမား ၈ ဦးအား အလုပ်သမားသံအရာရှိရုံးမှကယ်ဆယ်ထားရှိ ကြောင်းသိရသည်။

                ထိုသို့လာရောက်အကူညီတောင်းခံကြသည့် အလုပ်သမားများမှာ  ပွဲစား (Broker) များမှတဆင့်ထိုင်းနိုင်ငံသို့ တရားမ၀င်နည်းလမ်းများဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်ကြသည့်အလုပ်သမားများဖြစ်ပြီးပွဲစားခ တစ်ဦးလျှင်မြန်မာငွေကျပ်ခုနှစ်သိန်းခန့်ပေးကြရကြောင်းသိရ
သည်။



                       “တာချီလိတ်မြို့ကပွဲစားတစ်ဦးနဲ့တွေ့တယ်၊  ထိုင်းမှာအလုပ်သွားလုပ်ဖို့အတွက် PV အလည်စာအုပ်နဲ့သုံးလဗီဇာလုပ်ပေးပြီး ပထုန်ဌာနီမြို့ က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို
ပို့ဆောင်ပေးခဲ့ ပါတယ်၊ အခုထိုင်းနိုင်ငံမှာ ဖမ်းဆီးစစ်ဆေးမှုတွေစတင်တော့ အလုပ်ရှင်ကလည်းမောင်းထုတ်လိုက်တဲ့ အတွက်ဒီနေ့ ဘဲအလုပ်သမားသံအရာရှိရုံးကိုရောက်လာပြီးဒီမှာလာရောက်ခိုလှုံနေရတာပါ'' ဟုမြန်မာအလုပ်သမား ကိုထွန်းဟန်ကပြောသည်။

                         ထို့အတူ တရားမ၀င်နည်းလမ်းဖြင့် ဘုရားသုံးဆူနယ်စပ်မှတဆင့် ထိုင်းနိုင်ငံ၊ ကန်ချနပူရီမြို့ရှိနာနတ်သီးစက်ရုံသို့ရောက်ရှိလာသော အထောက်အထားမဲ့အလုပ်သမားတစ်ဦးဖြစ်သည့်  ကိုမိုးဇွန်ကကလည်း “ ဘတ်ငွေတစ်သောင်းသုံးထောင် ပွဲစားကိုပေးခဲ့ရပြီး၊နာနတ်သီးစက်ရုံကိုဇွန် ၁၁ ရက်ကရောက်လာပါတယ်၊အဖမ်းအဆီးတွေဖြစ်နေတော့ စက်ရုံမှာနေထိုင်အလုပ်လုပ်ကိုင်ဖို့ အဆင်မပြေတဲ့ အ
တွက်ကြောင့်  ဘန်ကောက်မြို့ မှာရှိတဲ့အသိတစ်ယောက်ကလည်းလာခဲ့ပါဆိုလို့ သွားတာ လမ်းမှာထိုင်းရဲအဖမ်းခံရပြီး အခက်အခဲတွေဖြစ်လို့ အခုအလုပ်သမားသံအရာရှိရုံးကိုလာရောက်အကူညီတောင်းခံတာပါ”ဟုဆိုလေသည်။

                      ယခုနှစ် ဧပြီ ၂၈  ရက်ကလည်း ထိုင်းနိုင်ငံ၊  ဘန်ကောက်မြို့၊စမွတ်ဆာခွန်ခရိုင် ၊မဟာချိုင်နယ်မြေရှိ ဝေလရပ်ကွက် ၊၁ဝ လမ်းမှ လူကုန်ကူးခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား
၁၄ ဦးအားနယ်မြေခံအလုပ်သမားအဖွဲ့အစည်းဖြစ်သည့် MWRN အဖွဲ့ မှ ချိတ်ဆက်၍ကယ်ထုတ်ဆောင်ရွက်နိုင်ခဲ့မှုများရှိခဲ့ကြောင်းမြို့တော် ဘန်ကောက်ရှိအလုပ်သမားသံအရာရှိရုံးမှသိရသည်။

                       “ ဒီနေ့ ကျွန်တော်တို့ထံဆက်သွယ်အကူညီတောင်းခံလာတဲ့ အလုပ်သမား ၈ ဦးကို နေရပ်ပြန်ပို့ဖို့စီစဉ်ဆောင်ရွက်လျက်ရှိသလို၊ အလုပ်သမားတွေအနေနဲ့ MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့
ပြန်လည်ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ (MOEAF) အဖွဲ့နှင့်အတူပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်၊မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပမှာ အလုပ်လုပ်ချင်တယ်ဆို ရင်မိမိတို့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့ အလုပ်သမားဌာနတွေမှာသွားရောက်စုံစမ်းမေးမြန်းပြီးမှလာကြစေချင်ပါတယ်''ဟု
အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။

                        ထိုင်းနိုင်ငံသို့လာရောက်အလုပ်လုပ်ကိုင်လိုကြသည့် မြန်မာအလုပ်သမားများအနေဖြင့် ပွဲစား (Broker)၏စကားကိုယုံကြည်ကြ ပြီး တရားမဝင်နည်းလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်ကိုင်ကြပါက အလုပ် သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ အဓမ္မလုပ်အားခိုင်းစေခံရခြင်း၊လူကုန်ကူးခံရခြင်း တို့ကို မလွဲမသွေတွေ့ကြုံရမည် ဖြစ်၍ တရားဝင်နည်းလမ်းဖြစ် သည့်
MoU စနစ်ဖြင့်သာ ထိုင်း နိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ကြရန်လိုအပ်ကြောင်း အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးက ဆက်လက်ပြောကြားသည်။

Subscribe Us