Wednesday, July 04, 2018

တရားမဝင် မြန်မာလုပ်သား ၁၇၀၀ ကျော်ကို နေရပ်ပြန်ပို့



■ ထိုင်းအစိုးရရဲ့ စီမံချက်အရ ၃ ရက် အတွင်း ဖမ်းမိတဲ့ တရားမဝင် မြန်မာအလုပ်သမား ၁၇၀၀ ကျော် ရှိတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်နေထိုင်သူတွေရော၊ တရားဝင်သွားရောက်ပြီးမှ နေထိုင်ခွင့်သက်တမ်း မတိုးတာကြောင့် ရက်လွန်သွားတဲ့ အလုပ်သမားတွေလည်း ပါဝင်တယ်လို့ မြဝတီမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လှိုင် က ပြောပါတယ်။

"အဓိကကတော့ တဘက်နိုင်ငံမှာ လုပ်ကိုင်နေတဲ့ ရွာတွေ မြို့တွေကနေ သွားလုပ်နေတဲ့ အမျိုးတွေဆီကပေါ့ဗျာ။ အမျိုးတွေကနေ ချိတ်ဆက်ပြီးတော့ တရားမဝင်လမ်းကြောင်းကနေ သွားတဲ့သူတွေလည်း ရှိတာပေါ့နော်။ MOU နဲ့သွားတဲ့သူ တချို့တွေက စာအုပ်သက်တမ်း မတိုးတာတို့ ၊ နေထိုင်ခွင့်မတိုးတာတို့ စာရွက်စာတမ်း အထောက်အထား မတိုးမိတာနဲ့ သူက တရားမဝင်ဖြစ်သွားတာကိုး။ အဲ့လိုအနေထားမျိုးလည်း ရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ အထောက်အထားမဲ့ အလုပ်သမားနဲ့ တရားမဝင်သွားတဲ့ အလုပ်သမားဖြစ်သွားကြတာပါ"



ဇူလိုင် ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ဖမ်းမိတဲ့ မြန်မာလုပ်သား ၁၇၀၀ ကျော်ကို ထိုင်းအစိုးရက မြန်မာဘက်ကို ပြန်လွဲှပေးနေတယ်လို့ ဆိုပါတယ်။

တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ဇူလိုင် ၁ ရက်နေ့ကနေ စပြီး ဖမ်းဆီးနေတာဖြစ်ပါတယ်။

ဇူလိုင် ၁ ရက်မှာ ၇၀၀ ကျော်၊ ဇူလိုင် ၂ ရက်မှာ ၅၀၀ ကျော်နဲ့ ဇူလိုင် ၃ ရက်မှာတော့ ၅၀၀ လောက်ကို မြဝတီမြို့နယ် အလုပ်သမားလက်ခံရေးစခန်းကို ထိုင်းဘက်က လွှဲပြောင်းပေးတယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံကို ပြန်လွှဲပြောင်းပေးဖို့ နှစ်နိုင်ငံ အစိုးရတွေက သဘောတူထားတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လကစပြီး ဒီနှစ် ဇူလိုင်လဆန်းအထိဆိုရင် ပြန်ပို့ခံရတဲ့ မြန်မာလုပ်သား ၉ သောင်း နီးပါး ရှိနေပြီလို့ ဦးတင်လှိုင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

Subscribe Us