Tuesday, August 01, 2017

ထိုင်းနိုင်ငံတစ်ခွင်၌ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးရေးစင်တာများတိုးချဲ့ဖွင့်လှစ်မည်


မဟာချိုင်  -ဇူလိုင်  ၃၀

              ထိုင်းနိုင်ငံတစ်ခွင်၌အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမားများအဆင်ပြေလွယ်ကူချောမွေ့ စေရန် အတွက် “မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်'' CIထုတ်ပေးရေးစင်တာများကိုတိုးချဲ့ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းထိုင်းနိုင်ငံ၊မြို့ တော်ဗန်ကောက်ရှိမြန်မာသံရုံးမှယနေ့ သတင်းထုတ်ပြန်ချက် အရသိရသည်။

                  ယခုအခါ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အထောက်အထားမဲ့ မြန်မာအလုပ်သမားများနှင့် ယခင် အထောက်အထားရှိပြီး အကြောင်းအမျိုးမျိုးကြောင့် အထောက်အထားမဲ့ဖြစ်ခဲ့ကြရသော မြန်မာ အလုပ်သမားများ CI စာအုပ် အချိန်မီထုတ်ပေးနိုင်ရေးအတွက်  “မည်သူမည်ဝါဖြစ်ကြောင်း သက်သေ ခံလက်မှတ်'' CI  ထုတ်ပေးရေးစင်တာများကိုတိုးချဲ့ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအများစုနေထိုင်ရာနေရာဖြစ်သော  ထိုင်းနိုင်ငံ တောင်ပိုင်းရှိ စွန်ခလာ၊ ထိုင်းနိုင်ငံ
မြောက်ပိုင်းရှိ ချင်းမိုင်နှင့် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ နကော့စ၀မ် စသည့် ဒေသများတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။




                         မြန်မာအလုပ်သမားများကို CI ထုတ်ပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က “အခုဆိုရင် အထောက်အထားမဲ့မြန်မာအလုပ်သမားတွေကို အထောက်အထားထုတ်ပေးနိုင်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အလုပ်သမားစိစစ်ရေးဌာန (၉၉)ခုဖွင့်လှစ်ပြီးတော့ ဇူလိုင် ၂၄ရက်ကနေ သြဂုတ် ၈ ရက်အထိ ရက်ပေါင်း ၁၅ ရက်အတွင်း အထောက်အထားမရှိအလုပ်သမားတွေကို စာရင်းကောက်ယူမှုတွေ လုပ်
ဆောင်ပေးနေပါတယ်၊ အဲ့ဒီလို စာရင်းကောက်ယူမှုတွေလုပ်ဆောင်ပြီးတာနဲ့ အလုပ်သမားတွေကို မည် သူမည်ဝါဖြစ်ကြောင်းသက်သေခံ လက်မှတ် CI ထုတ်ပေးဖို့ကို ကျွန်တော်တို့ အနေနဲ့ ဆက် လက် လုပ်ဆောင်သွားမှာပါ” ဟုပြောကြားသည်။

                 ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် ယာယီနေထိုင်အလုပ်လုပ် ကိုင်ခွင့် လက်မှတ်(TR-38)ကိုင်ဆောင်သောအလုပ်သမားများအားပြီးခဲ့ သည့်  မတ် ၃ ရက် မှ စတင်၍ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)စာအုပ်များကို ထိုင်းနိုင်ငံအတွင်းရှိ နေရာ ၆ ခု ၌  CI ထုတ်ပေးရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။  CI စာအုပ်ပြုလုပ်ရန် အတွက် ပတ်စပို့ စာအုပ်ဖိုး ငွေဘတ် ၃၀၀ကို မိမိတို့နယ်မြေတွင်ရှိသော 7eleven စတိုးဆိုင်များတွင် သွားရောက် ကာ ပေးသွင်း ရမည် ဖြစ်ကြောင်း၊ ငွေသွင်းပြီးပါက ငွေသွင်းပြေစာကို ယူကာ CI ထုတ်ပေးရေး စင်တာများ တွင်လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။



                     CI စာအုပ် ထုတ်ယူသူများအတွက် ကျန်းမာရေး စစ်ဆေးမှု၊ဗီဇာ၊ ဝပ်ပါမစ်ပြုလုပ်မှုများကို တစ်နေရာတည်း One Stop Service ဖြင့် လုပ်ဆောင်နိုင်ရန်ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ၊ ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီဌာနတို့ မှ   CI ထုတ်ပေးရေး စင်တာများတွင် လာမည့်     သြဂုတ်  ၁၈ ရက်မှ စတင်၍  တစ်ပြိုင်တည်းရုံးထိုင်ကာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က ရှင်းပြသည်။

                ထိုင်းနိုင်ငံတခွင် ၌    ပြီးခဲ့ သည့်  မတ် ၃  ရက် မှ ဇူလိုင် ၂၉ ရက် ထိ  မည်သူမည် ၀ါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)စာအုပ်လာရောက်ပြုလုပ်သည့် မြန်မာအလုပ်သမားစုစုပေါင်း ၂၆၀၀၀ (နှစ်သိန်း ခြောက်သောင်း)ခန့် ရှိပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံ၊မြို့ တော်ဗန်ကောက် ရှိမြန်မာ သံရုံးမှယနေ့ သတင်းထုတ်ပြန်ချက်အရသိရသည်။

Subscribe Us